ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း ရှမ်းရိုးမမွေးမြူရေးဇုန်နှင့် ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံတို့အား ကြည့်ရှုစစ်ဆေး

တောင်ကြီး   သြဂုတ်   ၅


ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်မှူးချုပ် နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့နယ်   အေးသာယာ  ရှမ်းရိုးမမွေးမြူရေးဇုန်နှင့်   ထုံးဖိုရှိ  စိုက်ပျိုးရေး သုတေသနခြံသို့    ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ကြောင်း သိရသည်။


ရှင်းလင်းပြောကြား


ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်      အဖွဲ့အား ရှမ်းပြည်နယ် မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူရေးဇုန်ကို ၂၀၁၀ ပြည့်နှစ်  ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး မွေးမြူသူ တောင်သူ ၈၄ ဦးက ကြက်ခြံအရေအတွက် ၁၈၂ ခြံဖြင့် ဥစားကြက် ၁၀၀၄၈၄၉ ကောင် မွေးမြူ ထားလျက်ရှိပြီး   တစ်ရက်လျှင်  ကြက်ဥ  ပျမ်းမျှ ၆၃၃၁၈၀ ခန့်ထွက်ရှိကာ ဈေးကွက်သို့ ဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊ ရှမ်းရိုးမမွေးမြူရေးဇုန်မှ ထွက်ရှိ သော ကြက်ဥ၊ ကြက်သား(ဥတုန်း)များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  ကယားပြည်နယ်၊    နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊      ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  မွန်ပြည်နယ်တို့သို့ ပေးပို့ လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မွေးမြူထားသော ဥစားကြက်ခြံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။


မွေးမြူထား


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ တောင်သူ များ၏ စိုက်ပျိုးထွက်ရှိလာသော  ပြောင်းစေ့များကို အခြောက်ခံပေးနိုင်ရန် ပြောင်းအခြောက်ခံစက်ရုံနှင့် SKF Swine GGP Farm ၁၃ ဒသမ ၄၆၆ ဧကကျယ်ဝန်း သော ဝက်မျိုးရင်းစစ်မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုသည်။ အဆိုပါ မွေးမြူရေးခြံတွင် GGP ဝက်များ၊ GP ဇီးရှိ ဝက်မနှင့် GP ဝက်မတမ်းများ ခွဲခြားမွေးမြူ ထားလျက်ရှိကြောင်းနှင့် ဝက်ကောင်ရေ စုစုပေါင်း ၄၀၀ မွေးမြူထားကြောင်း သိရသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည်    ထုံးဖို    စိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)