
နေပြည်တော် ဒီဇင်ဘာ ၁၅
KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူအဖွဲ့၏ မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် ရထား သံလမ်းပြတ်တောက် ပျက်စီးသဖြင့် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်တံခါးနှင့် ပိန်းဇလုပ်အကြား ရထားစက်ခေါင်းနှင့်အတူ လူစီး တွဲ သုံးတွဲလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားလမ်း ပိုင်းအား ဒီဇင်ဘာ ၁၃ ရက် နံနက် ၄ နာရီတွင် ခေတ္တ ပိတ်ထားခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန် - မန္တလေး လမ်းပိုင်း အတွင်း ပြေးဆွဲနေသည့် လူစီး အမြန်ရထား လေးစင်း၊ လူစီး ကုန်တင်ရထား နှစ်စင်းနှင့် ကုန် ရထားခြောက်စင်းတို့ ပြေးဆွဲမှု ရပ်နားခဲ့ရပြီး ရထားစီးခရီးသည် များကို မော်တော်ယာဉ်များ စီစဉ် ၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင် ပေးခဲ့ပြီးဖြစ်သည်။
ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးနှင့် ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့ မီးရထားတာဝန်ရှိသူများက စက် ခေါင်းနှင့်တွဲများအား ပြန်လည် မတင်ခြင်း၊ လမ်းပိုင်းပြုပြင်ခြင်း တို့ကို အချိန်နှင့်တစ်ပြေးညီ နေ့ရော ညပါ အစွမ်းကုန်ကြိုးပမ်းဆောင် ရွက်ခဲ့ကြရာ ယနေ့ နံနက် ၁၂ နာရီ မိနစ် ၄၀ တွင် ရထားလမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
လမ်းပိုင်းကြံ့ခိုင်မှုနှင့် လုံခြုံရေး များ စိစစ်ဆောင်ရွက်ပြီးနောက် ယနေ့ ညနေပိုင်းမှစတင်၍ ရန်ကုန် ဘူတာကြီးမှထွက်ခွာမည့် အမှတ် (၃) အဆန်၊ အမှတ်(၅) အဆန်နှင့် မန္တလေးဘူတာကြီးမှထွက်ခွာမည့် အမှတ်(၄)အစုန်၊ အမှတ်(၆) အစုန် လူစီး အမြန်ရထားများအပြင် ရန်ကုန်- မန္တလေးရထားလမ်းပိုင်း အတွင်းရှိ ကုန်ရထားများနှင့် အခြား ရထားခရီးစဉ်များကို ပုံမှန်ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်