ရှမ်း(မြောက်)ကို လှမ်းပါလို့ ရွှေမန်းဆီသို့ ဝင်ခဲ့သည်

Type
5

 

မြင့်စိုး(နတလ)

သီချင်းလေးတစ်ပုဒ်မှ အစပြု၍
သီချင်းအမည်က  “မြန်မာ့စိတ်ဓာတ်”၊  တေးရေး လက်ရာရှင်က “သင့်ရဲဘော်”၊ တေးရေး သင့်ရဲဘော် သည် အခြားသူမဟုတ်ပါ။  တပ်မတော်သားဘဝက ကျွန်တော်တို့    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နယ်ဘက်ဝန်ထမ်းဘဝတွင် ထပ်မံရေစက် ဆုံခဲ့သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်        စည်ပင်သာယာရေး ဝန်ကြီးဌာန  ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့် ဖြစ်ပါသည်။ သီဆိုခဲ့သည့်တေးသံရှင်က   ရဲဘော် နိုင်ဝင်း၊
á     ဒီမြေဟာ ငါတို့မြေ ….
    မြန်မာဘိုးဘွားတို့မြေ…
    ဒီမြေဟာ ငါတို့မြေ…
    မြန်မာပိုင် ဘိုးဘွားတို့အမွေ …
    မြန်မာ့စိတ်ထားကို ကမ္ဘာသိစေမည်
    မြန်မာ့စိတ်ဓာတ်ကို ကမ္ဘာအနှံ့ပြမည်
    မျိုးချစ်စိတ် အသင့်ရှိသည် …
á     စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ
    သယံဇာတတွေ ပေါတဲ့မြေ…
    တို့ရဲ့လုပ်သလို တိုးတက်မည်…
    တကယ်ကိုလုပ်တော့ အဟုတ်ဖြစ်မည်
……………………….
သီချင်းစာသားက အားလုံး ခြောက်ပိုဒ်၊ အဘသင့် က နေတော့သာ ခပ်အေးအေး၊ ရေးထားသည့် စာလုံး တိုင်းမှာ အားရှိသည်၊ မာန်ရှိသည်။ သီဆိုသူကလည်း ရဲဘော်နိုင်ဝင်းတည်းဟူသော   တပ်မတော်သား တစ်ဦး၊ တီးဝိုင်းသည်ပင်လျှင် အဘသင့် တိုင်းမှူး ဘဝက   ထူထောင်ပေးခဲ့သည့်   မောကိန္နရီတီးဝိုင်း ဖြစ်မည်ထင်ပါသည်။ မြန်မာ့စိတ်ဓာတ်သီချင်းသည် ၁၉၉၀  ပြည့်လွန်နှစ်များတွင်   ဆယ်စုနှစ်တစ်ခုမက လွင့်ပျံ့ခဲ့သော၊   ရှင်းလင်းပြတ်သားစွာ   ရပ်တည်ခဲ့ သည့် နိုင်ငံ့ပုံရိပ်ကို ထင်ဟပ်စေသော သီချင်းဖြစ်ခဲ့ သလို၊   တော်လောက်ပါပြီ     ကိုသင့်ရယ်ဟု   လူကြီး တစ်ယောက်က  တားယူရသည်အထိ မကြာခဏ ထုတ်လွှင့်ခဲ့သော     သီချင်းတစ်ပုဒ်လည်း     ဖြစ်ခဲ့ သည်။
သည်အကြောင်းတွေကို စီကာစဉ်ကာ ပြန်လည် တွေးတောနေမိသည့် နေရာက လားရှိုးမြို့၏ ရိပ်သာ တစ်ခုမှာ၊ ထိုနေရာကနေ လှမ်းကြည့်လျှင် လားရှိုး တက္ကသိုလ်ကြီးကို မြင်နေရသည်။ တက္ကသိုလ်အဆင့် မရောက်မီ  ၁၉၇၈    ခုနှစ်တွင်   ရှမ်းပြည်နယ်ဒေသ ကောလိပ်ဖြစ်ခဲ့သည်။   ထိုမှ ၁၉၈၀  ပြည့်နှစ်တွင် လားရှိုးကောလိပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်  ဒီဂရီကောလိပ်ဖြစ်ခဲ့ပြီး  ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ကာ လက်ရှိပါမောက္ခချုပ်မှာ     ဒေါက်တာဌေးအောင် ဖြစ်ကြောင်းလည်း သိခွင့်ရခဲ့သည်။ လားရှိုးကောလိပ် ဘဝက ကျောင်းဆောင်တစ်ခုကို နယ်စပ်/ စည်ပင် ဝန်ကြီးအနေဖြင့်  အဘသင့် ဖွင့်လှစ်ပေးခဲ့ဖူးကြောင်း ကောင်းကောင်းမှတ်မိနေ၍    အတွေးဝင်နေခြင်း ဖြစ်ပါလိမ့်မည်။ ပြန်လည်တွက်စစ်ကြည့်လိုက်သော အခါ လားရှိုးအပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့   နောက်ဆုံးရောက်ရှိခဲ့ သည်က  ၂၀၁၇   ခုနှစ်ဖြစ်၍   ခြောက်နှစ်ကြီးများ တောင် ကြာခဲ့ပါပကောလား။
ရိုသေလေးစားရပါသော ကျွန်တော်တို့ အဘသင့် သည်ပင်လျှင် လူ့ဘဝ၊  လူ့လောကကြီးထဲမှာ  မရှိ တော့ပြီ။ သူ တိုင်းမှူးဘဝ၊  ရမခနှင့်  မောကိန္နရီ တီးဝိုင်းသည် ခွဲခြား၍မရသလို ရမခ ရိပ်သာမြက်ခင်း ပြင်ကိုလည်းပဲ ငြိမ်းချမ်းရေးပန်းရနံ့များဖြင့် ထုံမွှမ်း ပျံ့သင်းစေခဲ့သည်။     တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်အတွင်းတွင်   တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည့်    ကိုးကန့်    အထူးဒေသ(၁)၊ ‘ဝ’အထူးဒေသ(၂)၊      ရှမ်းအထူးဒေသ (၃)တို့မှ တိုင်းရင်းသားခေါင်းဆောင်များ၊ ၁၉၉၁ ခုနှစ်တွင် တရားဥပဒေဘောင်အတွင်း       ဝင်ရောက်ခဲ့သော PSLA အဖွဲ့၊ KDA (ကောင်းခါး) အဖွဲ့တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးတို့သည် ထိုမြက်ခင်းပြင် သို့   စုဝေးရောက်ရှိခဲ့ကြဖူးသည်။    ငြိမ်းချမ်းရေး တွဲလက်များကို  ခိုင်မြဲအောင် စည်းနှောင်ပေးခဲ့သော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သော ပွဲတိုင်းမှာ မောကိန္နရီအဖွဲ့၏ တေးသံသာများကို ကြားခဲ့ရသည်။ သတိရလိုက်ပါ ဘိတော့။
မှန်းလို့သာရည် တန့်ယန်းမြို့လေးဆီ
ခရီးစဉ်မှာ    မိုင်းရယ်နှင့်    တန့်ယန်းမြို့များသို့ နေ့ချင်းပြန်  ဆွဲထားသော်ငြားလည်း    အကြောင်း အားလျော်စွာ   မရောက်ဖြစ်တော့ပါ။   ကျွန်တော် နောက်ဆုံးရောက်ခဲ့သည်မှာ     နတလ   ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဘဝဖြင့် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀   ရက်နေ့တွင်  သွားခဲ့သည့်ခရီးစဉ် ဖြစ်သည်။ သံလွင်အရှေ့ခြမ်းတွင်        သီတင်းသုံးနေကြသော သံဃာတော်များအတွက်         နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏      ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး    လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း လာခဲ့ရာ အကြိမ်(၂၀)မြောက်   ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)  တန့်ယန်း မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (ကိုယ်စား) ကျွန်တော်  သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ   ဗမာတိုင်းရင်းသားဝန်ကြီး     ဒေါက်တာ အောင်သန်းမောင် တက်ရောက်ခဲ့ပါသည်။ သို့ကလို တာဝန်ဖြင့်          သွားခဲ့ရသည်ဆိုသော်ငြားလည်း တန့်ယန်းမြို့လေးသည်   ကျွန်တော်နှင့်မစိမ်းခဲ့ပါ။ ၁၉၈၃ ခုနှစ် သံလွင်အရှေ့ခြမ်းက လွယ်ပန်လုံစခန်း ကုန်းများကို တပ်မ (၆၆) တပ်ရင်းများ၊ ရမခတပ်ရင်း များက တိုက်နေချိန်၊ ကျွန်တော်တို့   တပ်မ   (၅၅) တပ်ရင်းက  သံလွင်အနောက်ခြမ်းမှာ စခန်းထိန်း၊ လမ်းထိန်း၊   ကမ်းထိန်းတာဝန်ကိုယူရင်း    စတင် ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။ တန့်ယန်းနှင့် ရေစက် တွေမကုန်နိုင်အောင် ဆုံလိုက်ကြပုံများ ၁၉၈၈ ခုနှစ် မှာ ထိုမြို့က ခလရ (၃၃)တပ်ရင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရပြီး ၁၉၉၁ ခုနှစ်အထိ တန့်ယန်းသား လုပ်ခဲ့ရသည်။ ဆိုရသော်… ဤမြို့သေးသေးလေး နှင့် လွယ်အင်၊  နမ့်ပေါင်၊   မိုင်းကောင်၊   ဆယ်ဟီ ကတောင်၊   လွယ်ဆေး၊   နောင်ဖာ၊   နောင်လိုင်၊ နမ့်မူဆယ် ဒေသတွေမှာ ကျွန်တော် ပျော်မွေ့ခဲ့ဖူး သည်။
သွားဖြစ်ခဲ့ပါမူ ရှေးဦးစွာ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး   ဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊            အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဘဒ္ဒန္တကုသလအား      သွားရောက် ဖူးမြော်မည်။ ပြီးလျှင် ဆရာတော်ကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝဏ္ဏဓဇ ပျံလွန်တော်မူ သွားခဲ့ပြီဖြစ်သော ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကို သွားမည်။    အလားတူ   သီလရှင်ဆရာကြီး မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ပညာ စာရီ မရှိတော့သည့် ရွှေမောင်း သီလရှင်စာသင်တိုက် သို့လည်း            ဝင်ရောက်ဦးခိုက်လိုက်ဦးမည်။ ယင်းနောက်မှ တန့်ယန်းမြို့မှာ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက    ဆောင်ရွက် ပေးရမည့်    ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့်              တွေ့ဆုံညှိနှိုင်းမည်။ ရောက်တုန်းရောက်ခိုက်မှာ     လူငယ်သင်တန်း ကျောင်းလေးရှိရာသို့လည်း            အပြေးအလွှား သွားရောက်ရန် စိတ်ကူးထားလိုက်သေး၏။ ဒါတင် ပဲလားဆိုတော့ မဟုတ်သေးပါ။ လွန်ခဲ့သော ၃၅ နှစ် ခန့်ကတည်းက  ခင်မင်ရင်းနှီးခဲ့ကြသော ကျွန်တော့် မိတ်ဆွေများဖြစ်သည့် ကိုအောင်စန်း၊ ကိုဝင်းဇော်ဦး၊ ကိုကျော်ချစ်မောင်တို့အတွက်လည်း လက်ဆောင် တွေ  ယူသွားဦးမည်ပေါ့။   စစ်ဗျူဟာမှူး  ဗိုလ်မှူး ကြီးစောဘိုးသာနှင့်     မကြာခဏသွားခဲ့ဖူးသည့် မိုင်းရယ်မြို့လေးကိုတော့  တန့်ယန်းအပြန် ဝင်ဖြစ် အောင်ဝင်မည်။ မိမိဝန်ထမ်းများနှင့် တွေ့ဆုံမည်၊ ဒေသ ဖွံ့ဖြိုးရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ကြ မည်။ သို့သော်… စိတ်ကူးနှင့်သာ    မှန်းမျှော်၍ လွမ်းလိုက်ရပါသည်           တန့်ယန်းမြို့လေးရေ။ စောင့်ပေဦးတော့။
ဦးခိုက်ဖူးမြော် မန်ဆူဆရာတော်
လားရှိုးမြို့နှင့်     ပတ်ဝန်းကျင်တစ်ဝိုက်မှာ လုပ်စရာရှိတာတွေ ခဏထား၊ မဖြစ်မနေ သွားရမှာ က   မန်ဆူကျောင်းဟု ကျွန်တော့်အာရုံထဲတွင် ပေါ်နေလေတော့ရာ  ယင်းကျောင်းတိုက်သို့သွား၍ ဆရာတော်ကြီး   အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အား ဖူးမြော်ကန်တော့ခဲ့ကြသည်။ ရခိုင်ပြည်နယ် အတွင်း၌ မိုခါမုန်တိုင်းမတိုက်ခတ်မီအချိန် ပထမ တစ်ခေါက်သွားစဉ်က ဆရာတော်ကြီးအား စစ်တွေ လေဆိပ်တွင် ဖူးမြော်ခွင့်ရခဲ့သည်။ ဒုတိယအကြိမ်က နေပြည်တော်ရှိ         ဥပ္ပါတသန္တိစေတီတော်ကြီး၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်       ဖြစ်သည်။  ယခုပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ လားရှိုးမြို့ ခရီးစဉ်မှာ   တတိယအကြိမ်  သွားရောက်ဖူးမြော်ခဲ့ သည်။  ထိုနေ့သည်  ဒုတိယဝါဆိုလကွယ်  ဥပုသ်နေ့ဖြစ်၍ ကျောင်းဝင်း အတွင်း   ဥပုသ်သီတင်း  ဆောက်တည်ကြသူများ၊ ဆွမ်းပို့သူများ၊     ဆရာတော်အား     လာရောက် ဖူးမြော်ကြသူများဖြင့် စည်ကားများပြားနေပါသည်။ လားရှိုး ညဈေး၊ မန်ဆူဈေး၊ လားရှိုးကြီး၊ လားရှိုး ရေပူစမ်း၊ အေတီဂိတ်တို့သည်လည်းကောင်း၊ မန်ဆူ ဘုရားနှင့် မန်ဆူဘုန်းတော်ကြီးကျောင်း၊ ရန်တိုင်း အောင်စေတီ၊  သာသနာ ၂၅၀၀ စေတီကုန်း၊ လားရှိုး မြို့လယ်ဘုရားကြီး၊ ရန်အောင်မြင်ဘုရား၊ ရေကန် တောင်ဘုရားဆိုသည့်     ဘွဲ့အမည်နာမတို့သည် လည်းကောင်း       ကျွန်တော့်ဘဝတစ်သက်တာတွင် မေ့နိုင်စရာအကြောင်း  မရှိတော့ပါပေ။
တံတားဦး - လားရှိုးခရီးစဉ်အစ
ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တံတားဦး  အပြည်ပြည်ဆိုင်ရာလေဆိပ်မှ          ထွက်ခွာခဲ့သော လေယာဉ်သည်   ပျံသန်းချိန်   ၄၅    မိနစ်ခန့်မှာ လားရှိုးလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ မရောက် တာကြာပြီဖြစ်သလို လေယာဉ်ခရီး မသွားဖြစ်ခဲ့သည် မှာလည်း   အတော်ကြာခဲ့ပြီပဲ။   သို့သော်   လားရှိုး လေဆိပ်ကို တက်ဆင်းပြုလုပ်တိုင်း ပတ်ဝန်းကျင်မှာ အမြင့်ဆုံးဖြစ်နေသည့်  ဆင်တောင်ကို    ဖျတ်ခနဲ အမှတ်ရပြီး ငုံ့ကြည့်လိုက်မိသည်။ တွေ့လိုက်ပါပြီ ဆင်တောင်ကို၊ တောင်ကြီး ဖဝါးအောက်၊ တောင်မြင့် သော်လည်း လေယာဉ်အောက်ပါ တကား။ လေဆိပ် မှာ လာကြိုသူများကို  နှုတ်ဆက်၍   လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ဆက်လက်ထွက်ခွာကာ မိမိတို့ဝန်ကြီးဌာနအောက် ဦးစီးဌာန  လေးခုမှ  ဝန်ထမ်းများနှင့်   တွေ့ဆုံခဲ့ပါ သည်။   ဘယ်ပြည်နယ်၊    ဘယ်တိုင်းဒေသကြီးကိုပဲ   ရောက်ရောက်   ဝန်ထမ်းများနှင့်    တွေ့ဆုံနိုင်ဖို့ကို ကျွန်တော် အထူးအလေးထား ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏    လမ်းညွှန်ချက်များ၊ နိုင်ငံမှာ    အကောင်အထည်ဖော်    ဆောင်ရွက်နေ သည့်  စီမံကိန်းလုပ်ငန်းများကို   သိစေချင်သည်။ မိမိတို့ ဝန်ကြီးဌာန၏    မူဝါဒ၊   လုပ်ငန်းစဉ်များကို လည်း    သဘောပေါက်    နားလည်စေချင်သည်။ အထူးသဖြင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်  လုပ်ငန်းများတွင်   ဦးစီးဌာန အလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ အထက် အောက်      အပြန်အလှန်     လေးစားမှု၊ ကူညီ စောင့်ရှောက်မှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ် ရေးကို   ခိုင်မာအောင်   တည်ဆောက်ရန်၊   ပါတီ နိုင်ငံရေးကင်းရှင်းရန်၊ အဂတိတရား ကင်းရှင်းရန်တို့ အတွက်လည်း မှာချင်သည်။
ဝန်ထမ်းများဘဝ မြင့်မားတိုးတက်ရေး
ထပ်မံ၍    အလေးထားမှာကြားသည်ကတော့  ကံဆိုသည်မှာ  အလုပ်ဟုခံယူကာ     မိမိ ဦးစီးဌာန၊ မိမိဝန်ကြီးဌာန၊ မိမိတို့ နိုင်ငံတော်အပေါ် သစ္စာရှိရှိ တာဝန်သိသိဖြင့် လုပ်ငန်းတာဝန်များကို ကြိုးပမ်း ထမ်းရွက်ရင်း ဝန်ထမ်းများအနေဖြင့် မိမိဘဝမြင့်မား တိုးတက်ရေးအတွက် အခွင့်အလမ်းများ  ရှာဖွေကြ ရန်၊ ဌာနတွင်း ရာထူးတိုးကိစ္စများတွင် သမာသမတ် ရှိစေရေး၊   မျှတမှုရှိစေရေးအတွက် ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို သိရှိထား ပြီး ရာထူးနေရာအလိုက်  ရေးဖြေ၊ အကဲဖြတ်အမှတ်၊ လုပ်သက်အမှတ်များအတွက် တန်းစီဇယားထိပ်သို့ ရောက်ရှိအောင်   ကြိုးစားကြရန်၊    ပုံမှန် ရုံးတက် ရုံးဆင်းလိုက်၊ Facebook ကြည့်လိုက်ဖြင့် တစ်နေ ကုန်   အချိန်ဖြုန်းမနေဘဲ   အခြားဝန်ကြီးဌာနက ခေါ်ယူသော တစ်ဆင့်မြင့် ရာထူးနေရာများ၊ ဝန်ကြီး ဌာနက  ခွဲဝေရရှိသည့်   နိုင်ငံခြားပညာတော်သင် ဆုများအတွက် သတ်မှတ်အရည်အချင်း   ကိုက်ညီ ပြည့်မီသော ဝန်ထမ်းများအနေဖြင့် ဝင်ရောက်ဖြေဆို ကြရန်၊  ထိုသို့   ယှဉ်ပြိုင်ဖြေဆိုနိုင်ရေးအတွက် အချိန်ကို     အကျိုးရှိရှိအသုံးချပြီး     ကြိုးစား အားထုတ်ကြရန်တို့ပဲ     ဖြစ်ပါသည်။      အမှန် တကယ်လည်း  သူတို့ဘဝတွေ   မြင့်မားတိုးတက် စေချင်ပါသည်။
ခေသူများမဟုတ်ကြသည့် နမ့်စံလွယ်ရွာ
ဝန်ထမ်းများနှင့်   တွေ့ဆုံပွဲအပြီးတွင်  လားရှိုး မြို့နယ်ထဲက နမ့်စံလွယ်ကျေးရွာသို့  သွားရောက်ခဲ့ သည်။ မန်အိုင်ကျေးရွာအုပ်စုအတွင်းရှိ နမ့်စံလွယ် ကျေးရွာတွင်  အိမ်ခြေ ၅၄၇ အိမ်၊ လူဦးရေ ၂၇၀၀ နီးပါးနှင့် ပလောင်တိုင်းရင်းသားအများစု နေထိုင် လျက်ရှိသည်။   စိုက်ပျိုးရေးလုပ်ငန်းကို    အဓိက အားထားလုပ်ကိုင်နေကြပြီး  စပါးနှင့်  ပြောင်းသီးနှံ များ   စိုက်ပျိုးကြသည်။ အခြေခံပညာမူလတန်း ကျောင်း တစ်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း တစ်ကျောင်း ရှိနေသည်။   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏   ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀၊ ကျေးရွာမှ ထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၈ သိန်း၊ စုစုပေါင်း  ၅၄ ဒသမ ၉၈ သိန်းဖြင့် ဆောက်လုပ်ထားသော  ကျေးရွာခန်းမကြီးထဲမှာ ရွာသူ ရွာသားများနှင့်တွေ့ဆုံ၍   ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက်      ညှိနှိုင်း ဆွေးနွေးမှာကြားဖြစ်ခဲ့သည်။  နမ့်စံလွယ် ပလောင် တိုင်းရင်းသားများသည်     ခေသူများမဟုတ်ကြပါ။ မိမိတို့ဝန်ကြီးဌာနက         အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော   စံပြကျေးရွာ   (SMART Village) စီမံကိန်းများအကြောင်း နားလည်သိရှိထား ပြီး နမ့်စံလွယ်ကျေးရွာအား    စံပြကျေးရွာအဖြစ် သတ်မှတ်ဆောင်ရွက်ပေးရေး၊ ကုန်ထုတ်လမ်းများ ခွင့်ပြုပေးရေး      တင်ပြတောင်းခံလာရာ     ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
သမ/ကျေးလက် ပြည်သူ့အတွက်
နမ့်စံလွယ်ကျေးရွာမှ မန်အိုင်ကျေးရွာသို့ ကူးခဲ့ သည်။   မန်အိုင်ကျေးရွာတွင်    အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက      သင်တန်းဖွင့်လှစ်၍ သင်ကြားပေးခဲ့သော  နည်းပညာဖြင့်  သင်တန်းသား သင်တန်းသူ  ခြောက်ဦး   စုပေါင်းလုပ်ကိုင်နေကြသော ဆပ်ပြာရည်အမျိုးမျိုး   ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းအား  သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ နေရာ  အဆောက်အအုံနှင့် ထုတ်လုပ်ရောင်းချနေ သည့် ကုန်ပစ္စည်းများကအစ     သေသပ်ကောင်းမွန်စွာ စနစ်တကျရှိနေပါသည်။ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန   အသေးစား  စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ကျေးရွာ ပေါင်း ၁၅၅ ရွာ  ရွေးချယ်ကာ   ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း   ၁၀၀   ဖြင့်   အသေးစား ကုန်ထုတ်လုပ်ငန်းများ       ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ            မိသားစုဝင်ငွေတိုးရေးစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သတ်မှတ်သင်တန်းကာလအတွင်းတွင်      အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းများ၊ စားသောက်ကုန် ထုတ်လုပ် မှုနည်းပညာသင်တန်းများ၊  လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းများ၊         ဝါးလက်မှုထည်   သင်တန်းများ၊ သစ်အခြေခံ ပရိဘောဂသင်တန်းများ၊    လက်ရက်ကန်းသင်တန်းများနှင့်    ဖယောင်းတိုင် ထုတ်လုပ်မှုနည်းပညာသင်တန်းများ   အပါအဝင်        အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်း များ၊  မွမ်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားပေးပြီး သင်တန်းပြီးဆုံးပါက သင်တန်းသားများထဲမှ ထူးချွန် သင်တန်းသား ငါးဦး ရွေးချယ်ကာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်ရေး  ကျပ် ၁၀ သိန်းစီနှင့်ညီမျှ သော လုပ်ငန်းအထောက်အကူပြု  ပစ္စည်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ပံ့ပိုး ပေးအပ်ခဲ့သည်။         ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင်  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း      လုပ်ကိုင်နိုင်မည့် လုပ်ငန်းရှင်    ၇၇၅  ဦး    ပေါ်ထွက်လာမည် ဖြစ်ပါ သည်။
လားရှိုးလူငယ်သင်တန်းကျောင်း
လားရှိုးမြို့သို့ ရောက်တုန်းရောက်ခိုက်  တစ်ချိန် က မိမိတာဝန်ထမ်းဆောင်ခဲ့ဖူးသော နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်ရှိ  နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့လည်း အချိန်ပေးဝင်ရောက်ခဲ့ပြီး ကျောင်းသား ကျောင်းသူ များကို တွေ့ဆုံကာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်သော     လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြရန်   တိုက်တွန်းမှာကြား၍   စားရိပ်သာ အတွက် ငွေကျပ် သုံးသိန်း ပေးအပ်ခဲ့ပါသည်။
လားရှိုးမှသည် ရွှေမန်းဆီသို့
ဩဂုတ်လ ၁၆ ရက်နေ့  လားရှိုးမှထွက်ခွာမည့် လေယာဉ်ချိန်စောခဲ့ပါမူ  မန္တလေးတွင်  ညအိပ်ရန် မလိုဘဲ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် လေယာဉ်က ညနေပိုင်းမှထွက်ခွာ သောအခါ    မြို့ရွှေမန္တလာတွင်   တစ်ညအိပ်ပြီး နောက်တစ်နေ့ ပုသိမ်ကြီးနှင့် ကျောက်ဆည်ဒေသ တွင်  မိုးစပါးစိုက်သမဝါယမအသင်းများ  ဖွဲ့စည်း စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါ သည်။ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊          ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မန်းတောင်ရိပ်မျိုးစေ့ထုတ်  သမဝါယမအသင်း၏ မျိုးစေ့ထုတ်စိုက်ခင်းသို့   ရောက်ရှိခဲ့သည်။    ထိုမှ တစ်ဆင့် မနောယျမကျေးရွာသို့  သွားရောက်ကာ အသင်းသားတောင်သူများဖြစ်ကြသော ဦးစိုးတင့်နှင့် ဦးဖိုးကျော်တို့၏ လယ်များကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ မဂျမ်းတောစပါးမျိုးဖြင့် ယမန်နှစ် က ၁ ဧက တင်း  ၈၀ ထွက်ရှိအောင် စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။   ယင်းနောက်  ရွာသစ်ကျေးရွာ ပုဗ္ဗာရာမ ဘုန်းတော်ကြီးကျောင်းတွင်  အသင်းသား တောင်သူများ၊   ရွာသူရွာသားများနှင့်   တွေ့ဆုံ၍ အထွက်တိုးစပါးမျိုးများ   စိုက်ပျိုးရန်၊   ပန်းတိုင် အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် တို့ကို  တိုက်တွန်းမှာကြားကာ သဘာဝမြေဩဇာ များကိုပါ အသုံးပြုရေး၊ လယ်ယာမြေများ အကြောင်း အမျိုးမျိုးဖြင့်    လျော့ပါးမသွားစေရေးတို့အတွက် လည်း  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  စိုက်ပျိုးရေး လုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြ ချက်များကိုပါ    ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပါသည်။
သမဝါယမကောလိပ်(မန္တလေး)
ပုသိမ်ကြီးမြို့နယ်ထဲကို      ရောက်နေမှတော့ သမဝါယမကောလိပ်(မန္တလေး)ဆိုသည်မှာ  ခရီး မဝေးတော့ပါ။ တစ်ချိန်မှာ နိုင်ငံတော်က အားထားရ သော   စီးပွားရေးပညာရှင်များ   မွေးထုတ်ပေးရန်၊ စာပေသင်ကြားရေးသာမက   မျိုးချစ်စိတ်၊    တိုင်း ချစ်ပြည်ချစ်စိတ်  ရှင်သန်ထက်မြက်သော လူငယ် လူရွယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြ ရန်    ကျောင်းအုပ်ကြီး   ဒေါက်တာတင်မူအေးနှင့် ဆရာ ဆရာမများကို   မှာကြားပြီး   ကျောင်းသား ကျောင်းသူလေးများအား         တွေ့ဆုံနှုတ်ဆက်ခဲ့ပါ သည်။   ထမင်းစားချိန်နှင့်လည်း  ကြုံကြိုက်နေ၍ ၎င်းတို့၏    စားရိပ်သာကိုပါ    ကြည့်ရှုခဲ့သည်။ ကောလိပ်စာကြည့်တိုက်သို့လည်း        သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီး စာအုပ်စာစောင်များ  ထပ်မံ ဖြည့်တင်းပေးနိုင်ရန် စိတ်ကူးရရှိခဲ့၏။ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် စာအုပ်တွေ ကြားမှာ   ပျော်မွေ့စေချင်ပါသည်။    သမဝါယမ ကောလိပ်(မန္တလေး)၏  ပထမနှစ်  ကျောင်းသူလေး များအား စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အခြေခံစက်ချုပ်သင်တန်း   ဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ လိုလိုလားလား တက်ရောက်သင်ယူနေ ကြကြောင်းသိရ၍   သူတို့လေးတွေ၏   စိတ်အား ထက်သန်မှုအတွက် အံ့ဩဝမ်းသာမိပါသည်။
အောင်တော်မူစေတီဖူး၍ ပြန်ခဲ့သည်
ခရီးစဉ်အရ    ပုသိမ်ကြီးမှ    စဉ့်ကိုင်မြို့နယ် သမဝါယမအသင်းစုပိုင် ဆန်စက်သို့ လည်းကောင်း၊ ထိုမှ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာတွင် အသေးစားစက်မှုလက်မှု      လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသော အခြေခံစက်ချုပ်နည်း သင်တန်းသို့လည်းကောင်း၊    အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင် ကာ နွားနို့နှင့် ဒိန်ချဉ်ထုတ်လုပ်နေသော  ဒီနေလင်း ဒိန်ချဉ်လုပ်ငန်းသို့လည်းကောင်း         သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။  ဆက်လက်၍    ပတ္တာ ကျေးရွာ   စိုက်ပျိုးရေးနှင့်      အထွေထွေလုပ်ငန်း သမဝါယမအသင်းသားတောင်သူ ဦးဝင်းမြင့်နောင် ၏ လယ်မြေ ၁၅ ဧက၊ တောင်သူဦးငြိမ်း၏ လယ်မြေ ၁၀ ဧကတို့တွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးထားမှု ကို ကြည့်ရှုအားပေးခဲ့သည်။ ထိုမှ ရှမ်းရွာကြီးကျေးရွာ သို့ကူးကာ အရှေ့ရွာနန်းနှင့် တောင်ပလူ စိုက်ပျိုးရေး သမဝါယမ အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ      အောင်မြင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
ကျောက်ဆည်မြို့သို့     ရောက်ရှိစဉ်    ကျွန်တော် တပ်မတော်သားဘဝ   စတင်တာဝန်ထမ်းဆောင်ခဲ့ သော မိခင်တပ်ရင်းသို့ ခေတ္တဝင်ရောက်ကာ ရိပ်သာ အနီးတွင် တည်ထားသော အောင်တော်မူစေတီကို ဖူးမြော်၍ ဘုရားအတွက် အလှူငွေ သုံးသိန်း၊ တပ်ရင်း မှ အိမ်ထောင်သည်ရဲမေများအတွက် ခုနစ်သိန်း လှူဒါန်းခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် က ထုံးသင်္ကန်းဖွေးဖွေးနှင့် အောင်တော်မူစေတီကို ရွှေသင်္ကန်းတဝင်းဝင်းနှင့်            ထပ်မံဖူးတွေ့ခွင့်ရခဲ့ သည်။   ကျွန်တော်၏   နေပြည်တော်အပြန်ခရီးသည် လွန်ခဲ့သော နှစ်များစွာက ကျောက်ဆည်ဒေသ ပုံရိပ် များဖြင့် တွဲခိုလျက်...။         ။