ရွှေတိဂုံစေတီတော်သို့ တိပိဋကယောဆရာတော်ကြီးက ရွှေစင်တစ်ပိဿာကျော်လှူဒါန်း

 

ရန်ကုန်  မတ်  ၁


ရွှေတိဂုံစေတီတော်သို့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရန္ဒာဘိဝံသ ယောဆရာတော်ကြီးက ရွှေစင်တစ်ပိဿာကျော် လှူဒါန်းရာတွင်   ဆရာတော်ကြီး၏  ဆန္ဒအတိုင်း  ပကာသနမပါဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ကြီး၏ ကပ္ပိယဖြစ်သူ ဦးဝင်းသိန်း က အခမ်းအနား တက်ရောက်ခွင့်မရသူများနှင့် အလှူနှင့် ပတ်သက်၍ မေးမြန်းမှုများ ရှိနေသည့်အပေါ် ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက် နှာထက်တွင် ဖော်ပြရှင်းလင်း အသိပေးထားခြင်း ဖြစ်သည်။


မြတ်စွာဘုရားရှင်၏  “ရွှေဉာဏ်တော်”  ကို  ရည်စူး၍  ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေပြားကပ်လှူရန်အတွက် တိပိဋက ယောဆရာတော်ကြီးက  ကျပ်သိန်းပေါင်း  ၄၃၀၀ ခန့် တန်ဖိုးရှိသော ရွှေစင်တစ်ပိဿာ၊ ရွှေဒင်္ဂါးပြားတစ်ပြားနှင့် နိုင်ငံတော်က ဆက်ကပ်ခဲ့ သော သီရိပျံချီဘွဲ့ (ရွှေစင် ၆ ကျပ်သား) ကို ဖေဖော်ဝါရီ ၂၇ ရက်က ရွှေတိဂုံစေတီတော် ဂေါပကလူကြီးများ၊ တိုင်းဒေသကြီး သာသနာ ရေးမှူးတို့ထံ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။


“ရွှေတိဂုံစေတီတော်မြတ်ကြီးအား ယောဆရာတော်ကြီးက ရွှေလှူ ခဲ့တာကို သတင်းအနေနဲ့ပဲ ပို့စ်တင်ခဲ့ပါတယ်။ မြင်သိရရင် ဝမ်းသာပီတိနဲ့  သာဓုခေါ်စေချင်လို့ပါ။  တချို့က  အခမ်းအနားကို  တက်ရောက်ခွင့် မရတာရော၊ အလှူနဲ့ဆက်စပ်ပြီး မေးကြ၊ ပြောကြလို့ အမှန်အတိုင်း တင်ပြပေးပါ့မယ်။ ဆရာတော်ကြီးရဲ့ ဒကာအရင်းလည်းဖြစ်၊ ရန်ကုန်မှာ ရာစုနှစ်များစွာ အောင်မြင်နေတဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုက အပ်အပ် စပ်စပ်ဖြစ်အောင်လျှောက်ပြီး   ဆရာတော်ကြီး   ဆန္ဒရှိတဲ့နေရာမှာ လှူနိုင်အောင် လှူခဲ့တာပါ” ဟု ဦးဝင်းသိန်းက ရေးသားထားသည်။


ယခုလဆန်းပိုင်းတွင် ရွှေအားလုံးကို ဘုရားသို့ လှူဒါန်းလိုကြောင်း ဦးဝင်းသိန်း အပါအဝင် ဆရာတော်ကြီး၏ ဘဏ္ဍာထိန်း သုံးဦးကို ခေါ်ယူ ကာ မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။


“အလှူနဲ့ပတ်သက်တာအားလုံး  အစအဆုံးကို  ဆရာတော်ကြီး မိန့်တဲ့အတိုင်း   ပကာသနမပါဘဲ   လုပ်ခဲ့တာပါ”ဟု  ဦးဝင်းသိန်းက ရေးသားအသိပေးထားသည်။


ထက်ဦးမောင်