
နေပြည်တော် ဇူလိုင် ၂၄
ရန်ကုန်မြို့ပေါ်၌ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေး/ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး (Zoom Meeting)ကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန COVID-19 Command Center ၌ ကျင်းပသည်။
အမြန်ဆုံးထိုးနှံပေးနိုင်အောင်
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ရှိဖြစ်ပွားမှု အခြေအနေအရ ကူးစက်မှုနှုန်းမြန်ဆန်ပြီး များပြားသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ပြင် နေအိမ်၌ အိမ်တွင်းကုသမှုခံယူရင်းဖြင့် သက်ကြီး ရွယ်အိုများ၊ ရောဂါအခံရှိသူများကို ကူးစက်နိုင်ခြေမြင့်မားကာ late referral ဖြင့် သေဆုံးမှုများလည်း ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ နိုင်နင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် ဆောင်ရွက်နေကြ သော ကျန်းမာရေးဝန်ထမ်းများအတွက် လစဉ်ထောက်ပံ့ကြေးအဖြစ် ငွေကျပ် ၅၀၀၀၀ ကိုလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်ကာ ထောက်ပံ့ ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သစ်လွင် ဝန်ထမ်းသုံးထောင်ခန့်ကို ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်ဆီဂျင်များရရှိနိုင်ရေး စနစ်တကျစီမံခန့်ခွဲရန်နှင့် လိုအပ်ချက်ကို အနီးစပ်ဆုံး တွက်ချက်ရန်လိုအပ်ပါကြောင်း၊ တစ်နေ့လျှင် အောက်ဆီဂျင် Cylinder အလုံး ၂၀၀ ရရှိမည့် Oxygen Plant ကို ကိုဗစ်-၁၉ ကုသရေး ဌာန(ဖောင်ကြီး)သို့ ထောက်ပံ့ပေးပြီးပါက ပြင်းထန်လူနာများ ပိုမို လက်ခံကုသနိုင်ရေး အဆင်ပြေမည်ဖြစ်ပါကြောင်း။
စီစဉ်ဆောင်ရွက်ထား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဉ်တွင် ရရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် RTPCR စက်နှစ်လုံးကိုလည်း မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တပ်ဆင်၍ အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အောက်ဆီဂျင်ပိုက်လိုင်းများ၏ လုံခြုံ ရေး၊ လူနာတင်ယာဉ်များ၏ကြံ့ခိုင်ရေးကိုလည်း အမြဲစစ်ဆေးသွားရမည်ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်များကိုလည်း ထပ်မံထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း။
ရန်ကုန်မြို့ပေါ်၌ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ရှာဖွေ ရေးဌာန Test Centers များကို သန်လျင်၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တို့၌ ဖွင့်လှစ်မည်ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူကာ သန်လျင်၊ မင်္ဂလာဒုံမြို့နယ်များ၌ တပ်မတော်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Community-based COVID-19 Testing and Care ဌာနများ တိုးချဲ့သည့်အတွက် ဆေးရုံများအနေဖြင့်လည်း အရေးပေါ်လူနာများ ပိုမိုလက်ခံနိုင်ရေး လိုအပ် လာနိုင်ပါကြောင်း၊ လူနာများ များပြားလာသဖြင့် ပုဂ္ဂလိကဆေးရုံများ အားလုံး၌ လူနာများလက်ခံနိုင်ရေးအတွက်လည်း ခွင့်ပြုထားပြီးဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးခြောက်သန်းသည်လည်း ယခုရက်ပိုင်းအတွင်း အသုတ်လိုက်ခွဲ၍ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်သူလူထုကို ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်ရန်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
တင်ပြ
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ ကိုဗစ်-၁၉ ကုသရေးဌာနများမှ တာဝန်ခံ ဆေးရုံအုပ်/ဆေးရုံအုပ်ကြီးများက ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်