
မင်းဘူး ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီး အနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ တစ်ဆက်တည်း ဖွင့်လှစ်မည်ကြောင်း မင်းဘူး သစ်ထုတ် ရေးဒေသတာဝန်ခံ ခရိုင်မန်နေဂျာ ဦးဇော်ဝင်းနိုင်ထံမှ သိရသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီး အနီး ပဒေါင်း - ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်း၌ တောတောင်၊ ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝ ရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ် လုပ်ငန်း၊ မင်းဘူး သစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်းပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင် ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထား ကြောင်း သိရသည်။
“ဆင်စခန်းကတော့ အခုလက်ရှိမှာ အဆက်မပြတ် ဖွင့်လှစ်ထားပြီးတော့ ရွှေစက်တော်ဘုရား ပွဲတော်ချိန်မဟုတ် တော့ လာရောက်သူတော့ နည်းပါး တယ်။ ဆင်စခန်းမှာ လာရောက်အပန်းဖြေ တဲ့သူတွေကို ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့၊ ခရီးတိုဆင်စီးရင်း တောတောင်၊ ရေမြေနဲ့ စိမ်းစိုသာယာလှပတဲ့ သဘာဝရှုခင်းအလှ တွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ မန်းချောင်း ဘေးမှာ ဆင်တွေနဲ့အတူ ရေချိုးရင်း အပန်းဖြေ အနားယူနိုင်စေဖို့အတွက် ယာယီတံတား၊ တည်းကျောင်းနဲ့ အလှ ဆင်တာတွေကို ပြင်ဆင်ဆောင်ရွက်နေ ပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ ဆင်လိမ္မာလေးတွေနဲ့အတူ ကပြ(အလှပြ) ဖျော်ဖြေဧည့်ခံတဲ့အစီအစဉ် (Elephant Show) ကို ထည့်သွင်းဆောင်ရွက်မှာ ပါ”ဟု ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးထက်နိုင်အောင်က ပြောသည်။
အဆိုပါ ဆင်စခန်းကို ဖွင့်လှစ်ချိန် အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားကြောင်း၊ ဆင်ထီး လေးကောင်၊ ဆင်မ ခုနစ်ကောင်၊ စုစုပေါင်း ဆင် ၁၁ ကောင်ရှိပြီး ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ကျပ် ၅၀၀၀ နှုန်း၊ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ကျပ် ၁၀၀၀၀ နှင့် ခရီးတို ဆင်စီးခကျပ် ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင် အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခို ဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ကျပ် ၃၀၀၀၀ နှုန်း သတ်မှတ် ထားကြောင်း သိရသည်။
မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေး ဌာနသည် မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအပါအဝင် ဆင် ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီး သွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း ၂၂ ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)