ရခိုင်ယူနိုက်တက်ကို အနိုင်ယူပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် ဆက်လက်ဦးဆောင်

 

ရန်ကုန်   နိုဝင်ဘာ   ၃


၂၀၂၃  ရာသီ   MNL အမှတ်ပေး ပြိုင်ပွဲ  ပွဲစဉ် (၁၉) စတုတ္ထနေ့ကို နိုဝင်ဘာ ၃ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ   လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း က ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 


လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်အသင်းသည်   နိုင်ပွဲထပ်မံ ရယူကာ ရမှတ် ၅၀ ဖြင့် ဇယား ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် လျက်ရှိသည်။ ရှမ်းယူနိုက်တက် အသင်းသည်    ယခုပွဲအနိုင်ရခဲ့ သဖြင့်  ရှုံးပွဲမရှိစံချိန်မှာ ၅၂ ပွဲ အထိရှိလာပြီး   ယခုရာသီတွင် လည်း ရှုံးပွဲမရှိစံချိန် ထပ်မံရရှိရန် အခြေအနေကောင်းလျက်ရှိသည်။


နှစ်သင်းစလုံး  အမာခံကစား သမားအများစုဖြင့်  ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်    အသင်းတွင် နိုင်ငံခြားသား    ကစားသမား အဖြစ် မိုတိုဟီရိုတစ်ဦးတည်းသာ ပါဝင်ခဲ့သည်။  ပွဲအစခြောက်မိနစ်မှာပင်  ရှမ်းယူနိုက်တက်အသင်း ဂိုးစတင်ရရှိခဲ့ပြီး နန္ဒကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ပိုင်းတွင်   နှစ်သင်းစလုံး   အပြန်အလှန်တိုက်စစ်ဆင်နိုင်သော်လည်း ဂိုးထပ်မသွင်းနိုင်ဘဲ ၅၃ မိနစ်တွင်  ဂျပန်တိုက်စစ်မှူး  မိုတိုဟီရိုက ရှမ်းယူနိုက်တက်အသင်းအတွက်  ဒုတိယဂိုးထပ်သွင်းခဲ့သည်။ နှစ်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင်    ရခိုင်ယူနိုက်တက်အသင်း   ချေပဂိုး ပြန်ရရန်   ကြိုးပမ်းခဲ့ပြီး  ၈၂  မိနစ်တွင်  ကောင်းစည်သူက  တစ်ဂိုး ပြန်သွင်းသော်လည်း   ဂိုးထပ်မသွင်းနိုင်သဖြင့်    အရေးနိမ့်ခဲ့ခြင်းဖြစ် သည်။ 


ယခုပွဲအတွက် အကောင်းဆုံးဆုကို ရှမ်းယူနိုက်တက်တိုက်စစ်မှူး မိုတိုဟီရိုက  ရရှိခဲ့သည်။ ယခုပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၅၀၊ ရခိုင်ယူနိုက်တက်အသင်းက ရမှတ် ၂၀ ရရှိထားသည်။


ပွဲစဉ် (၁၉)  နောက်ဆုံးနေ့အဖြစ်  နိုဝင်ဘာ ၄ ရက် (ယနေ့) တွင် သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ - MNL