
ရန်ကုန် မတ် ၁
ရန်ကုန်မြို့အနီး ကွမ်းခြံကုန်းမြို့နယ်တွင် တည်ရှိကာ ယခုနောက်ပိုင်းကာလများတွင် လူသိများလာသည့် ဆယ်အိမ်တန်းကမ်းခြေသို့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်နှင့် ရက်ရှည်ရုံးပိတ် ရက်များတွင် နေ့ချင်းပြန်ခရီးစဉ်နှင့် ညအိပ် ခရီး လာရောက်လည်ပတ်မှုများပြားလျက်ရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
“ပွင့်လင်းရာသီလည်းဖြစ်တော့ ပုံမှန် ကတော့ လာကြပါတယ်။ ရုံးပိတ်ရက်တွေ ဖြစ်တဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်လို အခါကြီး ရက် ရုံးပိတ်ရက်တွေတော့ ကမ်းခြေမှာ လူတွေ တော်တော်များတယ်။ ရုံးပိတ်ရက်မဟုတ်တဲ့ တနင်္လာ၊ သောကြာလိုနေ့တွေမှာဆိုရင်တော့ ကမ်းခြေမှာ လူများတာမကြိုက်တဲ့သူတွေ၊ မိသားစုတွေပဲ လာကြတာ။ ပိတ်ရက် တွေလာလည်သူတွေများတော့ စားသောက် ဆိုင်တွေ ပိုရောင်းရတာပေါ့။ ကမ်းခြေ ကတော့ လပြည့်၊ လကွယ်လို ရက်တွေဆို ရေပိုများတယ်”ဟု အဆိုပါကမ်းခြေတွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။
ကမ်းခြေသို့လာရောက်လည်ပတ်ကြရာတွင် နေ့ချင်းပြန်ခရီး လာရောက် လည်ပတ်မှုများလည်းရှိသကဲ့သို့ ကမ်းခြေ အနီးရှိ ဘန်ဂလိုများတွင် တည်းခို၍ ညအိပ်ခရီးစဉ် လာရောက်လည်ပတ်မှုများလည်းရှိနေကြောင်း သိရသည်။
“လာရောက် လည်ပတ်ကြတဲ့အခါ နေ့ချင်းပြန်ခရီးအနေနဲ့လည်း လာရောက် လည်ပတ်တာလည်းရှိတယ်။ တချို့ကျ တော့ ကမ်းခြေအနီးက ဘန်ဂလိုမှာ တည်းခိုပြီး အေးအေးဆေးဆေးနဲ့ လာရောက် လည်ပတ်ကြတာမျိုးလည်း ရှိတာပေါ့။ ဘန်ဂလိုဈေးနှုန်းတွေကလည်း သောင်းဂဏန်းလောက်ပဲရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့နှင့် အနီးဆုံးပင်လယ် ကမ်းခြေတစ်ခုဖြစ်သော အများပြည်သူ အပန်းဖြေနိုင်သည့် နေရာတစ်ခုဖြစ်သည့် ဆယ်အိမ်တန်းကျေးရွာရှိ ဆယ်အိမ်တန်း ကမ်းခြေသို့ မော်တော်ကားများ၊ အငှားယာဉ်များ အစရှိသော သယ်ယူ ပို့ဆောင်ရေး ယာဉ်များဖြင့် လာရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရ သည်။
MT