
အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးတစ်ခု ဖြစ်ပြီး ထူးခြားသည့် ရေဝပ်ဒေသ ဂေဟစနစ် နှင့် ရှားပါးမျိုးစိတ်များ တည်ရှိနေမှု၊ ဆောင်းခို ငှက်များ ကျရောက်ကျက်စားမှု၊ ဇီဝမျိုးစုံမျိုးကွဲ နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝမှုတို့ ကြောင့် ထင်ရှားသည့် ရေအိုင်ကြီးတစ်ခုဖြစ် သည်။
အင်းလေးကန်အတွင်း သဘာဝအလျောက် ဖြစ်တည်နေသည့် ကျွန်းမျောရိုင်း အပိုင်းအစ များ၊ ဗေဒါပင်များ၊ ရေခြံကျွန်းမျော စိုက်ခင်း များမှ စွန့်ပစ်ကျွန်းမျောရိုင်း အပိုင်းအစများ သည် အင်းရေပြင်အတွင်း ရာသီဥတုအနေ အထားအလိုက် နေရာအနှံ့အပြား ပြန့်ကျဲ လျက်တည်ရှိနေရာ အင်းရေပြင် အမြင် မတင့်တယ်ခြင်း၊ စက်လှေများသွားလာရန် ခက်ခဲခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ကျွန်းမျောရိုင်းများ၊ ဗေဒါပင်များ ရှင်းလင်း ဆည်ယူနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အင်းလေးကန် ရေပြင်အတွင်း ဇုန်နေရာ ခုနစ်ခုသတ်မှတ်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ အကောင်အထည်ဖော် ပြီးစီးခဲ့ပြီဖြစ်သည်။
အင်းလေးကန်အတွင်း ပြန့်ကျဲနေသည့် ကျွန်းမျောရိုင်း၊ ဗေဒါများ ရှင်းလင်းခြင်းလုပ်ငန်းကို ဌာန၏ Backhoe on Pontoon စက်ငါးစီး၊ ကုန်းရေ နှစ်ထွေသွား မြေတူးစက် နှစ်စီး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ကုန်းရေနှစ်ထွေသွား မြေတူးစက် တစ်စီး တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ရေမှော်ရှင်းလင်းခြင်းလုပ်ငန်းကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က အင်းသား စာပေ၊ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်းသို့ လှူဒါန်း ထားသည့် ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester နှစ်စီးနှင့် ဌာနပိုင် ရေမှော်ဖြတ်စက် နှစ်စီးတို့ဖြင့် လုပ်ငန်းစတင်ခဲ့သည့် အောက်တိုဘာလမှစ၍ တစ်လအတွင်း အပြီးသတ် ဆောင်ရွက်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ သိရသည်။
“အရင်တုန်းက အင်းရေပြင်မှာ ဗေဒါတွေ၊ ဒိုက်တွေနဲ့ ပိတ်ဆို့နေတော့ သွားရလာရတာ အဆင် မပြေပါဘူး၊ စက်လှေမောင်းတဲ့အခါမှာလည်း အခက် အခဲတွေ အများကြီးကြုံခဲ့ပါတယ်၊ အခုလို အင်း ရေပြင်သန့်ရှင်းရေး ဆောင်ရွက်ပြီးတဲ့နောက်ပိုင်း သွားလာရတာ၊ စက်လှေမောင်းရတာ အဆင်ပြေလာ ပါတယ်”ဟု ညောင်ရွှေမြို့မှ စက်လှေမောင်းသူ ကိုတင်အောင်လွင်က ပြောသည်။
ကန်အတွင်း နေရာအတည်တကျမရှိဘဲ ပြန့်ကျဲ လျက်ရှိသည့် ကျွန်းမျောရိုင်းနှင့် ဗေဒါများကို သတ်မှတ်ဇုန်နေရာ ခုနစ်ခုတွင် ခန့်မှန်းဧရိယာဧက ၄၆၅ ဒသမ ၄၃ ဧကခန့် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ အင်းရေပြင်အတွင်း ထူထပ်စွာ ပေါက် ရောက်လျက်ရှိသည့် ရေမှော်ပင်များကိုလည်း ခန့်မှန်းဧရိယာဧက ၂၃၄ဧကခန့် ရှင်းလင်းဆောင်ရွက် ခဲ့သည့်အပြင် အဓိကရေလမ်းမကြီးများဖြစ်သည့် နမ့်ကတ်ချောင်းရေလမ်းကြောင်းနှင့် ငါးဖယ်ချောင်း ရေလမ်းကြောင်း ဘေးဝဲယာတစ်လျှောက် ကပ်ငြိနေ သည့် ကျွန်းမျောရိုင်းနှင့် ဗေဒါရှင်းလင်းခြင်းလုပ်ငန်း များကိုပါ တွဲဖက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ရှင်းလင်းဆယ်ယူဆောင်ရွက်ခဲ့သည့် ကျွန်းမျောရိုင်း အပိုင်းအစများနှင့် ဗေဒါပင်များသည် သဘာဝမြေဩဇာအဖြစ်အသုံးပြုရန် သင့်လျော် ကောင်းမွန်သည့်အပြင် လွန်ခဲ့သည့်နှစ်များက ဆယ်ယူစုပုံထားရှိသည့် ကျွန်းမျောရိုင်းနှင့် ဗေဒါ များကို အင်းလေးဒေသရှိ ဒေသခံများ၊ ရေခြံစိုက်ပျိုး သည့် တောင်သူအစုအဖွဲ့များ၊ သမဝါယမအသင်းစု များက သဘာဝမြေဩဇာအဖြစ် ထုတ်ယူသုံးစွဲနေ ကြပြီဖြစ်သည်။
“အင်းရေပြင်သန့်ရှင်းရေး ပြုလုပ်ရာက ထွက်လာတဲ့ ဗေဒါတွေကို အကျိုးရှိအောင် အသုံးပြုဖို့ အတွက် ဗေဒါမြေဆွေး အခြေခံသဘာဝမြေဩဇာ ထုတ်လုပ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆောင်ရွက်နေပါတယ်၊ အင်းလေးကန် အတွက် အကျိုးရှိမယ့်၊ ဒေသခံလူထုအတွက် အကျိုး ရှိမယ့်၊ ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချနိုင်မယ့် အခြေ အနေတွေကို ရည်ရွယ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်၊ စွန့်ပစ်ဗေဒါကနေ သဘာဝမြေဩဇာပြုလုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့ရာ အကျိုးဖြစ် ထွန်းစေတာ တွေ့ရပါတယ်”ဟု Save The Inle Lake အဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက ရှင်းပြသည်။
အင်းလေးကန်အတွင်းမှ ကျွန်းမျောရိုင်းနှင့် ဗေဒါ ပင်များ ရှင်းလင်းရာတွင် သတ်မှတ်ထားရှိသည့် ဇုန်နေရာ ခုနစ်ခုမှ ဆယ်ယူရရှိသော ကျွန်းမျောရိုင်း၊ ဗေဒါပင်များကို အင်းရေပြင်အထွက် နမ့်ကတ် ချောင်းဝ၊ မိုင်းသောက်ဈေးအဝင် ရေလမ်းထိပ်၊ ဇရပ်ကြီးကျေးရွာအနီးနှင့် လယ်သစ်ကျေးရွာအနီးတို့ တွင် စုပုံထားရှိပြီး ဒေသခံတောင်သူများ သဘာဝ မြေဩဇာအဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထား သည်။ အင်းလေးဒေသခံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် ယခုကဲ့သို့ သဘာဝမြေဩဇာအဖြစ် ထုတ်ယူသုံးစွဲမည်ဆိုပါက ဓာတုသုံးစွဲမှုလျော့ကျပြီး အင်းလေးကန်၏ ရေအရည်အသွေးကိုလည်း ထိခိုက်မှုလျော့နည်းစေနိုင်ကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အင်းလေးကန်အတွင်း ပြန့်ကျဲလျက် ရှိသည့် ကျွန်းမျောရိုင်း၊ ဗေဒါများကို ဆယ်ယူရှင်းလင်း ဆောင်ရွက်ပြီးနောက် ဆက်လက်ပြန့် ပွားမှု၊ ပြန့်ကျဲ မှုများမရှိစေရန် အင်းရေပြင်ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းကို လစဉ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာရေလမ်းကြောင်းများ တစ်လျှောက် တည်ရှိနေသည့် ကျွန်းမျောရိုင်းနှင့် ဗေဒါများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဗေဒါဆယ်စက် နှစ်စီးဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အင်းလေးကန်အတွင်းရှိ ကျေးရွာများ၊ ရေခြံစိုက်ခင်းများမှ ကျွန်းမျောရိုင်း၊ ဗေဒါစွန့်ပစ်မှု စနစ်တကျရှိစေရေးအတွက် စွန့်ပစ်ရန်နေရာများ သတ်မှတ်ပေးခြင်း၊ စနစ်တကျစွန့်ပစ်စေရန် ပညာ ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ အင်းလေးကန်ရေပြင်သည် ဗေဒါ၊ ဒိုက်၊ ကျွန်းမျောများ ကင်းစင်ရှင်းလင်းလျက်ရှိ ပြီး ရေပြင် ကျယ်မြင်ကွင်းအလှ၊ သဘာဝ အလှတရားများ ဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ဖိတ်ခေါ်လျက် ရှိကြောင်း ရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါးနှင့်
ဓာတ်ပုံ - နေမျိုးသူရိန်