
ရန်ကုန် အောက်တိုဘာ ၅
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော် ပြည့်လျှပ်စစ်မီး အဆင့်မြင့်ထွန်းညှိပူဇော်ခြင်း လုပ်ငန်းကို လာမည့် ဒီဇင်ဘာလပထမပတ် အတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် အဆင့်မြင့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိ ပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလပိုင်းက တင်ဒါခေါ်ယူခဲ့သည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးကြပ်မှု ဖြင့် လျှပ်စစ်ဆိုင်ရာနည်းပညာ အကြံပေးအဖွဲ့ ကို ဖွဲ့စည်း၍ စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။ လျှပ်စစ်ဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့မှ ၁၉၉၈ ခုနှစ် ထာဝရ ဘက်စုံပြုပြင်စဉ် မူလထွန်းညှိထားသော မီးတိုင်၊ မီးလုံး၊ မီးအလင်းရောင် အခြေအနေ များမှ ပိုမိုကောင်းမွန်မည့် နည်းပညာ သတ်မှတ်ချက်များနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုရန် အကြံပြုချက်ဖြင့် စီမံဆောင်ရွက် ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့နောက် နည်းပညာဆိုင်ရာ အောင်မြင် ခဲ့သော Lighting Specialist Co.,Ltd (Krislite) မှ ၂၀၂၁ ခုနှစ် ဧပြီလတွင် လုပ်ငန်းများစတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စေတီတော် မြတ်ကြီး လုံးတော်ပြည့် အဆင့်မြင့်လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လုံးတော်ပြည့် အဆင့်မြင့်လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွား ပါက အဆင့်မြင့်LED မီးလုံးများကြောင့် ပိုမိုထွန်းလင်း တောက်ပခြင်း၊ အသုံးပြုသောဝပ်အား လျော့ကျ စေခြင်း၊ လျှပ်စစ်အန္တရာယ်လုံခြုံမှု ပိုမိုတိုးမြင့်လာခြင်း တို့ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
လုံးတော်ပြည့် အဆင့်မြင့်လျှပ်စစ်မီး ထွန်းညှိပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအတွက် ပါဝင်လှူဒါန်းကုသိုလ်ပြုလိုပါက Arial Mast 25 m မီးတိုင်လေးတိုင်အတွက် မီးတိုင်တစ်တိုင်လျှင် ငွေကျပ် ၂၂၁၇၀၀၀၀ ၊ 3.5 m မီးတိုင် ၁၆ တိုင်အတွက် မီးတိုင်တစ်တိုင်လျှင် ငွေကျပ် ၁၀၄၀၀၀၀ ၊ High Power LED Flood Light(Gold Color) c/w 35.7W, 3 H LED Flood Light(STANLEY) ၈၈ စုံ အတွက် တစ်စုံလျှင် ငွေကျပ် ၂၈၃၀၀၀၀ ၊ High Power LED Flood Light(Gold Color) c/w 460W,LED Flood Light (NB/MWB)(STANLEY) ၉၂ စုံ အတွက် တစ်စုံ လျှင် ငွေကျပ် ၃၃၀၀၀၀၀၊ High Power LED Flood Light(3000K) c/w 380W.AMB LED Flood Light(Philips) ၂၃ စုံအတွက် တစ်စုံလျှင် ငွေကျပ် ၁၃၂၀၀၀၀၊ High Power LED Flood Light c/w 20-60 deg,3000k White-Clear Leans(Wide Beam)(Philips) အစုံ ၂၀ အတွက် တစ်စုံလျှင် ငွေကျပ် ၁၀၅၀၀၀၀ ၊ 120W LED Street Light(Philips) ၃၂ စုံအတွက် တစ်စုံလျှင် ငွေကျပ် ၃၆၀၀၀၀၊ High Power LED Flood Light c/w 70 W LED Lamp with 3000K White-Clear Leans(Wide Beam)(Philips) အစုံ ၂၀ အတွက် တစ်စုံလျှင် ငွေကျပ် ၁၂၀၀၀၀ ဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
အများပြည်သူတို့၏ ကုသိုလ်တော် လုံးတော်ပြည့် အဆင့်မြင့်လျှပ်စစ်မီးထွန်းညှိပူဇော်ခြင်းအား ဒီဇင်ဘာ ၁၈ ရက်(၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့)တွင် ရေစက်သွန်းချ လှူဒါန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
သတင်း(ပွင့်သစ္စာ)
ဓာတ်ပုံ(စိုးမြင့်အောင်)