ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်သားဖောက်စခန်းဖွင့်မည် ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရန်ရည်မှန်း

 

စစ်တွေ  စက်တင်ဘာ  ၂၉


အခြေခံစားသောက်ကုန်တွင် အဓိကပါဝင်လျက်ရှိသော ငါး၊ ပုစွန် ရေရှည် စားသုံးနိုင်ရန်နှင့်  ပြည်ပပို့ကုန် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံ တော်က  သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ရေချိုပုစွန်သားဖောက်စမ်းသပ်မှု အောင်မြင်သော ကြောင့် ရေချိုပုစွန်သားဖောက်စခန်း ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက် နေကြောင်း သိရသည်။


ရေချိုပုစွန်သားဖောက်ခြင်းသည် လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးနှင့်    ဧရာဝတီတိုင်းဒေသကြီးတို့တွင်ရှိသော်လည်း    ရခိုင် ပြည်နယ် ကုလားတန်မြစ်နှင့် ဆက်စပ်လျက်ရှိသည့်  ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတစ်ဝိုက်မှ ထွက်ရှိသော ရေချိုပုစွန်မှာ အရောင်အသွေး လှပပြီး  အကောင်ကြီးသည့်အပြင် အရသာကောင်းမွန်သောကြောင့်    အဆိုပါမျိုးစိတ် ရေရှည်တည်တံ့နိုင်ရန်နှင့်  ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ရည်မှန်း၍ ရေချိုပုစွန်သားဖောက်စခန်း ဖွင့်လှစ်နိုင်ရန်  ငါးလုပ်ငန်းဦးစီးဌာနက  ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။ 


“ကျောက်တော်၊     ပုဏ္ဏားကျွန်း တစ်ဝိုက်က ရေချိုပုစွန်ဟာ အရောင်လှ သလို အကောင်လည်းလှတယ်၊ အရသာ လည်းရှိတယ်။   ဒီမျိုးစိတ်ကို   ဆက်ပြီး ထိန်းသိမ်းသွားဖို့  လိုတယ်။      စမ်းသပ် ဖောက်တဲ့အခါမှာ အောင်မြင်ပြီး  ပြည်ပ ပို့ကုန်တန်းဝင်တာကြောင့် မြန်မာပြည် အောက်ပိုင်းက ပုစွန်နဲ့မတူတဲ့ မျိုးစိတ်ကို ပုစွန်သားဖောက်စခန်းတစ်ခု  ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတယ်။    ရခိုင်ပြည်နယ်မှာ   ရေချိုပုစွန်သားဖောက်လုပ်ငန်း စမ်းသပ် သုတေသနပြုဖို့ တင်ပြတဲ့အခါမှာ ခွင့်ပြု တဲ့အတွက်  ဇွန်လကနေ   ဩဂုတ်လအထိ ပုဏ္ဏားကျွန်းက   ရေချိုပုစွန်တုပ်မျိုးကို ယူပြီး    ဖောက်တာ   အောင်မြင်ခဲ့တယ်။ ပြည်နယ်ဝန်ကြီးက     ရေချိုပုစွန်သား ပေါက် အမြဲတမ်းရနိုင်ဖို့ ကျောက်တော်မှာ သားဖောက်စခန်းအသစ် တစ်ခုအတွက် ဆာဗေးလုပ်ဖို့     ညွှန်ကြားခဲ့တာကြောင့်   ပြည်တွင်းဈေးကွက်သာမက    ပြည်ပ ပို့ကုန်အဖြစ်  နိုင်ငံခြားဝင်ငွေရရှိစေမယ့် ရေချိုပုစွန်     သားဖောက်စခန်းတစ်ခု ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်”ဟု ရခိုင်ပြည်နယ်  ငါးလုပ်ငန်း  ဦးစီးဌာနမှူး ဦးသက်ဦးက ပြောသည်။


ရခိုင်ပြည်နယ်တွင်     ရေငန်ပုစွန် သားဖောက်  ထုတ်လုပ်ရေးစခန်းအဖြစ်   စစ်တွေ၊  ပေါက်တောနှင့် ကျောက်ဖြူတို့ ရှိပြီး နှစ်ကြာသည်နှင့်အမျှ ထုတ်လုပ်မှု ကျဆင်းလာရာ ကျောက်ဖြူ ရေငန်ပုစွန် ထုတ်လုပ်ရေးကို ပြည်ထောင်စုဘတ်ဂျက် ဖြင့် ပြန်လည်မြှင့်တင်ခဲ့သည်။ စစ်တွေမြို့ ရှိ   ရေငန်ပုစွန်ထုတ်လုပ်ရေးတွင်   ထိုင်း နိုင်ငံ ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ်ထိုး ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့၍ လုပ်ငန်း သက်တမ်းတိုးအတွက် MoU လက်မှတ် ထိုးခဲ့သည်။   ပေါက်တောမြို့ရှိ    ရေငန် ပုစွန် ထုတ်လုပ်ရေးစခန်းသည်  ပင်လယ် ၏ လှိုင်းရိုက်ခတ်မှုများသော  နေရာတွင်   တည်ရှိပြီး သဘာဝဒဏ်ခံရသည့်အတွက်   နှစ်စဉ်ထုတ်လုပ်မှု   စရိတ်မြင့်မားကာ  ထွက်ရှိမှုနည်းပါးသောကြောင့်  လာမည့် ဘဏ္ဍာနှစ်တွင် စစ်တွေမြို့ အောင်တိုင် ကျေးရွာသို့   ပြောင်းရွှေ့ဖွင့်လှစ်ရန်  စီမံ ထားကြောင်း သိရသည်။


နှစ်စဉ်ပြောင်းလဲလာသော     ကမ္ဘာ့ ရာသီဥတုကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများဖြစ်ကာ    ပင်လယ်ပြင် ရေထွက်ကုန်ရရှိမှု လျော့နည်းလာသလို စိုက်ပျိုးရေးတွင်  အသုံးပြုသော ဓာတု ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများပင်လယ် ပြင်နှင့်   မြစ်ချောင်းအတွင်းရောက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် ရေသယံဇာတ ထိခိုက်မှုကြောင့်    ရေနေသတ္တဝါများ ရှင်သန်ပေါက်ပွားနှုန်းကို ထိခိုက်စေလျက် ရှိသည်။ ရေခံမြေခံကောင်းသော မြန်မာ နိုင်ငံအတွင်းဌာနမှ      ပညာရှင်များ ကိုယ်တိုင်   ရေငန်ဒေသ၌   ရေချိုပုစွန် သားဖောက်ထုတ်လုပ်   မွေးမြူနိုင်ခြင်း သည်    လုံခြုံစိတ်ချရသော  တန်ဖိုးမြင့် ရေထွက်ကုန် ထုတ်လုပ်နိုင်မှုကို နိုင်ငံ အတွက် ပိုင်ဆိုင်နိုင်ခြင်းဖြစ်၍ တိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက်    ပုစွန်သား ဖောက်  စခန်းများစွာ   ပေါ်ထွန်းလာရန် ကြိုးပမ်းလျက်ရှိသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး