ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအား လည်ပတ်စရာဒေသတစ်ခုဖြစ်လာရန် ဖော်ဆောင်နေ

မင်းဘူး     ဇန်နဝါရီ     ၁၈


မကွေးတိုင်းဒေသကြီး         မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောတွင် တည်ရှိသည်။


ဖွင့်လှစ်ခဲ့ခြင်းဖြစ်


ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံ၍ ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထု ပူးပေါင်း ပါဝင်သော လုပ်ငန်းများ ထွန်းကားလာစေရန်၊ ဆင်များ၏ အလေ့အထ  အမူအကျင့်နှင့် နေထိုင်မှုသဘာဝများကို သိရှိနားလည်ပြီး ဆင်များ အပေါ် ချစ်ခင်မြတ်နိုးတတ်စေရန်၊ Ecotourism ဖွင့်လှစ်တည်ထောင် ခြင်းဖြင့် မြန်မာ့သဘာဝ တောတောင်ရေမြေ၏ အလှအပတရားများကို ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များ ပေါ်ပေါက်လာ ကာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်၊ အစိမ်းရောင် စီးပွားရေးလုပ်ငန်းဖြင့် နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန် စသောရည်ရွယ်ချက်များဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။


ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှာ ရွှေစက်တော် ဘုရားမှ နှစ်မိုင်သာဝေးသောကြောင့် စက်တော်ရာ ပါဒခြေတော်ရာ နှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ  ဆင်များစီးပြီး   မန်းချောင်း တစ်လျှောက်ရှိ        တောတောင်ရေမြေသဘာဝ အလှအပများကို    ကြည့်ရှုခံစားရင်း    မိမိတို့၏ လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်းဖြေနိုင်မည်ဖြစ်သည်။ ဆင်စခန်းတွင် ဆင် ၁၁   ကောင်ရှိပြီး   ဆင်စီးခ   နှုန်းထားများမှာ နိုင်ငံခြားသား တစ်ဦးလျှင်  ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသားတစ်ဦးလျှင်  ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင်နှစ်များက  ရွှေစက်တော်  ဘုရားဖူးကာလ ဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက် နေ့အထိ သုံးလတာကာလများတွင်သာ အနယ်နယ် အရပ်ရပ်မှ  ဘုရားဖူးများနှင့်  လာရောက်လေ့လာ လည်ပတ်သူများကြောင်း သိရသည်။ 
မန်းချောင်းအပန်းဖြေဆင်စခန်းတွင်   ရေမီး အစုံဖြင့်   တည်းခိုစရာ   ဘန်ဂလိုများလည်းရှိပြီး အပန်းဖြေလေ့လာချင်စရာ အထင်ကရနေရာတစ်ခု ဖြစ်သောကြောင့် ကြည်လင်အေးမြသော မန်းချောင်း ရေကိုချိုး၍    တောတောင်ရေမြေနှင့်  သဘာဝ အလှအပများကို  ဆင်စီးပြီး  လေ့လာခံစားနိုင်ရန် ဆောင်ရွက်လျက်ရှိရာ    မကွေးတိုင်းဒေသကြီး        မင်းဘူး(စကု)မြို့နယ်မှ   ရွှေစက်တော်  မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် လေ့လာလည်ပတ်စရာ ဒေသတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။ 


ဇေယျာထက်(မင်းဘူး)