
နေပြည်တော် စက်တင်ဘာ ၁၃
ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရဓာတ် ပြည့်ဝစွာစားသုံးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုး ဧရိယာတိုးချဲ့ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးရေးဆောင်ရွက်ခြင်းလုပ်ငန်းများအပြင် ရိတ်သိမ်းပြီး နောက်ပိုင်းကာလ လုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်လျက် ရှိသည့် လေလွင့်ဆုံးရှုံးမှုများ လျှော့ချရေးလုပ်ငန်း ကိုလည်း အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ထုံးဘိုရှိ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်းခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ ခန့်မှန်းချက် အရ တစ်ကမ္ဘာလုံး၌ နှံစားသီးနှံတွင် ၂၀ ရာခိုင်နှုန်း၊ နို့ထွက်ပစ္စည်းနှင့် ငါးလုပ်ငန်းတွင် ၃၀ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွင် ၄၀ ရာခိုင်နှုန်း အထိ အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့် ဖြစ်ပေါ် နေသဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တွင် အစားအစာဆုံးရှုံးမှုနှင့် အလေအလွင့်လျှော့ချနိုင် ရေးအတွက် သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့် ပုဂ္ဂလိကများပူးပေါင်း၍ ရိတ်သိမ်းချိန်လွန် နည်းပညာ ပြန့်ပွားရေးနှင့် လက်တွေ့အသုံးချရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်းရှိ ဓာတ်ခွဲခန်း များ၊ ပြုပြင်ထုပ်ပိုးစက်ခန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ သင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းဆောင်တွင် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း(ထုံးဘို) သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမိခိုင်၊ စိုက်ပျိုးရေး သိပ္ပံ(ပုသိမ်ကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်း ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကို ဖြည့်စွက်မှာကြားပြီး ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း(ထုံးဘို)နှင့် စိုက်ပျိုးရေး သိပ္ပံ (ပုသိမ်ကြီး)တို့မှ ဆရာ ဆရာမ ဝန်ထမ်းများ အတွက် ထောက်ပံ့ဆန်များ ပေးအပ်ခဲ့သည်။
သတင်းစဉ်