
ရေတာရှည် ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ၌ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးရာသီတွင် စိုက်ပျိုးဧက တစ်သောင်း၀န်းကျင်ကို ဆွာဆည်တမံမှရေဖြင့် ဒီဇင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ စပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး စက်ကျအစို တင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်းခန့်နှုန်း ဖြင့် စပါးပွဲစားများက ဝယ်ယူလျက် ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် စပါးစတင် ရိတ်သိမ်းတော့မည်ဆိုလျှင် ရိတ်ချွေစက် နှင့် စပါးဝယ်ယူမည့် ပွဲစားကို တစ်ပြိုင် တည်းချိတ်ဆက်ထားရာ စပါးရိတ်ချွေ ပြီးပြီးချင်း ပွဲစားက ကတ္တားဖြင့်လည်း ကောင်း၊ တင်းချင်ဖြင့် လည်းကောင်း ၀ယ်ယူသည်။
ကတ္တားဖြင့်ရောင်းချ လျှင် စက်ကျအစို တင်း ၁၀၀ လျှင် ကျပ် ၇၅၀၀၀၀ နှုန်း၊ တင်းချင်ဖြင့် ရောင်းချ လျှင် အစိုတင်း ၁၀၀ လျှင် ကျပ်ခုနစ် သိန်းနှုန်းဖြင့် လက်ရှိ ဝယ်ယူလျက် ရှိသည်။ စပါးစိုက်ပျိုးစဉ်က သွင်းအားစု ဈေးနှုန်းများ မြင့်မားခဲ့သည့်အတွက် လက်ရှိ စပါးပေါက်စျေးနှုန်းသည် တောင်သူများအတွက် အဆင်ပြေသည့် ဈေးနှုန်းဖြစ်ကြောင်း သိရသည်။
“စပါးစျေးကောင်းမှလည်းဖြစ်မှာ၊ ဆီစျေးတက်တော့ ရိတ်ချွေခတွေ ထွန် ယက်ခတွေက မြင့်တက်ကုန်တယ်။ ကျွန်တော်တို့ တောင်သူတွေက စပါးနဲ့ ဆန်စျေးကွက် ကောင်းမွန်မှ အသက်ရှူ ချောင်မှာလေ”ဟု နွေစပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။
မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာ တွင် သုံးလသက်တမ်း စပါးမျိုးများဖြစ် သော ထိုင်းနှံကောက်၊ ရတနာတိုး၊ ပခန်း၊ သုခ - ၂ စပါးမျိုးများကို အဓိကစိုက်ပျိုး ကြပြီး ဒေသအလိုက် ရေသွင်း ရေထုတ် ရေထိုင်ကောင်းမွန်လျှင် တစ်ဧက တင်း ၁၂၀ ကျော်အထိထွက်ရှိကာ ပျမ်းမျှအား ဖြင့် တစ်ဧက တင်း ၈၀ နှုန်းအနည်းဆုံး ထွက်ရှိသည်ကို တွေ့ရသည်။ နွေစပါး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် လုပ်သားစရိတ်နှင့် သယ်ယူစရိတ် ကုန်ကျ မှုများသော အခြောက်လှန်းရောင်းချခြင်း ထက် စက်ကျအစိုကိုသာ ပေါက်စျေးဖြင့် ရောင်းချနေကြပြီး စပါးပေါ်သော ယခုလ နောက်ဆုံးပတ်နှင့် မေလဆန်းပိုင်းတွင် ရောင်းလိုအားနှင့် ဝယ်ယူလိုအားမျှတ လျက် စျေးကွက်ကောင်းမွန်ရန် မျှော်လင့် နေကြသည်။
ကိုလွင်(ဆွာ)