ရေကောင်းမြေမှန် စာပေဗိမာန်

Type

 

မြင်းမူမောင်နိုင်မိုး
 

၁၉၆၅ ခုနှစ်ခန့်ကစ၍ ကဗျာကလေးများ ရေးသားခဲ့သော   ကျွန်တော်သည်  စာပေဗိမာန်ဟူသောအမည်ကို     အလွန်ပင်စိတ်ဝင်စားခဲ့ပါသည်။ ကျွန်တော်တို့ ကဗျာရေးခါစက ရွှေသွေးဂျာနယ်သည် မပေါ်ပေါက် သေးပေ။ ရွှေသွေးဂျာနယ်က ၁၉၆၉ ခုနှစ်ခန့်မှ စတင်ပေါ်ပေါက်သည်ထင်ပါ၏။ ရွှေသွေးမှာ ကဗျာရေးချင်သည်။ ရုပ်ပြဇာတ်လမ်းလေးတွေ ရေးချင်သည်။ သို့သော်လည်း ကိုယ်နှင့်ဆက်စပ်မှုမရှိ။ ဘယ်လိုဘယ်ပုံ  စာမူပို့ရမည်ကိုလည်းမသိ၊ စာရေးစကာလမှာ စာပေဗိမာန်နှင့်လည်း မနီးစပ်ခဲ့ပါပေ။

 

စာပေဗိမာန်အေးရိပ် မှေးမှိတ်ခွင့်ကြုံခဲ့ပြီ 


၁၉၇၃ ခုနှစ်တွင်   စီးပွားရေးတက္ကသိုလ်မှ ဝါဏိဇ္ဇဘွဲ့ကို (စာရင်းကိုင်စာရင်းစစ် အဓိကဖြင့်) ရရှိခဲ့၏။ ကျွန်တော်တို့ဘွဲ့ရပြီးပြီးချင်း Certified Public's Accountant   (လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်သင်တန်း) တက်ရောက်ရန် လျှောက်လွှာ ခေါ်သည်။ ထိုသင်တန်းမှာ     မြန်မာနိုင်ငံစာရင်း ကောင်စီက ဖွင့်လှစ်ခြင်းဖြစ်ပြီး   ဘွဲ့ရသည့်နှစ်တွင် တောက်လျှောက်    တစ်ဆက်တည်းတက်မှသာ တက်ခွင့်ပြုသည်။  နှစ်ကာလခြား၍   နောက်မှ တက်ချင်သည်ဆိုပြီး တက်၍မရ။

 


ကျွန်တော်၏ဘွဲ့ရအမှတ်မှာ C.P.A တက်ရောက် ရန်အဆင့်မီသည်။ ထို့ကြောင့် ကျွန်တော်တက်ခွင့် ရပါသည်။ စုစုပေါင်းသင်တန်းတက်ခွင့်ရသူ ဦးရေ ၁၂၀ ဖြစ်သည်။ ကျွန်တော်တို့သည်   လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အလုပ်သင်များဖြစ်၍ အစိုးရ ရုံးဌာနများ၏ ငွေစာရင်းဌာနများသို့  သွားရောက် ကာ လက်တွေ့လေ့လာသင်ယူကြရ၏။

 


ကျွန်တော်ပထမဆုံး အလုပ်သင်အဖြစ် လေ့လာ သင်ယူရသောဌာနမှာ စာပေဗိမာန်ငွေစာရင်းဌာန ဖြစ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း သန်းမောင်မောင် (ယခု အမေရိကန်နိုင်ငံတွင် နေထိုင်သူ) နှင့် နှစ်ယောက်အတူ ရုံးတက်ရပါသည်။ ထိုစဉ်က ငွေစာရင်းဌာန၏ အကြီးအကဲမှာ ဒေါ်မြမြ ဖြစ်လေသည်။  ဒေါ်မြမြသည်    ထောင်ထောင် မောင်းမောင်း ဥပဓိရုပ်ကောင်းပြီး အလွန်ပင်ခံ့ညား တည်ကြည်သည်။ ရုံးတက် ရုံးဆင်းတိုင်း သူ့စားပွဲမှာ လက်မှတ်သွား၍ထိုးရသည်။ သန်းမောင်မောင်နှင့် ကျွန်တော်သည် ကျောင်းပြီးခါစဖြစ်သော်လည်း C.P.A သင်တန်း စာတွေ့ကို စီးပွားရေးတက္ကသိုလ် ၌ သင်ယူရပြီး လက်တွေ့ကို အစိုးရရုံးများ၌ သင်ယူ ရခြင်းဖြစ်သည်။     ကျောင်းသားစိတ် မပျောက်သေး သော  အသက်    ၂၀   စွန်းခါစ  အရွယ်များဖြစ်၍ လည်ချင်ပတ်ချင်  ရုံးကလစ်ချင်သည်။ သို့ရာတွင် ဒေါ်မြမြကိုကြောက်၍  ရုံးမလစ်ဝံ့ပေ။ တစ်လခန့် ကြာသောအခါ ရုံးဝန်ထမ်းများနှင့် မောင်နှမရင်းတွေ လိုခင်မင်ရင်းနှီးခဲ့သည်။ ဒေါ်မြမြ၊ ဒေါ်ခင်ဆွေအုန်း၊ ဒေါ်ဝါဝါတင်တို့သည် ကျွန်တော်တို့ကို   ငွေစာရင်း နှင့်ပတ်သက်၍    လက်တွေ့အစောဆုံး သင်ကြား ပြသပေးသော လက်ဦးဆရာများဖြစ်၏။

 


ရွှေသွေးမှာ ကဗျာလေးတွေရေးဖြစ်ပြီ


စာပေဗိမာန်မှာ ရုံးတက်ရင်း   စာပေသမား ကျွန်တော့်အတွက် အမြတ်ထွက်လေသည်။ စာပေ ဗိမာန်ထုတ်စာအုပ်လေးများကို  ဈေးသက်သက် သာသာနှင့် ဝယ်ယူဖတ်ရှုခွင့်ရသည်။ စာကြည့်တိုက် ကို ဝင်ထွက်လေ့လာခွင့်ရသည်။ 

 


ထိုအချိန်က စာပေဗိမာန်အကြီးအကဲမှာ ဆရာ ဦးထင်ကြီးဖြစ်သည်ဟု သိရ၏။   ထို့အပြင်  စာပေ ဂုဏ်သတင်း ထုံသင်းကျော်ကြားနေပြီဖြစ်သော ဆရာဦးမျိုးသန့် (မောင်ဆုရှင်) လည်း စာပေဗိမာန် မှာရှိ၏။ ဆရာ့ကို မြင်ဖူးတွေ့ဖူးချင်ခဲ့ပါ၏။

 

တစ်နေ့ စာပေဗိမာန်လှေကားအတက်အဆင်းမှာ ဆရာနှင့် ဆုံသည်။   ဆရာသည်     ရုပ်ရည်သန့်ပြန့်ခံ့ညား သလောက် စကားအပြောအဆိုလည်း     ချိုသာ ညက်ညောလှသည်။ ဆရာ့ကို  ကျွန်တော်တို့က စတင်မိတ်ဆက်သည်။ ကဗျာရေးစာရေး ဝါသနာ ပါကြောင်းနှင့် ငွေတာရီမဂ္ဂဇင်းမှာ   အဖွင့်ကဗျာ အဖြစ် ဖော်ပြခြင်းခံရသော ကျွန်တော့်ကဗျာလေးနှင့် ဒို့ကျောင်းသားစာစောင်ပါ      ကဗျာလေးများကို ဆရာ့ကိုပြမိသည်။ ဆရာက   လှေကားထစ်ပေါ်မှာ ရပ်လျက်ပင် အားပေးစကားများပြောပြီး စာပေ ဗိမာန်က ရွှေသွေးမှာလည်းရေးပါလားဟု   အကြံ ပေးသည်။

 


“ဟုတ်ကဲ့ဆရာ။ ကျွန်တော် မိုးသောက်ပန်းနဲ့ တေဇရုပ်စုံမှာလည်း ကဗျာလေးတွေရေးပါတယ်။ ရွှေသွေးမှာလည်းရေးပါ့မယ်။”
ထိုသို့ပြောပြီးနောက် ရွှေသွေးဂျာနယ်သို့ ကဗျာ လေးတစ်ပုဒ်စမ်းပြီးပို့ရာ ဖော်ပြခြင်းခံရပါသည်။ ပထမဆုံးပို့သော ကဗျာလေးဖြစ်၍     မှတ်မိနေ ပါသည်။

 


မဘုတ်ဆုံ


    v    ဒွေးလေးဘုတ်ဆုံ မဘုတ်ဆုံ
         ဝဝတုတ်တုတ် စည်ပိုင်းပုံ။
         ကွမ်းတငုံငုံ အသားမည်း 
        ထဘီဝတ်တော့ စွန်တောင်ဆွဲ။ 
        အလှူပွဲတိုင်း သူရောက်လာ
        အော်ဟစ် စီမံခန့်ခွဲပါ။ 
        တို့များရွာက အပျိုခေါင်း
         ဒွေးလေးဘုတ်ဆုံ အသံကောင်း။ 
    v    ဒွေးလေးဘုတ်ဆုံ မဘုတ်ဆုံ 
        သနပ်ခါးလေး တဖုံဖုံ။
         ရွာ့သတင်းစုံ သူသိမြဲ
        ပြောင်းဖူး ဖက်လိပ်တခဲခဲ။ 
        အိုးစည်ဝိုင်းထဲ ဝင်ကာလေ 
        ကခုန်ပျော်မြူး တတ်ပါပေ။ 
        ကလေးတွေဝိုင်း ခွေးတွေဝိုင်း 
        ဒွေးလေးဘုတ်ဆုံ ဒေါ်စည်ပိုင်း။

 


၁၉၇၄ ခုနှစ်ကဖြစ်၍ ရက်လကိုတော့ အတိ အကျမမှတ်မိတော့ပါပြီ။ ပန်းချီဆရာကြီး ဦးစိန်၏ သရုပ်ဖော်ပုံလေးဖြင့် ထိုကဗျာလေးကို ဖတ်ရှု၍ မဝနိုင်။ ထို့နောက်တွင်   ရွှေသွေးဂျာနယ်တွင် ရုပ်ပြ ဇာတ်လမ်းကလေးများ    ရေးဖြစ်ပါသည်။  ၁၉၇၄ မတ်လတွင် လက်ပံပွင့်ချိန်ဟူသော တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းကလေး       ရေးသားပေးပို့ရာ နှစ်ပတ်ဆက်တိုက်ဖော်ပြခြင်းခံရသည်။   ပန်းချီ ဦးဘကြည်၏လက်ရာ ရောင်စုံရုပ်ပုံကလေးများနှင့် ဖြစ်ပါသည်။

 


သို့နှင့်ပင် ကျွန်တော်သည်   ရွှေသွေးဂျာနယ် တွင်ရေးသားသော    ဇာတ်လမ်းမျိုးလေးများကို ရှေ့ဆောင်လူငယ် (လူငယ်)၊ ဒို့ကျောင်းသားတို့တွင် လူငယ်ဝတ္ထုတိုလေးများအဖြစ်    ရေးသားခဲ့သည်။ စာပေဗိမာန်၌     အလုပ်သင်စာရင်းကိုင်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်    ကဗျာ၊   ဝတ္ထု၊ ဆောင်းပါးလေးများ ပို၍ပို၍ ရေးဖြစ်ခဲ့လေသည်။ ထို့ကြောင့် စာရေးသက်ကာလ နုနယ်စဉ်မှာ စာပေ ဗိမာန်အေးရိပ်ကို       မှေးမှိတ်နားခိုခဲ့ရခြင်းက ကျွန်တော့်ကို ကဗျာတွေ စာတွေပို၍ရေးဖြစ်စေမည့် ခွန်အားများရရှိခဲ့သည်ဟု ဆိုချင်ပါသည်။

 


၁၉၈၁ ခုနှစ်အတွက် အမျိုးသားစာပေဆုကို သံလွင်ကမ်းမှ ပန်းအိပ်မက် ကဗျာပေါင်းချုပ်စာအုပ် ဖြင့် ကျွန်တော်ရရှိခဲ့သည်။ အဆိုပါ  ဆုနှင်းသဘင် အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ   အခမ်းအနားမှူး   ဆရာဦးမျိုးသန့် (မောင်ဆုရှင်)၊ တွဲဖက်အခမ်းအနားမှူး  ဦးမောင် လှိုင် (မောင်ဆွေငယ်) တို့    ဖြစ်ကြသည်။   ဆရာ ဦးမျိုးသန့်က  C.P.A    အလုပ်သင်ဘဝကာလလေးကို အမှတ်တရပြန်ပြောတော့ လွမ်းမောစရာဖြစ်ခဲ့သည်။

 


၁၉၉၅ ခုနှစ် ရွှေရတုတပ်မတော်နေ့   အခမ်း အနား၌   ကဗျာရှည် ပထမဆု တက်ရောက်ယူရ တော့လည်း ဆရာမောင်ဆုရှင်၊ ဆရာမ မနှင်းဖွေး၊ ဆရာမ ချို မြနွယ်တို့နှင့် ပြန်လည်တွေ့ဆုံရပြန်သည်။ စာပေဗိမာန်၌   တာဝန်ထမ်းဆောင်နေကြသော စာရေးဆရာကြီး ဆရာမကြီးတို့နှင့်  တွေ့ဆုံရတိုင်း စာပေခွန်အားများ ပွားသစ်ရပါပေသည်။

 


ဒုတိယအကြိမ်နားခိုရပြန် စာပေဗိမာန်


၁၉၉၈ ခုနှစ်တွင်   ထိုစဉ်က   ပြန်ကြားရေး ဝန်ကြီးဌာန   ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ် ကြည်အောင်က နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းကို ဦးဆောင်ထုတ်ဝေသည်။ မဂ္ဂဇင်းထုတ်ရန်အတွက် စာမူစိစစ်ခြင်းကို (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့) ကတာဝန်ယူရပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဖြန့်ချိရေးအပါအဝင် ပုံနှိပ်ထုတ်ဝေရေးကို ကြီးကြပ် စီစဉ်ပေးခြင်းဖြစ်သည်။    မဂ္ဂဇင်းတည်နေရာမှာ စာပေဗိမာန်အဆောက်အဦ   မြေညီထပ်၌ ဖြစ်၏။ ကျွန်တော်သည် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း၏ အယ်ဒီတာ ချုပ်အဖြစ် ထိုနေရာ၌  (၁၇) နှစ်ခန့်    အခြေပြု နေထိုင်ခဲ့ရသည်။ စာပေသမားများ အဝင်အထွက် များလှသော စာပေရနံ့  သင်းပျံ့နေသော ထိုနေရာမှာ အခြေပြုခဲ့ရသဖြင့်လည်း ယနေ့တိုင် နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း      တည်တံ့ခိုင်မြဲနေခြင်း ဖြစ်သည်ဟု ခံယူ မိပါသည်။

 


မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ နားခိုခဲ့ရာ စာပေဗိမာန်


၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း အဖွဲ့အတွက် ရုံးခန်းကျယ်ကြီးကို   စာပေဗိမာန် အဆောက်အဦ၏ ဒုတိယထပ်၌  ကျယ်ဝန်းခံ့ညား စွာထားရှိပေးခဲ့သည်။ အဖွဲ့ကြီးသည်  ထိုနေရာ၌  ၁၅ နှစ်ခန့်  ရုံးစိုက်တည်ရှိခဲ့ပါသည်။ ထိုအချိန်က စာပေဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်သူတို့မှာ ဆရာကြီး ဦးကျော်အောင်၊ ဦးလှမြိုင် (ကိုဆောင်း)၊ ဆရာကြီးတက္ကသိုလ်တင်ခနှင့်         ဆရာကြီး လယ်တွင်းသားစောချစ်တို့ဖြစ်သည်။ နောင်အခါ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကို   မြန်မာ နိုင်ငံစာရေးဆရာ အသင်းအဖြစ် ပြောင်းလဲဖွဲ့စည်း ပြီးသည့်နောက်တွင်မှ လက်ရှိနေရာ ပန်းဆိုးတန်း လမ်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 


ရေကောင်းမြေမှန် စာပေဗိမာန်


ဥယျာဉ်တစ်ခုအတွက်     သစ်ပင်ပန်းမန်များ ရှင်သန်ဖွံ့ဖြိုးလန်းဆန်းစေရန်မှာ    မြေဆီမြေနှစ် ကောင်းရန်လိုသလို           ရေကြည်ရေသန့်လည်း သွန်းလောင်းပေးနိုင်ရန်လိုပါသည်။

 


စာပေလောက ဟူသည်မှာလည်း ပန်းဥယျာဉ် ကြီးသဖွယ်ပင်ဖြစ်ပါသည်။   စာပေဗိမာန်သည် ရေခံမြေခံကောင်းလှသော စာပေပန်းဥယျာဉ်ကြီး ဖြစ်ပါ၏။ စာပေအစဉ်အလာကြီးမားလှစွာသော ဆရာကြီး ဆရာမကြီးများ ဦးဆောင်မှုပြုခဲ့ကြသည်။
ဤအဆောက်အဦကြီး၏ အစည်းအဝေးခန်းမ များ၌  ပညာရှင်  ဆရာကြီး  ဆရာမကြီးများစွာ တို့က  စာပေဆုများစွာကို    တည်းဖြတ်ရွေးချယ် ပေးခဲ့ကြပါ၏။   စည်းဝေးတိုင်ပင်ဆွေးနွေးခဲ့ကြပါ ၏။ တစ်နည်းအားဖြင့် စာပေပန်းပေါင်းများစွာကို ပွင့်လန်းစေခဲ့ပါ၏။

 


အမျိုးသားစာပေဆု၊     စာပေဗိမာန်စာမူဆု၊ ပခုက္ကူ ဦးအုံးဖေစာပေဆု အစရှိသည့် ဆုများသာ မက တပ်မတော်နေ့အထိမ်းအမှတ် စာပေပြိုင်ပွဲများ၊ အမျိုးသားရေးဆောင်ပုဒ်ဆုစာပေပြိုင်ပွဲများ၊ တရား မဝင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု တိုက်ဖျက် ရေးဆိုင်ရာ  စာပေပြိုင်ပွဲများအပြင် အခြားစာပေ  ပြိုင်ပွဲပေါင်းများစွာမှ   ပြိုင်ပွဲဝင်စာမူများကို  စိစစ် ပေးခဲ့ကြသော    ဆရာကြီး    ဆရာမကြီးများကို မြင်ယောင်နေမိပါသည်။

 


“အမှောင်ခွင်း၍ အလင်းဆောင်အံ့”   ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်ကို   အမူကွန်းတင်ပေးခဲ့ ပါသော ဆရာကြီး ဦးဝန်(မင်းသုဝဏ်)အား လည်း ကောင်း၊ ထိုဆောင်ပုဒ်ကို “Light, where darkness was” ဟူ၍ ဘာသာပြန်ဆိုပေးခဲ့သော ဆရာကြီး ဦးခင်ဇော် (K) အားလည်းကောင်း၊ အထိမ်းအမှတ် (Logo) ကို ရေးဆွဲပေးခဲ့သော  အလင်္ကာကျော်စွာ ဘွဲ့ရ ပန်းချီဆရာကြီး ဦးငွေကိုင်ကို လည်းကောင်း လေးစားရိုသေစွာ ဦးညွတ် ဂါရဝပြုမိပါသည်။ 

 


ထိုဆရာကြီးများ၏ မူလကြွေးကြော်မှုအတိုင်း စာပေဗိမာန်သည်   ယနေ့တိုင်အောင်     စာပေ တန်ဆောင် မီးရှူးရောင်ဖြင့် အမှောင်ခွင်း၍ အလင်း ဆောင်ပေးနေသည်မဟုတ်ပါလော။ စာပေပန်းများ ပွင့်လန်းစေရန်  ရေကြည်သွန်းဖျန်းနေဆဲ   မဟုတ် ပါလော။

 


ထွန်းလင်းနေဆဲ စာပေငွေလမင်းများ


ကျွန်တော်သည် ၁၉၇၃ ခုနှစ်မှ ယနေ့ကာလ အထိ   စာပေဗိမာန်အဆောက်အဦနှင့်    ရင်းနှီး ကျွမ်းဝင်ခဲ့ရသည်မှာ နှစ်ပေါင်း ၅၀ ခန့် ကြာမြင့်ခဲ့ ချေပြီ။   ဝန်ထမ်းဘဝက    ဘယ်နေရာသွားသွား ဘယ်ကပြန်လာလာ ရန်ကုန်ရောက်လျှင်   စာပေ ဗိမာန်ကို အမြဲသွားခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ဤအဆောက်အဦကြီးမှာ ရုံးခန်းဖွင့်လှစ်နေထိုင် ခဲ့ရသည်ဖြစ်၍    စာပေဗိမာန်၏    အထက်ထပ်များ သို့ ရောက်ရှိရန်          စာပေဗိမာန်လှေကားများကို အကြိမ်ကြိမ်အဖန်ဖန် တက်ရောက်ခဲ့ဖူးသည်။

 


ထိုလှေကားထစ်များကို တက်ရလေတိုင်း သူငယ် ချင်း သန်းမောင်မောင်နှင့်အတူ    ၁၉၇၄ ခုနှစ်က လှေကားကွေ့မှာ တွေ့ဆုံခဲ့ရသော ဆရာဦးမျိုးသန့် (မောင်ဆုရှင်) ကို သတိရသည်။ စာပေဆုများစွာကို အတူတကွ ရွေးချယ်ခဲ့ကြသော ဆရာကြီး ဆရာမ ကြီးများကို အောက်မေ့သည်။ ဆရာမကြီး ဒေါ်ကြန်၊ မုံရွာဝင်းဖေ၊ ချိုမြနွယ် (မန်းတက္ကသိုလ်)၊ ကထိက ဒေါ်မြင့်သန်း၊ ဒေါ်စောမုံညင်း၊ ယုဝတီဒေါ်ခင်စိန်လှိုင် အစရှိသော ဆရာကြီး ဆရာမကြီးများအပြင် စာပေ ဥက္ကဋ္ဌကြီးများအဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဆရာ ဦးကျော်အောင်၊   ဆရာဦးလှမြိုင် (ကိုဆောင်း)၊    ဆရာ  မနုဿကျော်ဝင်းတို့ကို မြင်ယောင်မိသည်။ 

 


ငယ်နုစဉ်ကာလက စာပေဗိမာန်လှေကားများကို တက်ရဆင်းရသည်မှာ စာပေဇောကြောင့် မောသည် မထင် ပန်းသည်မမြင်ခဲ့သည်မှာအမှန်ပါ။ သို့သော် လည်း ယခုလို နုပျိုမှုတွေ     တစ်စတစ်စလျော့ကျ လာသည့်အရွယ်မှာတော့     ငယ်စဉ်ကလောက် သွက်သွက်လက်လက်မရှိတော့ပေ။

 


ထိုသို့ဖြစ်စေကာမူ စာပေဗိမာန် လှေကားများကို တက်ရောက်ရသည့်အခါတိုင်း       လှေကားထိပ်သို့ မှန်းမျှော်ကြည့်မိသည်။  စာပေဗိမာန်ဝန်းကျင်မှာ တစ်ချိန်က လင်းလက်တောက်ပခဲ့သော    စာပေ ငွေလမင်းကြီးများသည် တက်ရောက်လာသူတို့ကို မေတ္တာဖြင့် နွေးထွေးစွာငုံ့ကြည့်နေဆဲပင်ဟု ထင်မိ၏။

 


ထိုအခါ ဘယ်လောက်ပင်မောမော အမောများ ပြေပါ၏၊ စာပေပညာရှင်ငွေလမင်းတို့၏   အငွေ့ အသက်ကား ရေခံမြေခံကောင်းလှသော   စာပေ ဗိမာန် အဆောက်အဦဝန်းကျင်၌  ဘယ်သောအခါ မှ ပျောက်ကွယ်၍သွားနိုင်မည်မဟုတ်ပေ။          ။