
စစ်တွေ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
စနစ်တကျဆောင်ရွက်ကြစေလို
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာ များအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ က လက်တွဲညီညီဆောင်ရွက်ခဲ့ကြပါကြောင်း၊ လက်ရှိ အခြေအနေတွင် ဌာနဆိုင်ရာများအားလုံးသည် အစိုးရ အဖွဲ့နှင့်အတူ ညီညီညာညာဖြင့် ပေါင်းစည်းပြီး ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း၊ ဝန်ထမ်း ကောင်းစိတ်ဓာတ်နှင့်အညီ နိုင်ငံတော်အပေါ်တွင်၊ အစိုးရအပေါ်တွင် သစ္စာစောင့်သိရန် လိုအပ်မည်ဖြစ် ကြောင်း၊ မဟုတ်မမှန်သော သတင်းများအပေါ်တွင် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဝန်ထမ်းများကို မိမိတို့အတွေ့အကြုံဖြင့် သုံးသပ်ရှင်းလင်းပြောပြ နိုင်ရမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ထမ်းများအား ရုံးနှင့်ပတ်သက်သည့် ရုံးသုံးပစ္စည်းများ၊ စာရွက် စာတမ်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် နိုင်စေရေး မှာကြားထားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ထို့အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့လက်အောက်ရှိ ခရိုင် နှင့် မြို့နယ်အဆင့်ဝန်ထမ်းများကို အချင်းချင်း မိမိတို့လုပ်ငန်းများ၊ မိမိဒေသ၏အခြေအနေများကို အဆက်အသွယ်လုပ်ပြီး ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
လိုအပ်သည်များ မှာကြား
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက် နေမှုများ၊ ဆက်သွယ်ရေးကိစ္စရပ်များ၊ ခရီးသွားလာ ခွင့်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များ နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို မှာကြားပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားသည်။
လှည့်လည်ကြည့်ရှုဖူးမြော်
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်အတွင်း ၌ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရာသီ တုပ်ကွေး ကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည် ကြည့်ရှုဖူးမြော်ကြသည်။
ဆရာတော်ကြီးများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သော ကျန်းမာ ရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးကြပြီး ရာသီ တုပ်ကွေးရောဂါ ကာကွယ်ဆေး Influenza Vaccine (Vaxigrip Tetra) ထိုးနှံပေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)