
နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးဇုန် နှင့် စားသောက်ကုန်ထုတ်စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကပိုင်းက အားကောင်းသော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာန များက လိုအပ်သော ပံ့ပိုးမှုများ ကူညီဆောင်ရွက် ပေးနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယ ဝန်ကြီး ဦးကိုကိုလွင်နှင့် အမြဲတမ်း အတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ဒေါက်တာချာလီသန်းတို့က အဖွင့်အမှာစကားများ ပြောကြား ကြပြီး ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာ ကြသူများက စီမံကိန်းလုပ်ငန်း ဆိုင်ရာများကို အသေးစိတ်တင်ပြ ဆွေးနွေးကြသည်။
အစည်းအဝေးတွင် စီမံကိန်း မြေနေရာ သတ်မှတ်ဆောင်ရွက် နေမှုနှင့် စီမံကိန်းတွင် ပါဝင်မည့် အဆောက်အအုံဆိုင်ရာများ၊ ဆက် စပ်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ များ၊ သီးနှံများသယ်ယူခြင်း၊ သန့်စင်ထုပ်ပိုးခြင်းနှင့် အအေး ခန်းသိုလှောင်ခြင်း ဆိုင်ရာများ၊ နိုင်ငံတကာ၏ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တန်ဖိုး မြှင့်ထုတ်လုပ်မည့် စက်ရုံလုပ်ငန်း ဆိုင်ရာများ၊ သုတေသနဓာတ်ခွဲ ခန်း ထားရှိဆောင်ရွက်ရန် ကိစ္စ ရပ်များ၊ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်နှင့် ရိတ်သိမ်းပြီး နောက်ပိုင်းကာလ လုပ်ငန်းစဉ်များတွင် စက်ကိရိယာ များ အသုံးပြုနိုင်ရေး၊ သွင်းအားစု များ တစ်နေရာတည်းတွင် ရရှိရေး အတွက် စိုက်ပျိုးရေးအခြေခံ စက်မှုဇုန် လုပ်ငန်းဖော်ထုတ် ဆောင်ရွက်ရေး၊ နည်းပညာ အသိ ပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ဆိုင်ရာများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်