
ရေတာရှည် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် တရုတ်နိုင်ငံမှ ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီက ရေတာရှည်မြို့ အမှတ် ၃ ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ပြုလုပ်သည်။
ရေတာရှည်မြို့ပေါ် ရပ်ကွက် ငါးခုမှ အသက် ၆၀ နှင့်အထက် ရှိသူများကိုလည်းကောင်း၊ စေတနာ့ ဝန်ထမ်းများကိုလည်းကောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးသည်။ ကာကွယ်ဆေးမထိုးနှံမီ ဆေးထိုး မည့်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ စည်းကမ်းများနှင့်အညီ နေရာချထားပေးခြင်း၊ ဆေးမထိုးမီ လိုအပ်သည်များကြိုတင်မှာကြားခြင်း နှင့် ဆေးထိုးပြီးသူများအား နာရီဝက်ခန့် စောင့်ကြည့် ခြင်းတို့ဆောင်ရွက်ပေးခဲ့ရာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှု၍အားပေးစကားများ ပြော ကြားသည်။ ရောဂါဖြစ်ပွားပြီးမှ ဆေးဝါးကုသခြင်း ထက် ယခုလိုကာကွယ်ဆေးများ ထိုးနှံခြင်းအားဖြင့် ရောဂါကူးစက်ခံရသည့်တိုင် အသက်အန္တရာယ်ကို များစွာ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ ထိုးနှံပြီးသွားသူများအနေဖြင့် ၂၈ ရက်အကြာ တွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။
ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဘိုးတော်ကုန်း၊ ကြံသနွယ်၊ ပိတောက်ခင် ၊ သပြေတန်း ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကာ သတ်မှတ်ချက်အရ ကာကွယ် ဆေးထိုးနှံမည့်သူ ၁၀၃၂ ဦးရှိပြီး ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီမြို့များနှင့် ကျေးရွာအုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
သန်းလွင်(ဆွာ)