
ရန်ကုန် နို၀င်ဘာ ၃၀
မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတား တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်မှုသည် ယခုအခါ ၄၉ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်ကြောင်း တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ကောင်းချိုက ပြောသည်။
“ဒီတံတားစီမံကိန်းက ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်ကိုယ်ထည် ပေါ်မှာ တည်ဆောက်ထားတဲ့ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားတစ်စင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တံတားစီမံကိန်းတစ်ခုလုံးရဲ့ ၄၉ ရာခိုင်နှုန်း လောက် ပြီးစီးနေပြီဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောသည်။ ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေသည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေနှင့် အစိုးရထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းကျော် အကုန်အကျခံပြီး တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ တံတား တည်ဆောက်မှုပြီးသွားပါက ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို အလွယ်တကူ ဆက်သွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ လက်ရှိအနေအထားအရ ဒလဘက်ခြမ်းရှိ PY1 နှင့် ရန်ကုန်ဘက်ခြမ်းရှိ PY2 တို့၏ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ပိုင်တိုင်ထိပ်အုပ် (Pile Cap) လုပ်ငန်းများ အလုံးစုံ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပြီး ဒလ ဘက်ခြမ်းရှိ ပင်မတံတား PY1 အတွက် ရေလယ်တိုင်လုပ်ငန်းဖြစ်သော Shaft တိုင် ဆောင်ရွက်ခြင်း လုပ်ငန်းမှာ တိုင်အောက်ခြေမှ အမြင့် ၂၄ မီတာထိ ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း၊ ဒလဘက်ခြမ်း ချဉ်းကပ်တံတား ရက်မတင်ရန် ၁၄ ခန်းရှိသည့်အနက် ရက်မ တင်ခြင်းလုပ်ငန်း ငါးခန်းဆောင်ရွက်ပြီးစီးသွား ပြီဖြစ်ရာ ရက်မအခန်း ၆ နှင့် ၇ ကို ဒီဇင်ဘာ အတွင်း လွန်းထိုးခြင်းနည်းပညာဖြင့် လွန်းထိုး၍ ဆက်တင်သွားမည်ဖြစ်သော ကြောင့် ၂၀၂၃ ဧပြီလကုန်ပိုင်းတွင် ရက်မ တင်ခြင်းလုပ်ငန်း အလုံးစုံအပါအဝင် ဒလ ဘက်ခြမ်းချဉ်းကပ် တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးရန် လျာထား ကြောင်း သိရသည်။
ရန်ကုန်ဘက်ခြမ်းရှိ ပင်မတံတား PY2 အတွက် ရေလယ်တိုင်လုပ်ငန်းဖြစ်သော Shaft တိုင်ဆောင်ရွက်ခြင်းလုပ်ငန်းမှာ တိုင်အောက် ခြေမှ အမြင့် ရှစ်မီတာအထိ ဆောင်ရွက်ပြီးစီး ပြီဖြစ်ပြီး ဘုန်းကြီးလမ်းတစ်လျှောက်ရှိ ချဉ်းကပ် တံတားအတွက် ရက်မတင်ခြင်းလုပ်ငန်းများမှာလည်း အလုံးစုံဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကာ သံကူကွန်ကရစ် ကြမ်းခင်း ခုနစ်ခန်း သွန်းလောင်းပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်မှုစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလက လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ ၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
အာကာလင်း၊ ဓာတ်ပုံ-တင်စိုး