ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ  ၂၆ 


နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ် ဒေသများအပါအဝင်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို   အလေးထား ဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများ   အနေဖြင့် နယ်စပ်ဒေသများမှ    တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများက လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင် ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန် မြို့ ပတ်ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေ ကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၃ ရက် မှ စ၍ ရှောင်တခင်စစ်ဆေးရှာဖွေ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ  နေရာ သုံးနေရာမှ တရားမဝင် ဝင်ရောက် နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး ၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ သဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့        ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့ ပတ်ဝန်း ကျင်မှ  တရားမဝင်   ဝင်ရောက် နေထိုင်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိမှုနှင့်    ပတ်သက်၍ ကျေနပ်မှုမရှိသူများက  အကြမ်း ဖက်အားပေး တရားမဝင်မီဒီယာ များသို့ သတင်းပေးကာ နိုင်ငံတော် အစိုးရနှင့်   တပ်မတော်အပေါ် ပြည်သူများက အထင်အမြင်လွဲမှား စေရန် ရည်ရွယ်ပြီး ဝါဒဖြန့်သတင်း မှားများကို   လူမှုကွန်ရက်တွင် ဖြန့်ဝေနေကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်   နိုင်ငံတစ်ဝန်း အွန်လိုင်းလိမ်လည်မှုများနှင့် အခြား တရားမဝင်လုပ်ငန်း လုပ်ဆောင် သူများ၊ တရားမဝင်   ဝင်ရောက် နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုး ရေးအဖွဲ့များက   စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်းနှင့် အိမ်နီးချင်း နိုင်ငံများနှင့်လည်း    စဉ်ဆက် မပြတ်ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်း    ‌ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်သူများ သိရှိနိုင်ရေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်