ပူတာအိုမြို့နယ် ဆန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၁၈ တန်ကျ ဆန်စက်ဖြင့် ဆန်လိုအပ်ချက်ကို ဖြည့်ဆည်း

 

ပူတာအို   အောက်တိုဘာ   ၃
ကချင်ပြည်နယ် ပူတာအိုမြို့နယ်  လုံးစွတ်ရပ်ကွက်တွင်   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ပထမဆုံးတည်ဆောက်ထား သည့် ဆန်း စိုက်ပျိုးရေးနှင့်  အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမ အသင်းလီမိတက်၏   ၁၈  တန်ကျဆန်စက်သည်   ယခုနှစ် ဇွန် ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ 
အဆိုပါ  ဆန်စက်မှ သုံးလအတွင်း စပါးတင်းပေါင်း ၁၆၅၆၂ တင်း ကြိတ်ခွဲနိုင်ခဲ့ရာ ဆန်အနေဖြင့် တင်းပေါင်း ၇၅၀၀ ကျော် ထုတ်လုပ်ပေး နိုင်ခဲ့ပြီး ဆန်စက်အသေးဖြင့် ကြိတ်ခွဲမှုထက် စပါး ၁၀ တင်းလျှင် စပါး တစ်တင်းခွဲ ပိုမိုထွက်ရှိသဖြင့် ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် ဆန်လိုအပ်ချက်ကို အမှန်တကယ်  တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ပေးနိုင်သည်။ ဆန်စက်မှထွက်ရှိသည့်   ဖွဲနု၊ စပါးခွံများကို   တိရစ္ဆာန် အစာအဖြစ် လည်းကောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတွင် လည်းကောင်း အကျိုးရှိစွာ အသုံးပြုနိုင်ပြီး ယခုအဆင့်မြင့် ၁၈ တန်ကျ ဆန်စက်တည်ရှိ လာသဖြင့်   ဒေသခံပြည်သူများအတွက်   များစွာအကျိုးရှိနေပြီဖြစ် ကြောင်း သိရသည်။                                                  

သတင်းစဉ်