
ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သည့် နှမ်းမျိုးစေ့ထုတ်လုပ်မှု တိုးတက်စေရေး စီမံကိန်းလှုပ်ရှားမှုအနေဖြင့် နှမ်းသီးနှံ သုတေသနစမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်က ရဲကြီးကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးဦးတိုးမင်းက ဒေသနှင့် ကိုက်ညီ သော နှမ်းမျိုးနှင့် စိုက်နည်းစနစ်များကို တောင်သူများသိရှိရန်နှင့် သီးနှံစမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်းကြောင်း ပြောကြား ပြီး ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သူက ကျောက်ဆည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံစုစုပေါင်းစိုက်ဧက ၉၇၈၉၅ ဧက စိုက်ပျိုးနိုင်ပြီး ဆီဖူလုံမှုအနေဖြင့် ၁၂၁ ဒသမ ၆၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် မဲခေါင်-လန်ချန်းစီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် နှမ်းသီးနှံ သုတေသန စမ်းသပ်ချက်များအပေါ် တောင်သူများအနေဖြင့် နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သူ ဒေါက်တာယုမွန်က တောင်သူများ အနေဖြင့် နှမ်းသီးနှံသုတေသနစမ်းသပ်ကွက်များကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှမ်းစမ်းသပ်ကွက်များကို မန္တလေးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံတောင်သူများက ရဲကြီးကျေးရွာ တောင်သူဦးမြင့်အောင်နှင့် ကုလကျေးရွာ တောင်သူ ဦးစိန်အောင်တို့၏ နှမ်းမျိုးစမ်းသပ်ကွက်များ အတွင်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မောင်ကျော်ကြီး