ရန်ကုန်မြို့တော်ဝန် မအူကုန်း ကိုဗစ်-၁၉ သံသယရှိလူနာများ ထားရှိရေးစင်တာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဇူလိုင်    ၂၀


ရန်ကုန်မြို့တော်     စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်   ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန် ရှိသူများသည်  ယနေ့နံနက် ၈  နာရီတွင်  မင်္ဂလာတောင်ညွန့် မြို့နယ်   မအူကုန်း   စက်ရုံလမ်းရှိ   ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝန်ထမ်း        သင်တန်းကျောင်းဝင်းသို့ ရောက်ရှိပြီး မအူကုန်း ကိုဗစ်-၁၉  သံသယရှိလူနာများ ထားရှိရေး စင်တာ၌ လူနာများထားရှိရန် အသင့်အနေအထား  ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။


မအူကုန်း   ကိုဗစ်-၁၉   သံသယရှိလူနာများ   ထားရှိရေး စင်တာတွင်   အဆောင်လေးဆောင်ပါဝင်၍   သံသယရှိလူနာ ၁၀၀ ထားရှိနိုင်ရေးခင်းကျင်းထားပြီး  လူနာများ  အောက်ဆီဂျင် လိုအပ်ချက်အတွက်   ၁၀   လီတာ  အိမ်သုံးအောက်ဆီဂျင်စက် အလုံး  ၂၀ ကို အဆင်သင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


 ထို့နောက်   မြို့တော်ဝန်နှင့်အဖွဲ့သည်   စင်တာအတွင်း ဆောင်ရွက်ထားသည့်ရေချိုးခန်း၊ အိမ်သာများ၊  ကုသရေးအဖွဲ့ များနှင့် လုပ်အားပေးအဖွဲ့များ  ထားရှိရန်နေရာများ၊  လူနာ  မှတ်ပုံတင်ခန်း၊ ဆရာဝန်ဆောင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပတ်ဝန်းကျင်အား ထိခိုက်သက်ရောက်မှုနှင့်  ကူးစက်ပျံ့နှံ့မှု မရှိစေရေး   စီစဉ်ထားမှုတို့ကို   လိုက်လံကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


အဆိုပါစင်တာကို ယနေ့  ညနေပိုင်းမှ  စတင်ဖွင့်လှစ် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်