
ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးတွင် ရေထွက်ကုန်စည်ဒိုင်နှစ်ခု ဖြစ်သော ရွှေပိတောက်ငါးဈေးနှင့် စံပြငါးဈေးတို့မှ ပြည်သူတို့စားသုံးနိုင်ရန် နိုင်ငံတစ်ဝန်းသို့ ရေထွက် ကုန်ပစ္စည်းများ နေ့စဉ်စီးဆင်းလျက်ရှိရာ အရောင်း အဝယ် စည်ကားလျက်ရှိကြောင်း သိရသည်။
စံပြငါးဈေးထက် ရေထွက်ကုန်ဝင်ရောက်မှုများ သော ရွှေပိတောက်ငါးဈေးတွင် နေ့စဉ် ရေချို/ရေငန် ကုန်တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းထိဝင်ရောက် လျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းမျိုးစုံတို့ကို ဘင်္ဂလား ဒေ့ရှ်၊ မူဆယ်၊ မြဝတီ၊ နေပြည်တော်၊ မန္တလေး၊ နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ များသို့ တင်ပို့လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃၆ မြို့နယ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ငါးဈေးကြီးနှစ်ခုတို့ပူးပေါင်းဆောင်ရွက် မှုဖြင့် ဩဂုတ် ၁ ရက်ကစ၍ ရေထွက်ကုန်များကို ရွေ့လျားယာဉ်ဖြင့် ရပ်ကွက်နေပြည်သူများ ဈေးနှုန်း မှန်ကန်စွာနှင့် လတ်ဆတ်စွာစားသုံးနိုင်ရန် ယနေ့ တိုင် ရောင်းချပေးလျက်ရှိသည်။ ပြည်တွင်းထုတ် ကုန်ဖြစ်၍ ကုန်ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ပုံမှန် ဈေးနှုန်းဖြင့်ရောင်း/ဝယ်လျက်ရှိကာ ရေထွက်ကုန် ပစ္စည်းဈေးနှုန်း တည်ငြိမ်လျက် စားသုံးသူ အဆင် ပြေလျက်ရှိသည်။
“အခုလိုကာလမှာ ငါးဈေးကြီး စည်စည်ကား တွေ့ရတာ အားရစရာပါ။ တစ်ချိန်က ခြောက်ကပ်နေ တဲ့ ငါးဈေးကြီးဟာ ဈေးအင်္ဂါရပ်နဲ့အညီ တိုးတက် ပြည့်စုံလာပြီးတော့ ယနေ့မှာ အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ ဌာနဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေ၊ ဈေးသူဈေးသားတွေ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ငါးဈေးကြီး စည်ကား လာတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ရွှေပိတောက်ငါးဈေးသာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျင်စောက ပြောသည်။
၈ ဒသမ ၁၇၈ ဧကအကျယ်ရှိသော ရွှေပိတောက် ငါးဈေးကြီးကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ပထမလှိုင်းတွင် စံပြငါးဈေးအပြင်ဘက်နှင့် ကားလမ်းအနီး၌ ရောင်းချမှုကို ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့် နှစ် ဧပြီလ၌ (၁၁x၁၈)ပေအကျယ်ရှိသော ဆိုင်ခန်း ပေါင်း ၄၄၀ ရှိသည့် ရွှေပိတောက်ငါးဈေးကြီးအတွင်း အရောင်းအဝယ် ပြန်လည်စည်ကားခဲ့သည်။ ထို ငါးဈေးကြီးတွင် ခြောက်ပေပတ်လည် ပျံကျဆိုင်ခန်း ပေါင်း ၁၇၀ တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လက်လီ/လက်ကား ရောင်းဝယ်မှုဖြင့် ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းသို့ ရေထွက်ကုန်စီးဆင်းမှု ပိုမိုသွက်လက်ခဲ့သည်။
နိုင်ငံတော်က ငါးဈေးကြီးအတွင်းရှိ ဈေးသူ ဈေးသားများကို ဩဂုတ်လ ပထမပတ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ဆောင်ရွက်ခဲ့ သည်။ ရွှေပိတောက်ငါးဈေးကြီးတွ င် အလုပ်သမား ၃၅၀၀ ကျော် အလုပ်အကိုင်အခွင့်အလမ်းရရှိလျက် ရှိပြီး မြို့နယ်များတွင် ပြန်လည်ရောင်းချမည့် ကုန်ကြိုသူ ၈၀၀၀ ကျော် နေ့စဉ်ဝင်ရောက်လျက် ရှိသည်။ ကြည့်မြင်တိုင်စံပြငါးဈေးကြီး၌ ရေထွက် ကုန်များ နေ့စဉ် ဖြန့်ဖြူးလျက်ရှိသည့်နည်းတူ ရွှေပိတောက်ငါးဈေးကြီးတွင်လည်း ရေချို/ရေငန် ရေထွက်ကုန်မျိုးစုံ နိုင်ငံတစ်ဝန်းသို့ နေ့စဉ်ပုံမှန် စီးဆင်းလျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး