ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး 
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

ချစ်ခင်လေးစားအပ်ပါသော    ရခိုင်ပြည်နယ်အတွင်းရှိ    မိဘပြည်သူ ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျာ
ယနေ့ကျရောက်သော  (၄၉)  နှစ်မြောက်  ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများနှင့်  ပြည်ထောင်စုတစ်ဝန်းလုံးရှိ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာ ကြပါစေကြောင်း  ဦးစွာဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။
ရခိုင်ပြည်နယ်နေ့သည်   ရခိုင်တိုင်းရင်းသားတို့အတွက် ထူးခြား လေးနက်သော   ဝိသေသများနှင့်ပြည့်စုံပြီး  ဂုဏ်ယူဖွယ်ရာ  မင်္ဂလာ ရှိသောနေ့ဖြစ်ပါသည်။   ၁၉၇၄ ခုနှစ်တွင်   ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ဒီဇင်ဘာလ(၁၅)ရက်နေ့ကို ရခိုင်ပြည်နယ် နေ့အဖြစ်   သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။  ရခိုင်တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ် အခါသမယဖြစ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ  ကျင်းပဆောင်ရွက်ခဲ့ရာ (၄၉)နှစ်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သည်  ပထဝီဝင်အနေအထားအရ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများနှင့်  ဆက်စပ်လျက်ရှိပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝခြင်း၊ အဖိုးတန်ထွက်ကုန်များ  ထုတ်လုပ်နိုင်ခြင်းတို့အပြင် ရှည်လျားလှပသည့်  ပင်လယ်ကမ်းရိုးတန်းနှင့် စိမ်းလန်းသာယာသည့် ပတ်ဝန်းကျင်ရှုခင်းများဖြင့် သာယာလှပသော ပြည်နယ်တစ်ခု ဖြစ်ပါ သည်။ ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းကားပြန့်ပွားရာဒေသဖြစ်ပြီး “သဇင်ပန်းခိုင်  တစ်မြိုင်မြိုင် ရခိုင်ဘုရားပေါင်း” ဆိုသည့်စကားအတိုင်း
ရှေးဟောင်းစေတီပုထိုးများနှင့်    ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ ပေါကြွယ်ဝသောပြည်နယ်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော   တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်း တို့ခင်ဗျာ
ယနေ့အချိန်အခါသည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်အရပ်ရပ်ကို     ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိသော    အရေးပေါ်ကာလဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံတော်ကို  စတင် တာဝန်ယူသည့် အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နှင့်  ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ခဲ့ရာ  လက်ရှိတွင်လည်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို   ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
ထို့ပြင်  နိုင်ငံတော်နှင့်   တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကိုရည်မှန်းလျက်  ကောင်းမွန် သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိပါသည်။ “တိုင်းပြည် သာယာ ဝပြောရေး”  နှင့် “စားရေရိက္ခာဖူလုံရေး” ကို အမျိုးသားရေး ရည်မှန်း ချက်အဖြစ် ဦးတည်ထားရှိပြီး “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး”   နှင့်  “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး” ကို  နိုင်ငံရေးရည်မှန်း ချက်အနေဖြင့် ချမှတ်ထားရှိပါသည်။ ချမှတ်ထားသည့်  ရည်မှန်းချက် များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ပြည့်ဝစေရေးနှင့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးတို့အတွက်  နိုင်ငံတော်အစိုးရ နှင့်တပ်မတော်အနေဖြင့်  တိုင်းရင်းသားပြည်သူများနှင့် တစ်သား တည်းရှိပြီး    အောင်မြင်အောင်     ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်း တို့ခင်ဗျာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရခိုင်ပြည်နယ်  တည်ငြိမ် အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ” ကို  ဖွဲ့စည်းပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    စိုက်ပျိုးရေး၊     မွေးမြူရေး၊ ပညာရေး၊   ကျန်းမာရေး၊    ဆက်သွယ်ရေးနှင့်   လျှပ်စစ်ကဏ္ဍများ အပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍ အလိုက်   အစီအမံများ  ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၃   ခုနှစ်၊    မေလအတွင်း     အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်ခဲ့၍ ရခိုင်ပြည်နယ်နှင့်  ချင်းပြည်နယ် တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါသည်။  နိုင်ငံတော်အစိုးရအနေ ဖြင့် ပင်လယ်ပြင်တွင်  မုန်တိုင်းအစပျိုးဖြစ်စဉ် စတင်ကတည်းကပင် လိုအပ်သည့် စောင့်ကြည့်လေ့လာမှုများ ဆောင်ရွက်ခဲ့ကာ  ရေးဆွဲထား ပြီးဖြစ်သော    သဘာဝဘေးအန္တရာယ်ဆိုင်ရာ    စီမံချက်ပါအတိုင်း မုန်တိုင်းဖြတ်သန်းရာဒေသများ၌      ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ပါသည်။
ဒေသခံပြည်သူများအတွက် ဆန်ရိက္ခာများ ကြိုတင်စုဆောင်းထား ပြီး      အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရန်     အသင့်ပြင်ဆင်ထားခြင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်  ခန့်မှန်းနေရာများအလိုက် သတိပေးခြင်း နှင့်     ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊     ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မုန်တိုင်းလမ်းကြောင်းတွင်ရှိသည့်  ပြည်သူများကို ဘေးလွတ်ရာနေရာ သို့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ခြင်း  စသည်တို့ကို  စနစ်တကျ ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့်  ၂၀၀၈ ခုနှစ်၊ နာဂစ် မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက   လေတိုက်နှုန်း  ပိုမိုပြင်းထန်သော်လည်း သေဆုံးမှု၊ ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ လျော့နည်းခဲ့ပါသည်။ မုန်တိုင်းတိုက်ခတ်ပြီးချိန်မှစ၍     နိုင်ငံတော်အစိုးရ၏   ဦးဆောင်မှု၊ တပ်မတော်နှင့်   သက်ဆိုင်ရာအစိုးရအဖွဲ့များ၏    အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ၏ လှူဒါန်းမှု၊ တိုင်းရင်းသား ပြည်သူများ၏   ပူးပေါင်းပါဝင်မှုတို့ဖြင့်  ကယ်ဆယ်ရေးနှင့်  ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို      အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မိမိတို့ ရည်မှန်းထားသည့်အတိုင်း ပိုမိုကောင်းမွန်သော  အခြေအနေတစ်ရပ် သို့ရောက်ရှိရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။   ဤသည်မှာ ရခိုင်ပြည်နယ်နှင့်     ရခိုင်ဒေသ   တိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသားညီနောင်အချင်းချင်း    မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို  ပြသနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့်    မိုခါမုန်တိုင်းအပြီးတွင်    ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်သို့ မျိုးစပါးတင်းရေ ၇၃၀၀၀ ကျော်ကို စိုက်ပျိုးရာသီအမီ    ပို့ဆောင်ပေးနိုင်ခဲ့သောကြောင့်    ယခုနှစ်တွင် မိုခါမုန်တိုင်းသဘာဝဘေးဒဏ်ခံခဲ့ရသော်လည်း     မိုးစပါးစိုက်ဧက လျာထားချက်ထက်  ဧက ၃၀၀၀ ကျော် ပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ ကြောင်း တွေ့ရှိရပါသည်။ မွေးမြူရေးထုတ်ကုန်များကိုလည်း ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး ငါး၊ ပုစွန်နှင့်  ရေထွက်ကုန်ပစ္စည်း များကို  အောင်မြင်အောင်ထုတ်လုပ်ဆောင်ရွက်နိုင်ပါက   ပြည်တွင်း စားသုံးမှုဖူလုံသည့်အပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့နိုင်မည်ဖြစ်ပါ သည်။ ထို့ပြင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝထွက်ကုန်များ ဖြစ်သော သစ်၊ ဝါး၊ ကြိမ်နှင့်   အခြားပစ္စည်းများကို   အခြေခံသည့် MSME    လုပ်ငန်းများကို   မြှင့်တင်အားပေးပြီး   ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏    လူမှုစီးပွားဘဝ   မြှင့်တင်နိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို      အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ပညာရေးနှင့်ပတ်သက်၍    နိုင်ငံတော်အစိုးရက   KG+9  အထိ မသင်မနေရပညာရေးစနစ်ဖြင့်   အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  ရခိုင်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ  မြင့်မားတိုးတက်လာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါက ရခိုင်ပြည်နယ်သည်   ဘက်စုံကဏ္ဍမှ  ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော  တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်း တို့ခင်ဗျာ
ရခိုင်ပြည်နယ်သည်   ယခင်ကတည်းက  လမ်းပန်းဆက်သွယ်ရေး မှ အစ  အဘက်ဘက်၌ အခက်အခဲများစွာရှိခဲ့သဖြင့် တပ်မတော်အစိုးရ လက်ထက်မှ  ယခုအချိန်အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ   အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော်လည်း   လက်ရှိကာလတွင်    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှင့်  ပြည်ပစွက်ဖက်မှုများကြောင့်  တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊  ပဋိပက္ခများ ၏ဆိုးကျိုးကို  ဒေသခံတိုင်းရင်းသားများကိုယ်တိုင်   ခံစားနေကြရပါ သည်။
တည်ငြိမ်အေးချမ်းမှု   မရှိသမျှကာလပတ်လုံး    တိုင်းရင်းသား ပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည် သာဖြစ်ပြီး တစ်ဦးချင်းအခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှု များ ကြုံတွေ့နေမည်ဖြစ်ပါသည်။  နိုင်ငံတော်အစိုးရနှင့် တပ်မတော် အနေဖြင့်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသား ရေးခံယူချက်အဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် ကို တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို  ထာဝစဉ်ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက          လက်ရှိပစ္စုပ္ပန်နှင့် နောင်အနာဂတ်အတွက် နိုင်ငံရေးရည်မှန်းချက်များနှင့် အမျိုးသားရေး ရည်မှန်းချက်များကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူများလိုလားတောင့်တ သည့်   အေးချမ်းသာယာပြီး   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီ လျှောက်လှမ်းရာခရီးတွင် ပြည်ထောင်စုကြီးအတွင်း ရှိ   တိုင်းရင်းသားပြည်သူများအားလုံး  အေးအတူ၊  ပူအမျှအတူတကွ ယှဉ်တွဲနေထိုင်ကြရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှု များဖြင့်သာ တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။
ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင်   မိမိတို့အားလုံး  မျှော်လင့်ထားသည့် အေးချမ်းသာယာသော   နိုင်ငံတော်ကြီးကို    တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏  ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပ စွက်ဖက်မှုနှင့်     ပြည်တွင်းပယောဂကင်းကင်းဖြင့်    တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း   ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ   အောင်မြင်နိုင် မည်ဖြစ်ပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်း အားဖြင့်   နိုင်ငံ့အကျိုးကို  တက်ညီလက်ညီ  ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်း တို့ခင်ဗျာ
ရခိုင်ပြည်နယ်တွင်  ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် တိုင်းရင်းသား များသည် မြန်မာ၊ ချင်း  စသည့်  တိုင်းရင်းသားများနှင့်အတူ  ယှဉ်တွဲ နေထိုင်လျက်ရှိပါသည်။    မှီတင်းနေထိုင်ကြသော    တိုင်းရင်းသား အားလုံး၏  စည်းလုံးညီညွတ်မှုနှင့်   ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲမှု တို့သည် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက်  စွမ်းအားတစ်ရပ် ဖြစ်ပါသည်။
ရခိုင်ပြည်သူပြည်သားများအနေဖြင့်   ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍   ပြည်နယ်သူ၊   ပြည်နယ်သားများ၏ အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုး ထမ်းဆောင်နိုင် ကြပါစေကြောင်းနှင့်  အစဉ်ထာဝရ  အေးချမ်းသာယာပျော်ရွှင်ချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၄၉)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

    ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ
    သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
    နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ