
ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှု အားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်သည် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်း၍ ငါးနီတူခြောက်ကြော်၊ ငါးပိကြော်နှင့် ငံပြာရည်ကြော် စုစုပေါင်း ၁၂၄၂ ပိသာအား မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုအားပေး သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွား ရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဂေါပအဖွဲ့ဝင်များက ဘုရားဖူး ဧည့်သည်များ လာရောက်ဖူးမြော် ကြည်ညိုနေမှုများ၊ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များအား ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ပွဲအတွက် ရက်ကန်းစင်တော် ကြီးများ ပြင်ဆင်ဆောင်ရွက်ထား မှုများကို လိုက်လံရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က စေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး ဆောင်ရွက်ကြရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ် တကျ ဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)