
မောင်မောင်စွယ်စုံထွန်း
လျှပ်စစ်ဓာတ်အား စနစ်တစ်ခု ကောင်းစွာလည်ပတ်နိုင်ဖို့ လျှပ်စစ် ထုတ်လုပ်ခြင်း (Generation)၊ လျှပ်စစ်သွယ်တန်းခြင်း (Transmis-sion) နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း (Distribution)တို့ကို တစ်ပြိုင်တည်းဆောင်ရွက်ကြရသည်။ လျှပ်စစ်ထုတ်လုပ်သည့် စက်များမှ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရာတွင် ထွက်ပြီးအသုံးမရှိလျှင် စက်များ အလိုအလျောက် ရပ်ဆိုင်းအောင် စီမံဆောင်ရွက်ထားလေ့ ရှိကြသည်။ အဆိုပါထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြို့ရွာများ သို့ ဖြန့်ဖြူးရေးဆောင်ရွက်နိုင်အောင် ဓာတ်အားစနစ် ကွန်ရက်ကြီး တစ်ခု တည်ဆောက်ထားပြီးလျှင် မဟာဓာတ်အားလိုင်းကြီးများဖြင့် ပင်မဓာတ်အားခွဲရုံ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားပါသည်။ ပင်မ ဓာတ်အားခွဲရုံဟုခေါ်သော ၂၃၀ ကေဗွီ သို့မဟုတ် ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံအကြီးစားများ တစ်ခုနှင့်တစ်ခုကို မဟာဓာတ်အား လိုင်းကြီးများက ဆက်သွယ်ပေးထားပြီး သက်ဆိုင်ရာ မြို့ရွာများသို့ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီဓာတ်အားခွဲရုံ အသေးများမှတစ်ဆင့် ဓာတ်အားလိုင်းတိုင်များဖြင့် ဓာတ်အားဖြန့်ဖြူးပေးပါသည်။ မြို့နယ် တစ်ခုအတွင်း ၁၁ ကေဗွီဓာတ်အားလိုင်း အသေးစားလေးများဖြင့် မိမိတို့ရပ်ရွာရှိ ထရန်စဖော်မာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားပြီး ထိုမှတစ်ဆင့် ၀ ဒသမ ၄ ကေဗွီလိုင်း(၄၀၀ဗို့ဓာတ်အားလိုင်း)များဖြင့် ရပ်ကွက်အတွင်း မီးသုံးသူပြည်သူများ၏ နေအိမ်သို့အရောက် လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပါသည်။
လူ့ခန္ဓာကိုယ် အသက်သွေးကြောများသဖွယ် ယှက်သွယ်နေကြ
ထိုသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားလိုင်းကြီး များ (မဟာဓာတ်အားလိုင်းများ)နှင့် ဓာတ်အားလိုင်းသေးများ (၆၆ ကေဗွီ / ၃၃ ကေဗွီ / ၁၁ ကေဗွီ / ၀ ဒသမ ၄ ကေဗွီ ဓာတ်အားလိုင်း များ) သည် လူ့ခန္ဓာကိုယ်မှ အသက်သွေးကြောများသဖွယ် ဓာတ်အား ကွန်ရက်အတွင်း ယှက်သွယ်နေကြခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် ပင်မသွေးကြောမကြီး ထိခိုက်ဒဏ်ရာရရှိပါက ပြန်လည်ကုသရန် ခက်ခဲသကဲ့သို့ ကျန်နေရာများသို့ သွေးမရောက်သဖြင့် အသက် အန္တရာယ်စိုးရိမ်လာရသလိုပင် ပင်မဓာတ်အားလိုင်းကြီးများဖြစ်သော မဟာဓာတ်အားလိုင်းတိုင်ကြီးများ ပျက်စီးခြင်း၊ ပြိုလဲခြင်းများ ဖြစ်ပေါ်လာပါက အဆိုပါမဟာဓာတ်အားလိုင်းကြီးမှတစ်ဆင့် ပင်မ ဓာတ်အားခွဲရုံမှ ဆက်သွယ်နေသောနေရာ ဒေသများအားလုံးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ဖြစ်ပေါ်လာစေပါသည်။ ဓာတ်အားထုတ်လုပ်သည့် စက်ရုံများအနီးတွင် မဟာဓာတ်အားလိုင်း တိုင်ကြီးများ ပျက်စီးပါက ဓာတ်အားထုတ်လုပ်သည့် စက်များပင် အလိုအလျောက်ရပ်တန့် သွားစေပါလိမ့်မည်။ ခွဲရုံများမှ တစ်ဆင့်ခံ၍ ပေးထားသည့်နေရာဖြစ်ပါက အဆိုပါဓာတ်အားလိုင်းဘက်သို့ ဓာတ်အားမစီးရန် ပိတ်ထားပြီး ကျန်ဆက်သွယ်သည့်နေရာများသို့ ဓာတ်အားပို့လွှတ်၍ ရနိုင်ပါသေးသည်။
တိုင်ကြီးများ ပျက်စီးခဲ့ပါက
ပြုပြင်တည်ဆောက်ရချိန်လည်း ကြာမြင့်
လူ့ခန္ဓာကိုယ်တွင် သွေးကြောအသေးစားရှိသော နေရာများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ဆေးကုသရန် လွယ်ကူသကဲ့သို့ ဓာတ်အား လိုင်းသေးများပျက်စီးက ပြုပြင်ရန် လွယ်ကူမြန်ဆန်သော်လည်း ပင်မဓာတ်အားလိုင်းကြီးများ ပျက်စီးပါက ပြုပြင်ရန် လွန်စွာခက်ခဲပြီး အချိန်လည်း ကြာမြင့်လေသည်။ မဟာဓာတ်အားလိုင်းတိုင်ကြီးများ သည်အဝေးမှ ကြည့်မြင်ပါကသေးသည်ဟု ထင်ရသော်လည်းတစ်ခု ခြင်း အနီးကပ်ကြည့်ရှုပါက အလွန်ကြီးမားလှသောတိုင်များဖြစ်၍ တာဝါတိုင်များဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ အဆိုပါတိုင်ကြီးများ ပျက်စီးခဲ့ပါက အစားထိုးပြုပြင်ရန် လူ အင်အား၊ စက်ယန္တရားများနှင့် အစားထိုးပစ္စည်းများ မြောက်မြားစွာ လိုအပ်သည့်အပြင် ပြုပြင် တည်ဆောက်ရချိန်လည်း ကြာမြင့်ပါသည်။
မြို့ရွာတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်မီးက အရေးပါ
လျှပ်စစ်ကဏ္ဍနှင့် စပ်လျဉ်း၍ ကယားပြည်နယ်ရှိ ပွန်ချောင်း ရှားတောလမ်းပေါ်က တောင်နံရံပေါ်တွင် ဆောက်လုပ်ရေးဌာနမှ ရေးထိုးထားသော ကျောက်စာချပ်များပေါ်ရှိ စာသားများကဲ့သို့ လျှပ်စစ်အနေဖြင့် အစားထိုးပြောရပါလျှင် “ပြည်သူများ၏ ကျန်းမာ ရေး၊ စီးပွားရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်မီး တိုးတက်ရရှိမှ ဖြစ်မည်၊ သင် ပြည်သူ့ရန်သူ မဖြစ်ပါစေနဲ့” ဟု တင်ပြ လိုပါသည်။ အမှန်တကယ်လည်း နေရာဒေသ မြို့ရွာတစ်ခု ဖွံ့ဖြိုး တိုးတက်လာစေရန်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့လိုသလို လျှပ်စစ်မီးကလည်း အရေးပါလှသည်။ လျှပ်စစ်မီးသာရရှိလာပါက အဆိုပါ ဒေသမြို့ရွာ၏ စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး လူနေမှုအဆင့်အတန်းများသည် တစ်ရှိန်ထိုး မြင့်မားတိုးတက်လာ မည်မှာမလွဲဧကန် ဖြစ်ပါသည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ရုံတစ်ခုတည်းသာမဟုတ်ဘဲ ရရှိလာသည့် ဓာတ်အားကို သွယ်တန်းပေးနိုင်မည့် မဟာဓာတ်အားလိုင်းကြီးများလိုအပ်သလို ဖြန့်ဖြူးပေးနိုင်မည့် ခွဲရုံအသေးစားနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ လည်း အပြိုင်ဖွံ့ဖြိုးတိုးတက်လာစေဖို့ လိုပါသည်။ လျှပ်စစ်ကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ လျှပ်စစ်ကဏ္ဍတွင် တာဝန် ထမ်းဆောင်နေသူများမှချည်း ဆောင်ရွက်နေ၍မရပါ။ အားလုံးသော ပြည်သူတို့ပါဝင်လာပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်မှသာလျှင် အောင်မြင်မှုများ ရရှိလာစေမည်ဖြစ်သည်ကို လက်တွေ့ဖြစ်ရပ် များစွာက သက်သေခံလျက်ရှိနေပေပြီ၊ လျှပ်စစ်ကိုရင်းမြစ်မျိုးစုံမှ ထုတ်လုပ်နိုင်ရန်မှာ ပြည်သူတို့၏ အသိဉာဏ်ပညာပြည့်စုံကြွယ်ဝမှု များစွာလိုအပ်နေပြီး မီဒီယာအချို့၏ သွေးထိုးလှုံ့ဆော်မှုအရ ဖြစ်ပေါ် လာသော no coal , no dam စသည့်ကန့်ကွက်မှုမျိုးများ ရှိမနေဖို့လိုပါ သည်။ မိမိတို့ တိုင်းပြည်တွင် လျှပ်စစ်မီးပြည့်ဝစွာ သုံးစွဲနိုင်ရန်ကိုသာ အဓိကထား၍ တွေးခေါ်စဉ်းစားတတ်ဖို့လည်းလိုပါမည်။ ရေအားစက်ရုံ များသည် နွေရာသီတွင် ဓာတ်အားပြည့်ဝစွာ မထုတ်လုပ်နိုင်သဖြင့် သင့်လျော်သော "Generation mix" ကို တည်ဆောက်ရန် လိုအပ် နေသည့်အလျောက် System တည်ငြိမ်မှုကို အဓိကထား၍ ဦးစားပေး ရွေးချယ် ဆောင်ရွက်ပေးလျက်လည်းရှိပါသည်။ မိမိတို့ နိုင်ငံတွင် ပေါများ၍ သုံးမကုန်နိုင်သော အရင်းအမြစ်ဖြစ်သည့် ရေအားလျှပ်စစ် ကိုလည်း ဖြစ်နိုင်သရွေ့ အပြည့်အဝ အသုံးချနိုင်အောင်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ အဓိကကျောရိုး
ထို့ပြင် ထုတ်လုပ်ပြီးသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာ အဆင့်မီ သွယ်တန်းဖြန့်ဖြူးပေးနိုင်ဖို့လည်း လိုအပ်နေသဖြင့် နိုင်ငံ တစ်ဝန်းလုံးသို့ ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပေးခြင်း၊ အသစ် တည်ဆောက်ခြင်း တို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိ ပါသည်။ ထို့ပြင် အဆင့်မီစွာဖြင့် ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် လည်း ဓာတ်အားအများဆုံး ထုတ်လုပ်နိုင်သော မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများမှ တောင်ပိုင်းဒေသများသို့ ဓာတ်အားပို့လွှတ်ရာတွင် ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းများကိုသာ အသုံးပြုနိုင်ခဲ့ရာမှ ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ လျှပ်စစ်ဓာတ်အားကို တစ်နေရာမှ တစ်နေရာသို့ သွယ်တန်းပို့လွှတ်ရာတွင် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းကြီးများကို အသုံးပြုနိုင်အောင်လည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၃၀ ကေဗွီဖြင့် ဓာတ်အားပို့လွှတ်ရာတွင် ဝန်အားပြည့်နေခြင်း၊ ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် အရန်ဓာတ်အားလိုင်း မရှိသဖြင့် System Breakdown (System black out) ဖြစ်ပွားမှုများ လာစေခြင်း စသည့်အားနည်းချက် အခက်အခဲများကို ကျော်လွှားနိုင်ရန် ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံကြီးများနှင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းကြီးများကို မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ (Back Bone) အဓိကကျောရိုးအဖြစ် ကြိုးစားတည်ဆောက်နေဆဲလည်း ဖြစ်ပါသည်။ အလားတူ ဖြန့်ဖြူးရေးကဏ္ဍတွင်လည်း ကျေးရွာများ အထိ ပိုမိုဖြန့်ဖြူးပေးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံးနိုင်ငံတော် ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်သည့် ၅၀ ရာခိုင်နှုန်း ပြည့်မီသည့် အခမ်းအနားများကို နိုင်ငံနှင့်အဝန်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ပြီလည်း ဖြစ်ပါသည်။
ဆက်လက်၍ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရာနှုန်းပြည့် မီးလင်းပြီး ဖြစ်စေရန်လည်း နိုင်ငံတော်က ဘက်စုံကြိုးစား၍ လျာထားဆောင်ရွက် ပေးလျက် ရှိနေပါသည်။
ထိုသို့နိုင်ငံတော်ဘက်မှ ဓာတ်အားတိုးတက်ရရှိ၍ ထုတ်လုပ် သွယ်တန်းဖြန့်ဖြူးပေးနိုင်ရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိနေ သော်လည်း မသမာသူတို့၏ သွေးထိုးစကားများကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအချို့မှာ ပြန်လည်ရုပ်သိမ်းသွားကြခြင်း၊ တာဝါတိုင်များ ဖျက်ဆီးခံရပြီး ပြုပြင်ခွင့်မရခြင်းများကြောင့် ယခုအခါ မြန်မာ တစ်နိုင်ငံလုံးနီးပါး ဓာတ်အားမလုံလောက်မှုများ ဖြစ်ပေါ်လာစေပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးနေရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အခြေအနေများကို လွန်မြောက်နိုင်စေရန် လျှပ်စစ်ကဏ္ဍအား ရေရှည်ဖွံ့ဖြိုး တိုးတက် စေရန်အတွက်လည်း နိုင်ငံတော်ဘက်မှ နည်းလမ်းပေါင်းစုံ အသုံးပြု၍ ကြိုးစားပမ်းစား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေခြင်း လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ဓာတ်အား လုံလောက်ဖို့အတွက် မဂ္ဂါဝပ်ပေါင်း
၅၀၀၀ ကျော်ခန့် အနည်းဆုံးလိုအပ်
မြန်မာနိုင်ငံ၏ လက်ရှိစက်တပ်ဆင်အင်အား မဂ္ဂါဝပ်ပေါင်း ၇၀၀၀ ကျော်တွင် ရေအားလျှပ်စစ်မှ ထုတ်ယူသည်မှာ ၄၀ ရာခိုင်နှုန်းကျော် ဖြစ်ပြီး အခြားစွမ်းအင်များမှ ၅၀ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ် အားကို ထုတ်လုပ်ပေးလျက် ရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ Electricity demand အရ တွက်ချက်ကြည့်မည်ဆိုလျှင် လျှပ်စစ် ဓာတ်အား လုံလောက်ဖို့အတွက် မဂ္ဂါဝပ်ပေါင်း ၅၀၀၀ ကျော်ခန့် အနည်းဆုံး လိုအပ်လျက်ရှိရာ အဆိုပါခန့်မှန်းချက်သည် လက်ရှိ demandသာဖြစ်ပြီး အနာဂတ်လူဦးရေနှင့် လိုအပ်ချက်အတွက်ဆိုပါ လျှင် ယခုထက်များစွာပိုလာနိုင်လိမ့်မည်ဟု ခန့်မှန်းသိရှိနိုင်ပါ သည်။
ကမ္ဘာ့နိုင်ငံအတော်များများတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် သည့်အခါ၌ အရင်းအမြစ် ၁၀ မျိုးခန့်မှနေ၍ သင့်တော်သလို စီမံခန့်ခွဲ သုံးစွဲကြရပါသည်။ နျူကလီးယား၊ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာ၊ ဒီရေ၊ ဘူမိအပူ စွမ်းအင်နှင့် အခြားစွန့်ပစ်ပစ္စည်းများ၊ လောင်စာများကနေ ထုတ်ယူသုံးစွဲကြရာမှာ မိမိနိုင်ငံမှာရှိသော အားသာချက်၊ အားနည်း ချက်များကိုကြည့်၍ စီမံခန့်ခွဲနေကြရပါသည်။ မည်သည့် အရင်းအမြစ် မှ ထုတ်ယူသည်ဖြစ်စေ ကောင်းကျိုး၊ ဆိုးကျိုးများက ဒွန်တွဲနေမြဲ ဖြစ်ပါသည်။ ကောင်းကျိုးသာရပြီး ဆိုးကျိုးလုံးဝမရှိသော လျှပ်စစ် ထုတ်လုပ်မှုဟူ၍ ကမ္ဘာတွင် လုံးဝမရှိပါ၊ ရှိလည်းမရှိနိုင်ပါ။
မြန်မာနိုင်ငံသည် လျှပ်စစ်အရင်းအမြစ်ကြွယ်ဝသည့်
နိုင်ငံစာရင်းဝင်ဖြစ်
ကမ္ဘာပေါ်မှာ ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်စက်ရုံတွေ အများဆုံးရှိသော နိုင်ငံကြီးများက မြန်မာနိုင်ငံကို ကုန်ကျစရိတ် သက်သာသည့် ကျောက်မီးသွေးရော ရေအားပါ မထုတ်စေချင်ဘဲ Environmental effect များနှင့် ခြိမ်းခြောက်ကာ မည်သည့်လျှပ်စစ် မျိုးကိုမှ မထုတ်စေလိုဘဲ မည်သည့်အတွက် ဖယောင်းတိုင်မီးဖြင့်သာနေ စေချင်ပါသလဲ ဆိုသည်ကိုတော့ မြန်မာပြည်သူများကို ချစ်လို့နေ မှာပါဟုပဲ ကျွန်တော်ကပြောချင်ပါသည်။ မြန်မာပြည်သူတွေအနေဖြင့့် မီးကို လုံလုံလောက်လောက် သက်သက်သာသာနှင့် သုံးမှာလား၊ သူများပါးစပ်ဖျား လမ်းဆုံးမှာလားဆိုသည်ကို မြန်မာပြည်သူများ ကသာ ရွေးချယ်ပေးကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ရေအား လျှပ်စစ်အရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံစာရင်းဝင်ဖြစ်ပြီး ကမ္ဘာ့ အဆင့် ၁၄ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်တည်းက တိုင်းတာစစ်ဆေးတွေ့ရှိချက်များအရ ရေအားအရင်းအမြစ်မှ ၄၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ၇ ရာခိုင်နှုန်းကျော်ကျော်ခန့်ကိုသာ လက်ရှိထုတ်လုပ်နိုင်သေးခြင်း ဖြစ်ပါသည်။ အမှန်တကယ်ထုတ်ယူ သုံးစွဲနိုင်မည်ဆိုလျှင် တစ်ကိုယ်လုံး စိန်စီထားသလို လျှပ်စစ် ဓာတ်အားကို တစ်နိုင်ငံလုံး လင်းထိန်နေအောင် လွှတ်ပေးထားလို့ ရသည်ဟု ပြောနိုင်သောနိုင်ငံတစ်ခု ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်များစွာ ထွက်ရှိနိုင်မည်ဖြစ်၍ မူလက တည်ဆောက်ရန် လျာထားစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သော ချင်းတွင်း မြစ်ပေါ်ရှိ ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်း၊ ထမံသီရေအား လျှပ်စစ် စီမံကိန်း၊ သံလွင်မြစ်ပေါ်ရှိ တာဆန်းရေအားလျှပ်စစ်စီမံကိန်းနှင့် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းများသည် ကန့်ကွက်ခံရမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်တည်ဆောက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရခြင်းများသည်လည်း ယခုကဲ့သို့ ဓာတ်အားမလုံမလောက် ဖြစ်စေခဲ့ရသော အဓိကအကြောင်း ရင်းများဖြစ်သည်ကို ပြည်သူများ နားလည်သိရှိကြစေလိုပါသည်။
ယခုအချိန်သည် နွေရာသီကာလ၏ အပူဆုံးအချိန်များဖြစ်ရာ ရေလှောင်ကန်များတွင် ရေခန်းလာပြီဖြစ်ပါသည်။ မိုးရာသီကာလတွင် ဆည်များရေအပြည့်ဝင်တာရှိသလို မဝင်တာတွေလည်း ရှိခဲ့ပါသည်။ မိုးအကုန်ကစပြီး ဖြည်းဖြည်းချင်း ထိန်းသိမ်းချွေတာမောင်းနှင်လာခဲ့ ရသည့်ရေများသည် ယခုလို နွေရောက်ချိန်မှာ Level တစ်ခုအထိ ကျဆင်းနေမည်မှာ အသေအချာပင်ဖြစ်ပါသည်။ နောက်နှစ်မိုးရာသီ ရေရချိန်အထိ ထိန်းသိမ်းမောင်းနှင်ရသည့်အတွက် ရေအားစက်ရုံများ တွင် ထွက်ရှိလာသော မဂ္ဂါဝပ်များ နည်းလာသဖြင့် ဝန်အားပိုမိုထိန်းညှိ နေကြရပါသည်။ နေ့ဘက်ဝန်အား လျော့ပြီး ညဘက်တိုးမောင်းပါ၊ ဟိုလိုလုပ်ပါ၊ သည်လိုလုပ်ပါ စသည်ဖြင့် ပြည်သူတို့ အသံမျိုးစုံကို လည်းကြား နေရပါသည်။ မီးတွေပျက်လို့ လူတွေစိတ်ညစ်သောက ရောက်နေကြရသည်ကိုလည်း ၂၀၂၄ ခုနှစ်ဆန်းပိုင်း ကျွန်တော် ကိုယ်တိုင်မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းတာဝန် ထမ်းဆောင်ခဲ့ရသဖြင့် ထပ်တူခံစားနားလည်မိပါသည်။ သို့သော် ဝန်အားမနိုင်ဖြစ်နေသည်ကိုမည်သို့ လုပ်ဆောင်ရပါမည်လဲ၊ ထွက်ရှိ သည်ကနည်းပြီး သုံးချင်နေသည်က များနေသည်ကို မည်သို့ဆောင် ရွက်ရပါမည်လဲ၊ ပြည်သူများမိမိဘာသာ စဉ်းစားကြစေလိုပါသည်။
အုပ်စုများခွဲ၍ ဖြန့်ဖြူးပေးလျက်ရှိ
အထက်ဖော်ပြပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲ အချိုးအစားအပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်းကို အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူ ပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက်ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိနေခြင်းသာဖြစ်ပြီး ဓာတ်အား ထုတ်လုပ်နိုင်မှုအရ အချိုးကျအချိန်အပိုင်းအခြား အလိုက်ခွဲဝေ ဖြန့်ဖြူးနေသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအခြေ အနေအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency) အောက် ရောက်ရှိသွားပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့် စက်များကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ် စေရေးအတွက် ဗဟိုအမျိုးသားဓာတ်အားကွပ်ကဲရေးဌာန (National Control Centre)မှ အရေးပေါ်ဝန်အားလျှော့ချရန်အတွက် ဓာတ်အား ဖြတ်တောက်ရခြင်းများကို မဖြစ်မနေပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရ ရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာ ဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် မီးနည်းနည်းအချိန်စော၍ ပြန်ပေးသည်ကိုလည်း ဝန်အားနိုင်လို့ဟု ထင်နေသူအချို့ကလည်း ရှိသည်။ ၉နာရီအထိမှယူရင် စုပြုံသုံးလို့ ဝန်အား ဆောင့်တက်လာပြီး System Break down မဖြစ်အောင်နည်းနည်းစော၍ ဓာတ်အားပေးပြီး System Stability ဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေရခြင်းသာ ဖြစ်ပါသည်။ ဓာတ်အားသုံးစွဲမှုလျော့လာ၍ မီးပိုပေးနိုင်လာခြင်းလည်း လုံးဝမဟုတ်ပါ။
မည်သို့ပင် အခက်အခဲများစွာကြုံတွေ့နေရစေကာမူ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအနေဖြင့် လက်ရှိဓာတ်အားလျော့နည်းရရှိနေ သည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက် နေမှုများကို ကျော်လွှားလွန်မြောက်နိုင်စေရန် ဘက်ပေါင်းစုံမှ လျှပ်စစ်ဝန်ထမ်းများ၏ အသက်၊သွေး၊ချွေး၊ နည်းပညာများစွာ ရင်းနှီး ပေးဆပ်၍ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ မဝေးလှ သော အချိန်ကာလတစ်ခုတွင် ပြည်သူတို့အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို အပြည့်အဝရရှိစေနိုင်မည်ဖြစ်ပါသည်။ ထိုသို့ မည်မျှခက်ခဲကြမ်းတမ်း၍ အသက်အန္တရာယ်စိုးရိမ်နေရသည်ဖြစ်စေ ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးကိုသာ အဓိက ရည်မှန်းချက်ထားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဝန်ထမ်းများ အားလုံးမှ တညီတညွတ်တည်း တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း ပြည်သူများ သိရှိနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ ။
- Log in to post comments