
ဒေါက်တာနန္ဒာမွှန်း (အမြဲတမ်းအတွင်းဝန်/သမိုင်းသုတေသန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း))
မြန်မာနိုင်ငံ၏ ရှေးဟောင်းသမိုင်းမတင်မီခေတ်၊ သမိုင်းတင်ခေတ်အသီးသီးနှင့်ပတ်သက်၍ သုတေသီများစွာ၊ သမိုင်းပညာရှင်များစွာ၊ ရှေးဟောင်းသုတေသန ပညာရှင်များစွာ ပြည်တွင်း ပြည်ပတွင်ရှိကြသည့်အထဲမှ အဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်၊ ဆစ်ဒနီ ဆပ်ဆက်ကောလိပ်၊ ပထဝီဌာနမှ Professor Janice Mary Stargartd (1936 -2020) ၏ ပျူခေတ်သုတေသန ဖော်ထုတ် တွေ့ရှိချက်များကိုမူ အထူးတလည် ဂုဏ်ပြုဖော်ပြလိုပါသည်၊၊
Professor Janice Stargartd မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ ပျူခေတ်ကို မြတ်နိုးစွာ သုတေသန ပြုနေသော သုတေသီပညာရှင်တစ်ဦးဟု ဆိုပါကလည်း မမှားပါ၊၊ သူ၏ ကိန်းဘရစ်တက္ကသိုလ် ရုံးခန်းတွင် ပျူနှင့်သက်ဆိုင်သော စာပေအထောက် အထားများ၊ ကွင်းဆင်းတွေ့ရှိချက်များ၊ သူ မြန်မာ နိုင်ငံလာရောက်စဉ် ရိုက်ကူးထားသော မှတ်တမ်း ဓာတ်ပုံများ၊ ပျူနှင့် သက်ဆိုင်သော စာတမ်းများ သိမ်းဆည်းထားသောဖိုင်များ၊ ဓာတ်ပုံများ ထည့်ထားသော ကွန်ပျူတာများ၊ မြန်မာနိုင်ငံမှ အမှတ်တရပစ္စည်းများဖြင့် ခြေချစရာမရှိအောင်ပင် ပြည့်နှက်နေပါသည်၊၊ ရုံးခန်းသည်လည်း အိမ်၊ အိမ် သည်လည်း ရုံးခန်းအဖြစ် တောက်လျှောက် နေ့ည မနား သုတေသနလုပ်နေသော လေးစားဖွယ် ကောင်းသည့် ပျူသုတေသီပါပေ၊၊ သူ၏ နောက်ဆုံး အချိန်သည်ပင်လျှင် သူအလွန်မြတ်နိုးသော ပျူသုတေသနလုပ်နေသည့် သူ၏ ရုံးခန်းအတွင်း မှာပင် ဖြစ်ခဲ့ပါသည်၊၊
သူသည် Cambridge Heritage Research Centre တွင် ဦးဆောင်သူအဖြစ် တက်ကြွစွာ ဆောင်ရွက်နေရုံမက သူ၏ နှစ် ၅၀ ကျော် ပညာ ရပ်ဆိုင်ရာ အလုပ်လုပ်ကိုင်မှု သက်တမ်းအတွင်းတွင် ထူးခြားစွာ ရာထူး သုံးနေရာ၌ တာဝန်ယူခဲ့သူ ဖြစ်ပါသည်- Professional Research Fellow of the Department of Geography ၊ Senior Fellow of the McDonald Institute of Archaeological, Department of Archaeology နှင့် Fellow in Archaeology at Sydney Sussex College တို့ဖြစ်ပါသည်၊၊ သူသည် ကွင်းဆင်းလေ့လာမှုများမှ အရင်ဦးဆုံးတွေ့ရှိချက်များ ဖော်ထုတ်နိုင်ခဲ့ရုံမက စာအုပ် ရှစ်အုပ်ခန့် ရေးသားထုတ်ဝေခဲ့ပါသည်၊၊ ထို့အပြင် သုတေသန စာတမ်းများ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးများစွာ ထုတ်ဝေရေးသားခဲ့ရုံမက ၂၀၁၄ မြန်မာနိုင်ငံက ယူနက်စကို အစည်းအဝေး သွားရောက်သည့် မြန်မာယဉ်ကျေးမှု ကိုယ်စား လှယ်အဖွဲ့နှင့်အတူ လိုက်ပါကာ မြန်မာနိုင်ငံမှ တင်သွင်းသည့် ပျူရှေးဟောင်းမြို့ သုံးမြို့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း အသိအမှတ်ပြုရေး အတွက် တက်ကြွစွာ ဦးဆောင်ဆွေးနွေးချေပ ပြောဆိုပေးခဲ့သူအဖြစ် အသိအမှတ်ပြုခံရသူ ပညာရှင်တစ်ဦးလည်း ဖြစ်ပါသည်။ သူ၏ နှစ်ပေါင်းလေးဆယ်ကျော် ပျူနှင့်ပတ်သက်၍ ပညာ ရပ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ ပျူယဉ်ကျေးမှု၊ ပျူမြို့ပြစနစ်၊ ပျူခေတ် ရေပေးဝေစနစ်၊ ဘာသာရေး နှင့် လူနေမှုစနစ် စသဖြင့် ပျူနှင့်ပတ်သက်၍ သူ့ကို ယှဉ်ပြိုင်ပြောဆိုနိုင်သည့် ပညာရှင်မတွေ့ခဲ့ရပေ။
အစဦးအရှေ့တောင်အာရှဆိုင်ရာ
သုတေသနနှင့် တွေ့ရှိချက်များ
Professor Janice Stargartd ၏ အရှေ့တောင် အာရှဆိုင်ရာ အဦးဆုံးသော သုတေသနကို သံခေတ် ရွာများမှ မြို့ပြလူနေအုပ်စုသို့ ပြောင်းလဲလာပုံကို သမိုင်းဆိုင်ရာ ပထဝီနှင့် လူနေမှုအဖွဲ့အစည်းတို့၏ ရှေးဟောင်းဆိုင်ရာ သုတေသနတို့ဖြင့် လေ့လာ သုတေသနပြုရန် အဓိကထားခဲ့ပြီး ရှေးဟောင်း သုတေသနဆိုင်ရာနေရာ ၁၀ နေရာကို ဖော်ထုတ် နိုင်ရန်တို့ ပါဝင်ပါသည်။ သူသည် ၁၉၇၀ ပြည့်နှစ်များနှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုများစွာ ရှိနေသည့်ကြားကပင် ကြိုးစား ဆောင်ရွက်နိုင်ခဲ့ပေသည်။
သူသည် ဂြိုဟ်တုပုံရိပ် (satellite imagery)၊ ကောင်းကင်ဓာတ်ပုံ (aerial photography) နှင့် အဝေးပုံရိပ်ထောက်လှမ်းမှု(remote sensing)တို့ကို သုံးစွဲကာ အရှေ့တောင်အာရှ ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်ရှာဖွေမှုများကို လုပ်ဆောင်ခဲ့သည့် ပထမဦးဆုံးသော သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပါသည်။ သူ၏ သုတေသနပြုရှာဖွေတွေ့ရှိမှုများ ကြောင့် အရှေ့တောင်အာရှဒေသတွင် အစောဆုံး သော မြို့ပြအဖွဲ့အစည်းပုံစံသည် မြန်မာနိုင်ငံရှိ ပျူမြို့ဖြစ်သော သရေခေတ္တရာဖြစ်ကြောင်း၊ အန်ကော၀ပ်မတိုင်မီ အကြီးဆုံးသော မြို့ပြမှာ သရေခေတရာဖြစ်ကြောင်း သုတေသနပြု ဖော်ထုတ်ခဲ့ပေသည်။
သူ၏ သုတေသနပြုချက်များအရ မှတ်တမ်း တင်ခဲ့သည်မှာ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား အိန္ဒိယ အရှေ့တောင်ဘက်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရာမှ ဗုဒ္ဓဘာသာပျံ့နှံ့လာခဲ့မှု အချိန်များ မတိုင်မီကာလကပင် နှစ်နိုင်ငံအကြား ပေါ်ပေါက် ခဲ့သည့် အပြန်အလှန် ဖလှယ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သုတေသနပြုခဲ့ပါသည်။ အဆိုပါ ဒေသများတွင် ယခင်က လွှမ်းမိုးနေသော ဒေသ ယုံကြည်ကိုးကွယ်မှုများ၊ အိန္ဒိယပုံစံလူနေမှုစနစ် များနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဝန်းအဝိုင်းနေရာတို့ အကြား ထိတွေ့ခဲ့ကြရမှုများကို ဖော်ထုတ်ခဲ့သည်။
သရေခေတ္တရာ- အရှေ့တောင်အာရှ ကုန်းမြေပိုင်း ၏ အစောဆုံးသောမြို့ပြယဉ်ကျေးမှု
ထူးခြားသော ပျူမြို့ဟောင်းတစ်မြို့ဖြစ်သည့်သရေခေတ္တရာသည် ရှေးဟောင်းအမွေအနှစ်များ ကြောင့် မြန်မာနိုင်ငံ၏ သမိုင်းမှတ်တမ်းဓလေ့ထုံးစံ အရ ထူးခြားစွာ အရေးပါသောမြို့အဖြစ် ပထမ ထောင်စုနှစ်တွင် ပါဝင်သည်ဟု ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်ပြည်တို့၏ မှတ်တမ်းများတွင် ထည့်သွင်း ထားပေသည်။ ယခင်က ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာမှုများ၊ ကန့်သတ်ထားသော တူးဖော်တွေ့ရှိ ဆောင်ရွက်မှုများနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးများကို ၂၀ ရာစု ဦးပိုင်းခန့်အထိ ဆောင်ရွက်ခဲ့ကြရာတွင် ကျောက်၊ သတ္ထု၊ စဉ့်တို့ အပေါ် ရေးသားထားသည့် စာများနှင့် မြေအောက် ထဲ ရောက်ရှိနေသော သရေခေတ္တရာ ဗုဒ္ဓသာသနာ့ အဆောက်အဦများနှင့် မီးဖုတ်ထားသော အုတ်များ သုံးထားသော ခံတပ်များကိုသာ မူလအခြေခံအဖြစ် စူးစိုက်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိနိုင်ပါသည်။
ပျူခေတ် တူးဖော်ရေးစီမံကိန်းသည် သံခေတ် အစပိုင်းကရွာများ၏ နေရာအနည်းငယ်ကို ပထမထောင်စုနှစ် နောက်ပိုင်းတွင် အရှေ့တောင် အာရှ၏ ပိုမိုရှုပ်ထွေးသော လူ့အဖွဲ့အစည်းအဖြစ်သို့ တွန်းပို့ခဲ့သော အကြောင်းအရာတို့နှင့် ဆက်စပ်သော စီမံကိန်းတစ်ခုလည်း ဖြစ်ပါသည်။ ဤအချက်သည် မြန်မာနိုင်ငံတွင် မဖော်ပြကြသော်လည်း အရှေ့ တောင်အာရှတွင် အစောဆုံးပေါ်ထွန်းခဲ့သော မြို့ပြ ဗဟိုအချက်အချာများသည် ပျူမြို့များဖြစ်ပြီး အရှေ့တောင်အာရှ၏ ကြီးမားသော မြေပြန့်များတွင် ဖြစ်ပါသည်။ ပျူဒေသများထဲတွင် အကြီးမားဆုံးနှင့် ခံနိုင်ရည်အရှိဆုံးအဖြစ် ရပ်တည်နေခဲ့သော သရေခေတ္တရာသည် သုတေသနကွင်းဆင်းမှု၏ အဓိက ဦးတည်ချက် ဖြစ်ပါသည်။ သရေခေတ္တရာတွင် လူများကိုယ်တိုင်ပြုလုပ်သော ယဉ်ကျေးမှုအသုံး အဆောင်ပစ္စည်းများ ပေါကြွယ်ဝစွာ အများဆုံး စုဝေးပြီး ခံတပ်များ၊ အဆောက်အအုံများ၊ ဘာသာ ရေးဆိုင်ရာ အနုပညာလက်ရာများနှင့် ရေးထိုးထား ချက်များစွာတို့ကို ပျူတို့၏ယဉ်ကျေးမှုအဖြစ် တွေ့ရ ပေသည်။ သမိုင်းမတင်မီခေတ်က ကျန်ရှိသည်များ ကို တူးဖော်လေ့လာခြင်းဖြင့် ပျူခေတ်ယဉ်ကျေးမှု ခေတ်ဦးပိုင်းကို စူးစမ်းလေ့လာရေး ပြုလုပ်ရန်လည်း ရည်ရွယ်ပါသည်။
၂၀ ရာစု အစောပိုင်းကပြုလုပ်ခဲ့သော ပျူနှင့် ပတ်သက်သော သုတေသနပုံစံများကို ပါမောက္ခ ဂျဲနစ်ကစတင်ပြီး ဂြိုဟ်တုပုံရိပ် (satellite imagery)၊ ကောင်းကင်ဓာတ်ပုံ (aerial photo-graphy) တို့ကို သုံးစွဲပြီး သရေခေတ္တရာ၊ ဟန်လင်း နှင့် ဗိဿနိုးစသည့် ပျူမြို့ဟောင်းများ၏ မြို့ပြ အသွင်အပြင်များကို လှုပ်ရှားပြောင်းလဲနေသော အတည်ပြုရမည့် ဝတ္ထုများအဖြစ် လည်းကောင်း၊ ပြောင်းလဲမှုဖြစ်လာသော အသွင်ပုံသဏ္ဌာန်များ၊ တိုးတက်ပြောင်းလဲလာသော ရေပေးဝေမှုစနစ်များ ကိုလည်းကောင်း ရှာဖွေလေ့လာခဲ့ပါသည်။ သူ ဦးဆောင်ရှာဖွေဖော်ထုတ်လေ့လာမှုများမှ တွေ့ရှိ ချက်များကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိများကပါ လိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့၍ နှစ်ပေါင်း လေးဆယ်ကျော် ခန့် သုတေသနပြုချက်မှ ပျူရှေးမြို့ဟောင်းများထဲ တွင် အကြီးဆုံးသော မြို့များဖြစ်သည့် သရေခေတ ရာ၊ ဟန်လင်းနှင့် ဗိဿနိုးတို့ကို ပထမထောင်စုနှစ် အရှေ့တောင်အာရှဒေသ၏ အစောဆုံးသော မြို့ပြ များအဖြစ် ဖော်ထုတ်နိုင်ခဲ့ရုံမက ၂၀၁၄ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်း သတ်မှတ်ခြင်းခံခဲ့ရပါသည်။
ပျူသုတေသနများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်ခြင်း၊ ရှာဖွေတူးဖော်ကာ စနစ် တကျ သုတေသနလုပ်ငန်းများ ဆောင်ရွက်လာနိုင် ခြင်း၊ နိုင်ငံတကာပညာရှင်များ လာရောက်လေ့လာ ဆွေးနွေးခြင်း၊ ကွင်းဆင်းလေ့လာနိုင်ခြင်းတို့မှာ ၂၀၀၇ ခုနှစ်က ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်းကို ပြည်မြို့အနီး ဖွင့်လှစ်နိုင်ခဲ့ခြင်း က များစွာ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ယဉ်ကျေးမှုဝန်ကြီး ဌာန ဝန်ကြီး ဗိုလ်ချုပ်ကြည်အောင် (၂၀၀၀-၂၀၀၆) တာဝန်ယူစဉ်ကာလတွင် ပျူရှေးဟောင်းဒေသ တူးဖော်လေ့လာရေးများကို စာတွေ့လက်တွေ့ သင်ကြားပေးနိုင်ရန်၊ ဘွဲ့လွန်သင်တန်းကျောင်း အဖြစ် ရည်ရွယ်ကာ ဆောက်လုပ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ပျူခေတ်ရှေးဟောင်းလက်ရာများ ဖြစ်သော အထိမ်းအမှတ်ဆိုင်ရာ အဆောက်အဦ များနှင့် ခံတပ်များကဲ့သို့ အုတ်အဆောက်အဦများကို ဦးစားပေးတူးဖော်ရာမှ အုတ်နှင့် မြေသားဖြင့် ပြုလုပ်ထားသော အရိုးအိုးများ မြေမြှုပ်ထားရာ လှေကားထစ်အဆင့်များကိုပါ သရေခေတ္တရာမြို့ဟောင်း တောင်ဘက်ရှိ အုတ်ရိုးအပြင်ဘက်တွင် တွေ့ရှိတူးဖော်နိုင်ခဲ့ပါသည်။ ထို့အပြင် ပါမောက္ခကြီး ၏ ဖိတ်ကြားချက်အရ ပြည်မြို့ ရှေးဟောင်း သုတေသနနည်းပညာ သင်တန်းကျောင်းက ကျောင်းအုပ်များ အဆက်ဆက်ကို အဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်တွင် ဧည့်သုတေသီများအဖြစ် သွားရောက်ဆောင်ရွက်ကာ ပျူနှင့်ပတ်သက်သော တူးဖော်ချက်၊ တွေ့ရှိချက်များနှင့် ပတ်သက်၍ သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ ဆွေးနွေး ပွဲများ ပြုလုပ်ခြင်းများ ကျင်းပနိုင်ခဲ့ပါသည်။
အစောဆုံးသောမြို့ပြဟု
သတ်မှတ်နိုင်သည့် အချက်များ
Professor Janice Stargartd သည် Dr Gabriel S. Amableနှင့်အတူ သရေခေတရာမြို့တွင် ပေါ်ထွန်းသည့် မြို့ပြဧရိယာများ၌ ပတ်ဝန်းကျင် ပြောင်းလဲမှုများ မြေပုံဖော်ထုတ်ရေးကို အဝေး ပုံရိပ်ထောက်လှမ်းမှု (remote sensing) နှင့် မြေပြင် တွေ့ရှိချက်များ ပူးပေါင်း၍ ဆက်လက်လေ့လာပြီး သက်သေပြရန်ကြိုးစားမှုမှာ သရေခေတ္တရာ၏ အဓိက ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရာအပိုင်းများနှင့် ရေသွင်းသည့်စနစ် ပိုမိုအားကောင်းစွာ ဆောင်ရွက် လာမှုများ ဖြစ်ပါသည်။
သရေခေတရာကို မြို့ပြဖြစ်ထွန်းမှု ဖြစ်ပေါ်ရာ ဒေသအဖြစ် ၁ ရာစုက စတင်ခဲ့ကြောင်း တွေ့ရှိရပေ သည်။ ဟန်လင်းနှင့် ဗိဿနိုးတို့နှင့် တစ်ပြိုင်တည်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဇုန်၏ တောင် ဘက် အစွန်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံးရရှိသော မိုးရေချိန်မှာ (၁၂၀၀ မီလီမီတာ) ခန့်ဖြစ်ကာ ဆန်စပါး စိုက်ပျိုးရေးအတွက် လုံလောက်မှုမရှိပါ။ မြို့ပြ တိုးတက်ဖွံ့ဖြိုးရေးအတွက်မူ ရေသွင်းစနစ်နှင့် ရေမြောင်းများက မရှိမဖြစ် အထူးလိုအပ်သောအရာ များ ဖြစ်ပေသည်။
သရေခေတ္တရာ၏ ထူးခြားချက်မှာ ရှည်လျားသော ပူအိုက်ခြောက်သွေ့သော ရာသီနှင့် ကြားကာလများ တွင် ရေသွင်းစနစ်နှင့် တူးမြောင်းများက လိုအပ်သည့် ရေပိုရေလျှံရရှိရန် ပေးနိုင်ကြပြီး မိုးသည်းထန်စွာရွာသည့် ကာလများတွင်မူ ဆက်သွယ်ထားသော သဘာဝတူးမြောင်းများထဲသို့ ရေများစီးဝင်စေရန် အသုံးဝင်လှပါသည်။ ထိုသို့ ဆောင်ရွက်ထားရှိ၍ သရေခေတ္တရာကို တောင်ကြော အတိုင်း အရှိန်နှင့် အနောက်သို့ စီးဆင်းလာသော ရေများတိုက်စားခြင်း သဘာဝဒဏ်မှ ကာကွယ်ပေး နိုင်ခဲ့ပါသည်။
သရေခေတရာမြို့ကွက် အခင်းအကျင်းပုံမှာ အနီးအနားရှိ မင်းဘာဟုတောင်တန်း၏ လွှမ်းမိုးခြင်း များစွာ ရှိနေခြင်းမှာ တောင်စောင်းများမှ စီးဆင်း ကျလာသော ရေအရှိန်ကြောင့် ရာသီအလိုက် ပြောင်းလဲမှုများ၏ သက်ရောက်မှုကြောင့်ဖြစ်သည်။ မြောင်းလက်တက်များ၊ ကျုံးများ၊ ရေပို့ပေးသော တူးမြောင်းများ၊ အုတ်ရိုးများနှင့် ရေသိုလှောင်ရန် ကန်များကို ဆောက်လုပ်ကြပြီး ပိုမိုကောင်းမွန် အောင် ဆောင်ရွက်လုပ်ကိုင်ခြင်းကို ရာစုနှစ်များစွာ လုပ်ကိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုသို့ မိုးရာသီ တွင် ရေထိန်းချုပ်နိုင်မှုကို ပိုမိုချဲ့ထွင် လုပ်ကိုင်ခြင်း၊ ကြီးမားသော တိုက်စားမှုကြောင့် မြေပြိုခြင်း၊ ရေနုတ်တူးမြောင်းများ၊ ကျုံးများဖြင့် ရေကို စိတ်ချစွာ သိုလှောင်ထားနိုင်သည့် နေရာများတွင် ရောက်ရှိ သိုလှောင်ထားနိုင်စေရန် စီစဉ်ခြင်းဖြင့် ခြောက်သွေ့သောရာသီတွင် ရေပေးဝေနိုင်ရေး အတွက် ဖြစ်စေပါသည်။ အဆိုပါ ရာသီအလိုက် ရေကြောင်း ပြောင်းလဲစီးဆင်းမှုကို သရေခေတ္တရာ ၏ မြို့ပြအဝန်းအဝိုင်းတွင် ဇွန်လမှ နိုဝင်ဘာလ အထိနှင့် နိုဝင်ဘာ/ ဒီဇင်ဘာ မှ မေ/ဇွန်လ အထိ တောက်လျှောက်တွေ့ရှိရသည်။ အဆိုပါရာသီ အလိုက် ရေပြောင်းလဲမှုဖြစ်စဉ်ကြောင့် သရေခေတ္တရာမြို့သည် ထူးခြားစွာ ရဟန္တာကုန်းအုတ်ရိုးများနှင့် ကျုံးများ နေရာသတ်မှတ်ထားရှိရေးအတွက်ပါ အထောက်အပံ့ကောင်းများ ဖြစ်စေခဲ့ပါသည်။ မြို့ပြ ပထဝီဆိုင်ရာ ဖွဲ့စည်းဆောက်တည်မှုသည် သက္ကရာဇ် ၄ ရာစုမှ ၈ ရာစုအတွင်းတွင် ရှုပ်ထွေး မှုများ ပိုမိုများပြားလာရာ စကြဝဠာဗေဒဆိုင်ရာ သကေတနှင့် ပတ်သက်သော တချို့ညှိနှိုင်းချက် များပါ ပါဝင်လာသည်။
အရေးပါသော တူးဖော်တွေ့ရှိချက်များ - ရဟန္တာကုန်း တူးဖော်ရေး
သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ရဟန္တာကုန်း တူးဖော်မှုကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Professor Janice Stargartd သည် Dr Gabriel S. Amable နှင့်အတူ ဆောင်ရွက်ခဲ့ရာ ရှည်လျားစွာ ကွင်းဆက်ရှိသော လူများနေထိုင်ခဲ့ရာ အထောက် အထား အကြွင်းအကျန်များ တွေ့ရှိတူးဖော်ရရှိပါ သည်။ ထိုအထဲတွင် အိုးကွဲစများ အများအပြား စုဝေးတွေ့ရှိမှု၊ အစာကြွင်းများ ထားသိုရာများနှင့် ကာဗွန်နိတ်ဖြစ်နေသော အော်ဂဲနစ်ပစ္စည်းများလည်း ပါဝင်ပါသည်။ အဆိုပါပစ္စည်းများကို အပေါ်ယံ မာကျောနေသော မျက်နှာပြင်အနည်းငယ်တွင် ယခု မြေပြင်အနေအထား၏အောက် ၅၀ စင်တီမီတာ အကွာ အနက် ၇၀-၈၀ စင်တီမီတာခန့်တွင် တွေ့ရ ခြင်းဖြစ်သည်။ သူတို့၏သက်တမ်းကို အောက်ပါ ဇယားဖြင့် ဖော်ပြထားပေသည် -
သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ရဟန္တာကုန်းမှ တူးဖော်ရရှိသော ပစ္စည်းများကို Australia နိုင်ငံ Canberra မြို့ရှိ Australia National University ၏ Radiocarbon Laboratory တွင် Accelerator Mass Spectrometry ဖြင့် သက်တမ်းတွက်ချက်ရာ စီအီး ၅ ရာစုအလယ်ခန့်မှ ၈/၉ ရာစု နောက်ပိုင်းအထိ တွေ့ရှိချက် ညှိနှိုင်းသက်တမ်းဖြစ်ကြောင်း တွေ့ရှိရ ပါသည်။ Professor Janice Stargartd သည် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ရဟန္တာကုန်း တူးဖော်မှုကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းနှင့် ရှေးဟောင်း သုတေသနဦးစီးဌာနမှ သုတေသန အရာရှိများနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ ဘာသာရေးဆိုင်ရာအရ ဆောင်ရွက်ကြ သော အသုဘချသည့် လုပ်ဆောင်ချက်များ၊ ထို့နောက်လူများနေထိုင်ခဲ့ရာ အထောက်အထား အကြွင်းအကျန်များ၊ ဗုဒ္ဓဘာသာကို ပထမဆုံးတွေ့ရှိ ခဲ့မှုနှင့် လူအများကြား ထင်ပေါ်ကာ လက်ခံကြမှုများ စသော တိကျပြတ်သားသော ယဉ်ကျေးမှုဆိုင်ရာ အဆင့်လိုက်ဖြစ်ပေါ်မှုများ ဖော်ထုတ်ရန်ဖြစ်ပါ သည်။ အစောဆုံးနှင့် အောက်ဆုံးအဆင့်မှာ သင်္ချိုင်း ကုန်းဖြစ်ပြီး မီးသင်္ဂြိုဟ်ထားသော လူသေများ၏ အရိုးအိုးများကို စဉ့် သို့မဟုတ် သစ်သားနှင့် ပြုလုပ် ထားသည့် အပိုင်းအစအမျိုးမျိုးတို့ကို ပူဇော်ထားမှု မျိုး မတွေ့ရဘဲ ကျစ်လျစ်သော မြေသားနှင့် ပြုလုပ် ထားသော မီးသင်္ဂြိုဟ်ရာအဆောင်များ၊ တချို့ကို အုတ်ဖြင့် မျက်နှာစာတွင် ပြုလုပ်ထားသည်ကို တွေ့ရှိ ရပေသည်။ အဆိုပါ ကုန်းအပေါ်ဘက်တွင် သစ်သား ကြမ်းခင်းများကို တိုင်များအထက်တွင် တည်ဆောက် ထားကြသည်။ ကြမ်းခင်းများသည် ဒေသတွင်း လုပ်ဆောင်လေ့ရှိသော အလေ့အထများစွာဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အမှတ်အသားပါ ရှေးဦးစဉ့်အိုး များမှာ အဆက်မပြတ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပေ သည်။ သို့သော်လည်း အိုးလုပ်နည်းများမှာ လှည့် လည်သည့် ဘီးသွားစိပ်သုံးကာ ဗုဒ္ဓဘာသာဆိုင်ရာ အမှတ်အသားများ ပုံဖော်ခြင်း၊ တံဆိပ်ပုံထုခြင်းများ သည် အိန္ဒိယမှ ဘာသာရေးဆန်သော ယဉ်ကျေးမှုနှင့် အိန္ဒိယ စဉ့်လုပ်နည်းပညာပါသော အထောက် အထားများ တွေ့ရပါသည်။
သရေခေတ္တရာရှိ ပျူတို့၏ အစဉ်အလာအရနှင့် နေထိုင်ရာပုံစံအရ လုပ်ဆောင်ခဲ့မှုများ၏ ကြာမြင့် ချိန်သက်တမ်းကို ပထမနှင့် ဒုတိယအဆင့်အားဖြင့် ၅ ရာစုအလယ်ပိုင်းဟု ခန့်မှန်းနိုင်ရုံမက အမြင့်ဆုံး အဆင့်ရှိ မာကျောသော မျက်နှာပြင်နှင့် ဒေသ အလိုက် အကြွင်းအကျန်များက ပထမထောင်စုနှစ် အလယ်ပိုင်းမှ အနောက်ပိုင်းအထိ ကြာမြင့်သော သက်တမ်းရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပေသည်။ ၂၀၁၅ ခုနှစ်က တူးဖော်ခဲ့သော ရဟန္တာကုန်း အရှေ့ ဘက် လျှောစောက်ရှိ ရှေးဟောင်းကြမ်းခင်းအောက် တွင် မီးသင်္ဂြိုဟ်ထားမှုကို တွေ့ရှိရသည်။ တွေ့ရှိရ ချက်အရ သရေခေတ္တရာရှိ ပျူတို့သည် သူတို့နေထိုင် ရာ ရွေးချယ်ရာတွင် နဂိုအစုအဖွဲ့လိုက် မီးသင်္ဂြိုဟ် ထားသော အရိုးအိုးများ မြှုပ်နှံထားရာ အရေးပါသော နေရာများအပေါ်တွင် အိမ်များထပ်မံဆောက်လုပ် ကြောင်း တွေ့ရှိရသည်။ ရဟန္တာကုန်း ကုန်းတောင် ဘက်ရှိ စျာပနလုပ်မြေမြှုပ်နှံရာ အဆောင်နေရာများ တွင် တွေ့ရှိရသော အသုဘမီးသင်္ဂြိုဟ်ရာတွင် ထည့်သွင်းကြသည့် ဗုဒ္ဓဘာသာဆိုင်ရာ စဉ့်ထည် အမျိုးမျိုးကဲ့သို့ ပစ္စည်းများကို ရဟန္တာကုန်းရှိ ရှေးဟောင်းအိမ်များ၏ အောက်ဘက်တွင်မူ မတွေ့ရှိ ရပေ။ ဘူမိဗေဒဆိုင်ရာ မြေဆီမြေလွှာ ဆန်းစစ်ချက် အရ High-quality Radiocarbon Dating Services သုံး၍ Beta Analystics က အရိုးအိုးများ သုံးစွဲလာ သောအဆင့် သတ်မှတ်ရာတွင် ပျမ်းမျှသက်တမ်းမှာ စီ ၂၆၀ +/- ၃၀ စီအီးနှင့် သစ်သားကြမ်းခင်းများအပေါ်ရှိ လူများ နေထိုင်ခဲ့ရာ အကြွင်းအကျန်များကြားက တွေ့ရှိရသော ဗုဒ္ဓဘာသာဆိုင်ရာ လက်ရာများ နှိပ်ခတ်ထားသော အိုးခြမ်းပဲ့များက သက်တမ်း အားဖြင့် စီ ၃၄၀ +/_၃၀ စီအီး ဖြစ်ကြောင်း အတည် ပြုခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments