
မြင့်မြတ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေး ဖြစ်စဉ်များနှင့်အတူ ယခုနောက်ပိုင်း ဝင်လာသည့် အတွေးတွေက နိုင်ငံကို ဘယ်လိုဒီမိုကရေစီပုံစံမျိုးနဲ့ တည်ဆောက်မလဲ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကျင့်စဉ်က ဘယ်လိုကျင့်စဉ်မျိုးနဲ့ သင့်တော် မလဲဆိုတာ ပြည်သူတစ်ယောက်အနေဖြင့် စဉ်းစားနေမိသည်။
ဒီမိုကရေစီဆိုသည်က အားလုံးအတွက် သည်းခြေကြိုက်စကားလုံး ဖြစ်နေသည်ကလွဲ၍ ပါးစပ်ဖျားတွင်သာ လမ်းဆုံးနေပြီး လက်တွေ့ ကျင့်စဉ်က တခြားစီဖြစ်နေသည်။ ဆွေးနွေး ပွဲတွေ၊ ဒီမိုကရေစီစာတမ်းဖတ်ပွဲတွေ တွင်တွင် ကျင်းပဖြစ်ခဲ့သော်လည်း လက်တွေ့နှင့် စပ်ဟပ် အောင် မကျင့်သုံးခဲ့ကြ၍ အသွင်ကူးပြောင်းစ ဒီမိုကရေစီ၏ တန်ဖိုးများ ယုတ်လျော့သွားခဲ့သည်။
Quality of democracy နှင့် Democracy index
မြန်မာသာမက ကမ္ဘာမှာလည်း ထိုနည်းတူ ပင် ဖြစ်သည်။ ဒီမိုကရေစီက နောက်ပြန်ဆုတ်နေ သည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အရည်အသွေး Rank သတ်မှတ်ခြင်းဆိုင်ရာ အစီရင်ခံ ထုတ်ပြန်ချက်တစ်ခုတွင် နိုင်ငံ ၁၇၄ နိုင်ငံအနက် ၃၅ နိုင်ငံသာ အရည်အသွေးပြည့်မီသည့် Working democracy အခြေအနေတွင်ရှိနေသည်။ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ စသည့်နိုင်ငံတို့ ဖြစ်သည်။
အမေရိကန်သည်ပင် Deficient democracy ဟုခေါ်သည့် ဒီမိုကရေစီအရည်အသွေးမပြည့်မီ ချို့တဲ့သည့်အုပ်စုတွင် ပါဝင်နေသည်ကို သတိထား မိသည်။ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက နှစ်မျိုးစပ် ဒီမိုကရေစီ Hybrid democracy အုပ်စု တွင် ပါဝင်နေသည်။ ရွေးကောက်ပွဲပုံမှန်ကျင်းပ ပေးသော်လည်း နိုင်ငံရေးအရ ဖိနှိပ်ထားသည့် အသွင်ရှိသည့်နိုင်ငံများက ဤအုပ်စုတွင် ပါဝင်ကြ သည်။ အဆိုးဆုံးက Hard Autocracy အာဏာရှင် ပုံစံ အုပ်ချုပ်သောနိုင်ငံများဖြစ်၍ ဒီမိုကရေစီ ချို့တဲ့ အားအနည်းဆုံးသော အာဏာရှင်အဖြစ် သတ်မှတ်ခြင်းခံရသော နိုင်ငံများဖြစ်သည်။
ကမ္ဘာတွင် Democracy index ဟုခေါ်သည့် ဒီမိုကရေစီစံချိန်စံညွှန်းကို နှစ်စဉ်ထုတ်ပြန် လေ့ရှိသည်။ UK အခြေစိုက်ပုဂ္ဂလိက EIU အဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်းရှိ မရှိ၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးအရာများတွင် ပြည်သူများပါဝင်နိုင်မှု၊ လူ့အခွင့်အရေးအခြေအနေနှင့် တရားဥပဒေစိုးမိုး နိုင်မှုဟူသည့် အချက်လေးချက်အပေါ်မူတည်၍ ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
ဒီမိုကရေစီစနစ်သည် ယခုနောက်ပိုင်းနှစ်များ အတွင်း နောက်ပြန်သွားနေကြောင်း၊ ဆုတ်ယုတ် လာနေကြောင်း အချက်အလက်များက ဖော်ပြနေ သည်။ ဒီမိုကရေစီနိုင်ငံများတွင်ပင် အမျိုးသားရေးအင်အားစုများကြီးထွားလာနေပြီး အာဏာရှင်ဘက် ယိမ်းယိုင်လာနေကြောင်း ပြဆိုနေသည်ကို တွေ့ရ သည်။
အနာဂတ်ဒီမိုကရေစီအတွက် လမ်းပြမြေပုံ
ဆိုတော့ . . . မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာကြည့်သည့်အခါ ဒီမိုကရေစီသက်တမ်း နှစ်ဆက်လုံးတွင် အားရစရာမရှိသည့်အနေအထား များအဖြစ် ဖော်ပြခြင်းခံရသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံကို Authoritarian democracy အာဏာရှင် ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ထား ခြင်းဖြစ်သည်။
ဒီမိုကရေစီ အိုင်ကွန်တစ်ဦး ဦးဆောင်ခဲ့သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံကို အာဏာရှင် ဒီမိုကရေစီ အုပ်စုတွင် ထည့်သွင်းထားခြင်းသည် ဆီလျော် မှန်ကန်ခြင်း ရှိ မရှိကို ယခင်သက်တမ်းအတွင်း ကျင့်သုံးခဲ့သည့် ဒီမိုကရေစီမဆန်သော အပြုအမူ၊ မှားယွင်းစွာအသုံးပြုခဲ့သည့် ကျင့်စဉ်များနှင့် အကဲ ဖြတ်မှတ်တမ်းတင်နိုင်ပါသည်။ ဒီမိုကရေစီစံနှုန်း များအတိုင်း ကျင့်သုံးခဲ့ပါသလား။
အကြောင်းတရားပေါင်း များစွာကြောင့် တပ်မတော်က အာဏာထိန်းခဲ့ရခြင်းနှင့် နောက်ပိုင်း ဒီမိုကရေစီကို ကျောခိုင်းသော နိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ဖြစ်စဉ်များအရလည်း ဆန်းစစ်နိုင်ပါ သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အာဏာ အရပ်ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ ပေးမည်၊ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများ နှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပေးသွားမည်ဟု ကမ္ဘာသိ၊ မြန်မာသိ ကတိပေးထားချက်ကို အလေး အနက်ထား အသိအမှတ်ပြုရမည်ဖြစ်သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီဟူသည်
ဤတွင် “လွတ်လပ်ပြီး တရားမျှတခြင်း”၊ “ပါတီစုံရွေးကောက်ပွဲပြုလုပ်ခြင်း” ၊ “ဒီမိုကရေစီ စံနှုန်း”ဟူသော စကားလုံးများသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း နားရည်ဝပြီးဖြစ်သည်။ သို့သော် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော” ဟူသည့် စကားစုက အနာဂတ်ဒီမိုကရေစီစနစ်အတွက် အားရစရာ အာမခံချက်တစ်ခုအဖြစ် တွေ့ရပြန် သည်။ မှန်ပါသည်၊ အနာဂတ်တွင် ကျင့်သုံးမည့် ဒီမိုကရေစီသည် စည်းကမ်းရှိရမည်။ စည်းကမ်းမရှိ လျှင် စစ်မှန်မှုရှိမည်မဟုတ်၊ မစစ်မှန်လျှင် တရား မျှတမှုလည်း ရှိမည်မဟုတ်၊ တရားမမျှတလျှင် ပွတ်တိုက်မှုများမည်၊ လူများစုဖြင့် အနိုင်ယူခံရသော ကြောင့် လူနည်းစုအခွင့်အရေးများဆုံးရှုံးမည်၊ နိုင်ငံ နှင့်တိုင်းရင်းသားများအတွက် အကျိုးမရှိ၊ ပျက်စီး ခြင်းသာ အဖတ်တင်မည်ကို အတွေ့အကြုံအရ သင်ခန်းစာယူရမည်ဖြစ်ပါသည်။
ဒီမိုကရေစီဟူသည် ဆန့်ကျင်ဘက်အင်အားစု များအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ပြီး ညီညွတ်မှုတည်ဆောက်၍ တိုးတက်အောင်မြင်မှု များ ရယူခြင်းပင် မဟုတ်ပါလား။ စစ်မှန်၍ စည်းကမ်းပြည့်ဝမည့် ဒီမိုကရေစီအတွက် ဤ အခြေခံအချက်များကိုပင် မကျိုးပျက်အောင် သတိ ပြုရမည်ဖြစ်ပါသည်။
မိမိနိုင်ငံနှင့် ကိုက်ညီနိုင်မည့်
ပုံစံအမျိုးမျိုးနှင့် ဒီမိုကရေစီ
ကမ္ဘာပေါ်တွင် ဒီမိုကရေစီဆိုသော အသုံးအနှုန်း ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆို၍ ခံယူကျင့်သုံးနေကြ သည်။ ကွန်မြူနစ်ပါတီဦးဆောင်သော တရုတ် ပြည်သူ့သမ္မတနိုင်ငံသည်လည်း ဆိုရှယ်လစ်ဒီမို ကရေစီခေါ် ပြည်သူ့ဒီမိုကရေစီကို ကျင့်သုံးနေပါ သည်။ နိုင်ငံအားလုံး ဒီမိုကရေစီနှင့်မကင်းပါ။ တရုတ်နိုင်ငံ၏ ဥပမာက ပုံစံအမျိုးမျိုးနှင့်ရှိနေသော ဒီမိုကရေစီကို မိမိနိုင်ငံနှင့် ကိုက်ညီသော စံသတ်မှတ်ချက်အတိုင်းသာ ထားရှိကျင့်သုံးနေသည့် ပုံစံဖြစ်သည်။
နိုင်ငံတိုင်းတွင် ဒီမိုကရေစီကျင့်သုံးပုံက အမျိုးမျိုးဖြစ်သည်။ မိမိနိုင်ငံ၏ နောက်ခံသမိုင်း ကြောင်း၊ ပထဝီဝင် ရေမြေအခြေအနေ၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် နေထိုင်သော လူမျိုး အရေအတွက်များအပေါ် မူတည်၍ အသင့်တော် ဆုံးပုံစံကို ကျင့်သုံးကြသည်။ ပြည်သူတို့၏ ပညာ ဉာဏ်အမြော်အမြင်နှင့် နိုင်ငံရေးရေချိန်၊ ကျင့်ဝတ် နှင့် အခြေခံစံနှုန်းများကို လိုက်နာနိုင်သည့်အနေ အထားများကို ထည့်တွက်ရသည်။ နိုင်ငံသား တို့၏ လူပုဂ္ဂိုလ်စွဲကြီးတတ်မှုနှင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ် အလွန်အမင်း ယုံကြည်ကိုးစား အစွဲကြီးမှုကလည်း ကျင့်သုံးနေသည့် ဒီမိုကရေစီ စံနှုန်းများအပေါ် သက်ရောက်နိုင်၍ အနုတ်လက္ခဏာ ဆောင်သွားနိုင်ပုံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ဒီမိုကရေစီမအောင်မြင်သည့်
နိုင်ငံတကာဥပမာများ
ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေသော ဒီမိုကရေစီ ကျင့်စဉ်ကို မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီ ခြင်းရှိ မရှိ၊ နိုင်ငံကြီးများအနေဖြင့် မိမိတင်ပို့ လိုက်သော ဒီမိုကရေစီပုံစံသည် ထိုနိုင်ငံ၏ အခြေ အနေမျိုးစုံနှင့် ကိုက်ညီသင့်တော်ရဲ့လား မစဉ်းစား၊ မသုံးသပ်ဘဲ ကိုယ့်အတ္တအကျိုးစီးပွားကိုသာ အခြေခံ သည့်အတွက် တင်ပို့သမျှ ဒီမိုကရေစီစနစ်များမှာ ကျဆုံးရသည်သာ များနေသည်ကို လေ့လာနိုင်ပါ သည်။
အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန် ပြဿနာများနှင့် ယခုနှစ်များအတွင်း အာဖရိက နိုင်ငံအချို့တွင် စစ်ဘက်အာဏာသိမ်းမှုများက ပြသနေပါသည်။ အနောက်လစ်ဘရယ်ဒီမိုကရေစီကို သွတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် သည်ကို တွေ့ရသည်။ တာလီဘန်များကို အကြမ်း ဖက်အကြောင်းပြ တိုက်ထုတ်ခဲ့သော်လည်း အဆုံး တွင် တာလီဘန်တို့ထံသာ အာဏာပြန်လည်အပ်နှံရ သည့် အဖြစ်မျိုးရောက်ခဲ့ရသည်။ အာဖဂန်တွင် အမေရိကန်ဒီမိုကရက်တို့ နှစ် ၂၀ ခန့် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ အဓိကအကြောင်းရင်းသည် ကျင့်သုံးသော ဒီမို ကရေစီ စံချိန်စံညွှန်းများ မပြည့်မီသောကြောင့် ဖြစ်ရသည်။ ဒီမိုကရေစီကို လက်မခံသော ရှေးရိုးစွဲ ခေါင်းဆောင်များကြောင့်လည်း အာဖဂန်တွင် ဒီမို ကရေစီကျဆုံးရသည်။ ဒီမိုကရေစီ ရင့်ကျက်ပါသည် ဆိုသော ထိုင်းနိုင်ငံတွင်ပင် နိုင်ငံရေးသမားများ ပဋိပက္ခ ပြင်းထန်သည့်အခါတိုင်း တပ်မတော်က အာဏာသိမ်းရသည့် ဖြစ်စဉ်များ မကြာခဏ ကြုံရ သည်ကို သင်ခန်းစာယူနိုင်ပါသည်။
ဒီမိုကရေစီကျင့်သုံးပုံများ
နိုင်ငံတိုင်းတွင် ဒီမိုကရေစီကို ကျင့်သုံးပုံများ မတူညီကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မှတ်သားမိသမျှ ယေဘုယျအားဖြင့် ဒီမိုကရေစီပုံစံ လေးမျိုးကို မိမိနိုင်ငံ၏ အခြေအနေများနှင့်အညီ ကျင့်သုံးအကောင်အထည်ဖော်နေကြကြောင်း သိရှိ ရပါသည်။ Direct democracy (တိုက်ရိုက်ဒီမို ကရေစီ) ၊ Representative democracy (ကိုယ်စား ပြုဒီမိုကရေစီ) ၊ Constitutional democracy (ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ကျင့်သုံး သော ဒီမိုကရေစီ) နှင့် Minority democracy (အနည်းစုဦးစားပေးဒီမိုကရေစီ) ဟူ၍ မှတ်သားမိ ပါသည်။
တိုက်ရိုက်ဒီမိုကရေစီသည် နိုင်ငံရေးအသိဉာဏ် မြင့်မားသော လူထုက နိုင်ငံအကြီးအကဲကို တိုက်ရိုက်မဲပေး ရွေးကောက်တင်မြှောက်သည့် နည်းဖြစ်သည်။
ကိုယ်စားပြုဒီမိုကရေစီတွင် လွှတ်တော်မဏ္ဍိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက အစိုးရနှင့် အစိုးရ အကြီးအကဲထက် ပို၍အားကောင်းသည်ကို ပြသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း ကျင့်သုံး သော ဒီမိုကရေစီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မရ၊ ဥပဒေ၏ ကန့်သတ်ချက်များအောက် တွင် အာဏာသုံးရပ် ပါဝါအညီအမျှ အာဏာဖြင့် အပြန်အလှန် check and balance ပြုလုပ် ထိန်းကျောင်း၍ အုပ်ချုပ်သောစနစ်ဖြစ်သည်။ လက်ရှိ အမေရိကန်၊ ဂျပန်၊ အစ္စရေး စသည့် နိုင်ငံ အတော်များများတွင် ကျင့်သုံးကြသည်။
အနည်းစုဦးစားပေး ဒီမိုကရေစီက လူနည်းစု တိုင်းရင်းသားလူမျိုးများကို ပို၍ ကိုယ်စားပြုသည့် ပုံစံဖြစ်သည်။ ဤသို့ ပုံစံများကြားတွင် ရွေးကောက်ပွဲလည်းရှိပြီး တင်မြှောက်ခံရသော နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအကြီးအကဲက de facto တရားဝင်ပြဋ္ဌာန်းမထားသော်လည်း အမှန်ဖြစ်နေသည့်သဘောဖြင့် လက်တွေ့တွင် ပို၍ အာဏာရှိသော၊ အာဏာကိုချုပ်ကိုင်ခွင့်ရရှိနေသော ဒီမိုကရေစီပုံစံတစ်မျိုးလည်းရှိသေးသည်။ ၎င်းကို Guided democracy ဟုခေါ်သည်။ ယခင်က အင်ဒို နီးရှား၊ ယခု ရုရှား စသည့်နိုင်ငံများကျင့်သုံးနေသည့် ပုံစံဟုဆိုကြသည်။
အားလုံးကို ကိုယ်စားပြုနိုင်မှ စစ်မှန်တရားမျှတမှုရှိပါမည်
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရာတွင် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲပုံစံသည် အလွန်အရေးကြီး ပါသည်။ ယှဉ်ပြိုင်သူအားလုံးအတွက် တန်းတူညီမျှ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲသည်သာ ဒီမိုကရေစီ၏ပုံရိပ်ကို အသက်ဝင်စေပါသည်။ ထို့ကြောင့် အနာဂတ်ဒီမိုကရေစီနှင့်အတူ ယှဉ်တွဲ လာမည့် ဖက်ဒရယ်အခြေခံ ပြည်ထောင်စုကြီး အတွက်ရော၊ အများစုနည်းတူ အနည်းစုကိုပါ ကိုယ်စားပြုနိုင်ရန်အတွက်ပါ တိကျသေချာစေမည့် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို နောင် ရွေးကောက်ပွဲများတွင် မိတ်ဆက်ကျင့်သုံးတော့ မည် ဖြစ်ပါသည်။
မဏ္ဍိုင်သုံးရပ်လုံးတွင် တိုင်းရင်းသားများ ပါဝင် လာနိုင်ခြေပိုများလာပြီး တစ်ပါတီတည်း ကြီးစိုးမှုကို ရပ်တန့်နိုင်မည်ဖြစ်ကာ ပါတီအားလုံးကို ကိုယ်စား ပြုသည့် အာဏာခွဲဝေမှုများကိုလည်း မြင်တွေ့လာရ တော့မည်ဖြစ်ပါသည်။ လူနည်းစု၏အမြင်များကိုပါ ထင်ဟပ်တော့မည်ဖြစ်ခြင်းကြောင့် ပွတ်တိုက်မှုများ နှင့် ပဋိပက္ခများ လျော့နည်းလာနိုင်ပြီး နိုင်ငံသား အားလုံး၏အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်တော့မည်ဟု သုံးသပ်ရပါသည်။ သို့သော်လည်း ရွေးကောက်ပွဲကျင်းပရုံဖြင့် ပြီးပြည့်စုံသော ဒီမို ကရေစီရရှိပြီဟု ဆိုလိုခြင်း မဟုတ်သလို အာဏာ သုံးရပ် ခွဲခြားပြီးတိုင်းလည်း ဒီမိုကရေစီ ယဉ်ကျေး မှုမရှိက စစ်မှန်မှုမရှိနိုင်ကြောင်းကိုမူ သိနားလည် ထားရမည်ဖြစ်ပါသည်။
ဒီမိုကရေစီအာဏာရှင်ပုံစံသို့
လမ်းချော်သွားနိုင်သည်ကို သတိပြုပါ
နောက်တစ်ချက်က ဒီမိုကရေစီတွင် တာဝန်ယူ တာဝန်ခံမှု အရေးကြီးခြင်းနှင့်အတူ ကတိတည်ရန် လည်း လိုအပ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်လာသော အစိုးရတစ်ရပ်အတွက် ပိုအရေးကြီး သည်။ ပြည်သူကို ကိုယ်စားပြုပြီး တက်လာသော ကိုယ်စားလှယ်က ပြည်သူ့မျက်နှာမကြည့်ဘဲ ပါတီ အကျိုးနှင့် ပါတီခေါင်းဆောင်၏ လိုအပ်ချက်များ ကိုသာ တာဝန်ခံနေရခြင်းကြောင့် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သလိုဖြစ်ရသည်။
တလွဲတာဝန်ခံမှုတွေ၊ အတ္တလိုအင်တွေနှင့် ပြည့်နေသော အရည်အချင်းမပြည့်ဝသည့် နိုင်ငံရေး သမားများလက်ထဲတွင် ဒီမိုကရေစီဖွံ့ဖြိုးမှု အဟန့် အတားဖြစ်နိုင်သည်ကို နောင်အနာဂတ်ဒီမိုကရေစီ အတွက် သင်ခန်းစာယူရမည်ဖြစ်သည်။ ပြည်သူ အားလုံးနှင့် လူနည်းစုတိုင်းရင်းသားတို့၏ လိုလား ချက်များကိုဥပေက္ခာပြု၊ ပါတီနှင့်ပါတီခေါင်းဆောင် ကိုသာ ဦးစားပေးလွန်းပြီး အာဏာအလွဲသုံးစား လုပ်သလို ဖြစ်သွားသည့်အခါ ဒီမိုကရေစီအာဏာ ရှင်စနစ် (Authoritarian democracy) ဆီသို့ လမ်းချော်သွားတတ်သည်ကို သတိပြုရန် လိုပါ သည်။
ပညာရေးဖြင့် အခြေခံအုတ်မြစ်ချရမည့် ဒီမိုကရေစီယဉ်ကျေးမှု
ဒီမိုကရေစီကို စည်းစနစ်တကျ မကျင့်သုံးနိုင် ခြင်းသည် ဒီမိုကရေစီယဉ်ကျေးမှုများကို မေ့လျော့ နေခြင်းကြောင့်ဖြစ်သည်။ စည်းကမ်းရှိခြင်း၊ ဥပဒေ ကိုလိုက်နာခြင်းသည် အနိမ့်ဆုံးလိုအပ်ချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး တန်ဖိုးထား ရမည်။ တန်းတူညီမျှ ၊ တရားမျှတမှု ရှိကိုရှိရမည် ဖြစ်သည်။ လွတ်လပ်မှုကို စည်းကမ်းနှင့်တွဲ၍ ကျင့်သုံး နိုင်ရမည်။ ပရမ်းပတာ လွတ်လပ်မှုမျိုးမဟုတ်၊၊ အမြင်မတူသူအချင်းချင်း နားလည်မှုပေးနိုင်စွမ်း ရှိရမည်ဖြစ်ပြီး ညှိနှိုင်းနိုင်စွမ်းရှိရမည်။ မတူကွဲပြား သူများနှင့် အပေးအယူမျှမျှတတဖြင့် ယုံကြည်မှုတည်ဆောက်နိုင်ရမည်ဖြစ်ပြီး ပေါင်းစည်း လုပ်ဆောင်တတ်ရမည်။ ဒီမိုကရေစီအုတ်မြစ်ခိုင်မာ ရန် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းတွင် တာဝန် ရှိသလို သက်ဆိုင်ရာပါတီနှင့် ကိုယ်စားလှယ်ကို ရွေးချယ်ရမည့် ပြည်သူမှာလည်း တာဝန်ရှိသည်ဟု ခံယူနိုင်စွမ်းရှိရမည်ဖြစ်သည်။
အခြေခံအုတ်မြစ်ကောင်းဖို့အတွက် မရှိမဖြစ် မြှင့်တင်ရမည့်အရာသည် ပညာရေးဖြစ်သည်။ မိမိတို့နိုင်ငံ အခြေအနေအရဆိုလျှင် ဒီမို ကရေစီ အုတ်မြစ်အတွက် စာသင်ခန်းများသည်သာ အားကိုး ရာဖြစ်တော့သည်။ အချိန်မီ မနှေးအမြန် ဆောင်ရွက် ရမည့်အရာဖြစ်သည်။ အရည်အသွေးမီ democracy resource ကို စာသင်ခန်းများတွင်ပင် ရယူစုဆောင်း ၍ ဒီမိုကရေစီယဉ်ကျေးမှုကို အခြေခံ ပညာအဆင့်မှာ ပင် ပြုစုပျိုးထောင်လေ့ကျင့်ပေးရပါမည်။
ပညာကသာ ဆင်ခြင်တုံတရားကို မြှင့်ပေးနိုင် မည်ဖြစ်သည်။ ပညာအခြေခံကသာ Smart နိုင်ငံ သားများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကာ ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် မဲဆွယ်ကိုယ်စားလှယ် လောင်းများ၏ အရည်အချင်းကို မေးခွန်းများဖြင့် အကဲဖြတ်စောင့်ကြည့်လေ့လာနိုင်သော နိုင်ငံသား ကောင်းများကို ပေါ်ထွက်စေပါသည်။ မဏ္ဍိုင် သုံးရပ် အပေါ်တွင် ပညာရည်ပြည့်ဝသော ပြည်သူများရှိသင့် သည်။ သို့သော်လည်း မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ်၊ အမျိုးသားရေးနှင့် ဘာသာ သာသနာ၊ အမျိုးသား အကျိုးစီးပွားကိုတော့ ဒီမိုကရေစီ၏ရှေ့မှာ ဦးစား ပေးထားရမည်။ ပါတီအကျိုးထက် အမျိုးသား အကျိုး၊ ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံအရေးကို ပို၍ဦးထိပ်ထားရမည်။ ပါတီအလံသည် နိုင်ငံတော် အလံအောက်မှာသာ ရှိနေရမည်ဖြစ်သည်။
ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သည် အာဏာရှင်ဆန်ခြင်းဖြစ်သည်
ဒီမိုကရေစီက လူတိုင်းကို တန်းတူညီမျှမှုနှင့် တန်းတူအခွင့်အရေးကို ဖြစ်စေသည်ဟု ဆိုထား သည်။ တန်းတူဖြစ်ဖို့ဆိုလျှင် တစ်ဦး၏တန်ဖိုး ကို တစ်ဦးက တန်ဖိုးထားတတ်ဖို့ လိုသည်။ မိမိတို့ထံတွင် ဤသို့သော တန်ဖိုးထား မှုများရှိနေကြပြီလား။ အနာဂတ်ဒီမိုကရေစီအတွက် မေးခွန်းတစ်ခုဖြစ်ပါမည်။ မိမိကိုယ်တိုင် လွတ်လပ် စွာ ဖန်တီးနိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့်၊ ပြောခွင့်ဆိုခွင့်၊ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်၊ ပါဝင် ခွင့်များ ရှိရမည်ဟု ဒီမိုကရေစီစံနှုန်းများအရ ဆိုထားသည်။ ဤအတွက်ရော၊ မိမိတို့၏ ဆင်ခြင် ပိုင်းခြားသုံးသပ်နိုင်စွမ်းရည်နှင့်အညီ “လွတ်လပ် စွာ”ဟူသော ဒီမိုကရေစီကျင့်စဉ်အတွက် အဆင်သင့် ဖြစ်ပါပြီလား၊ လိုအပ်ချက်များစွာဖြင့် ရင့်ကျက်မှု ရှိရန် လိုအပ်နေဆဲဟု မြင်ပါသည်။
ဒီမိုကရေစီဗန်းပြ၊ အာဏာရှင်ဆန်ဆန် ယခုလို အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပညာသင်ကြား ခွင့်၊ ဆေးကုသခွင့်၊ အသက်မွေးဝမ်းကျောင်း ရောင်းချခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ အလုပ်လုပ်ကိုင် ခွင့် စသည့်လူ့အခြေခံအခွင့်အရေးများစွာ ပိတ်ပင် တားဆီးဟန့်တားခံနေရသည် မဟုတ်ပါလား။ လွတ်လပ်မှုမရှိ၍ လူ့အဖွဲ့အစည်းများစွာမှာ အေးချမ်း သာယာမှုကင်းမဲ့နေခြင်းကပင် အဖြေဖြစ်နေပါ သည်။ ဒီမိုကရေစီကို တန်ဖိုးရှိရှိ အသုံးချတတ်လျှင် စစ်မက်ကင်းပြီး အလွန်ငြိမ်းချမ်းပါသည်။
အမှန်က ဒီမိုကရေစီသည် နိုင်ငံတစ်နိုင်ငံ အတွက် မူပိုင်တံဆိပ်တစ်ခု မဟုတ်ပါ။ နိုင်ငံကြီး တစ်ခုက မူပိုင်ယူပြီး ရန်သူမိတ်ဆွေသတ်မှတ်ရမည့် လက်နက်ကိရိယာတစ်ခုအဖြစ်လည်း မသုံးသင့်ပါ။ တစ်ဖက်က ဘာလုပ်လုပ်၊ ထကန့်ကွက်သည့် ဒီမို ကရေစီမျိုးလည်း မဖြစ်သင့်ပါ။ အပြန်အလှန် check and balance ထားရှိသော်လည်း ဘုံအကျိုးစီးပွား ကို လျစ်လျူရှုမိသည့်အခါ ပွတ်တိုက်မှုများ၊ ပဋိပက္မခ များ ပြင်းထန်လာပြီး အကွဲအပြဲဖြစ်ကြရသည့် ဒီမို ကရေစီမျိုးလည်း မဖြစ်သင့်ပါ။ မဏ္ဍိုင်တစ်ခုခုက အခြားမဏ္ဍိုင်တစ်ခုခုအပေါ် လွှမ်းမိုးလွန်းသော အာဏာရှင်ဒီမိုကရေစီမျိုးလည်း မဖြစ်သင့်ပါ။ အများစုအားသာချက်ဖြင့် အနည်းစုအပေါ် အနိုင်ယူ အနိုင်ကျင့်သည့် ဒီမိုကရေစီလည်း မဖြစ်သင့်ပါ။ အပေးအယူလုပ်ပြီး ညှိနှိုင်းတတ်ရန်နှင့် win- win- win ကို တည်ဆောက်နိုင်ရန်လိုသည်။ ပြည်သူ အားလုံး လူမှုစီးပွားဘဝများတည်ငြိမ်ပြီး ငြိမ်းချမ်း ရေးကိုရှေးရှုသော ဒီမိုကရေစီမျိုးသာ ဖြစ်သင့်ပါ သည်။ မည်သည့်ဒီမိုကရေစီပုံစံ ကျင့်သုံးသည်ဖြစ်စေ စည်းလုံးခိုင်မာသော စစ်ဘက် institution နှင့်အတူ စစ်ဘက်- အရပ်ဘက်ဆက်ဆံရေး ကောင်းမွန် အဆင်ပြေချောမွေ့စေရေးကိုမူ ဘယ်သောအခါမှ မမေ့အပ်ပေ။
အချုပ်အားဖြင့် ဒီမိုကရေစီဟူသည် ပညာ၊ ဝီရိယရှေ့ထား စိတ်ရှည်သည်းခံကာ နားလည်မှု ပေးပြီး တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ယူရမည့် ရေရှည် Process တစ်ခုသာဖြစ်သည်။ အလော တကြီး လုပ်ယူရမည့်အရာ မဟုတ်ပါ။ အသွင် ကူးပြောင်းစ ဒီမိုကရေစီတိုင်းတွင် ခလုတ်ကန်သင်း အဟန့်အတားကင်းကင်းဖြင့် ချောမွေ့စွာ ဖြတ်သန်း ခဲ့ရသည်ဟူ၍လည်း မရှိပါ။ အားလုံးသည် အခက် အခဲများစွာ ကျော်လွှားပြီးမှ အောင်မြင်ခဲ့ကြသည် ချည်း ဖြစ်သည်။
ပြည်သူအပါအဝင် သက်ဆိုင်သူအားလုံးက တက်ညီလက်ညီ ကြိုးစားကြဖို့ လိုပါမည်။ အထက်တွင် တင်ပြခဲ့သော ဒီမိုကရေစီစနစ်အမျိုးမျိုး မှ အားသာချက်များကိုယူ၍ အားနည်းချက်များကို ပြုပြင်ရပါမည်။ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရန် ပြင်သင့်ပြင်ထိုက်သော ဥပဒေများကို ပြင်ဆင် ခြင်းများ ရှိလာနိုင်ပါသည်။ မိမိနိုင်ငံသမိုင်း နောက်ခံအခြေအနေအလုံးစုံနှင့် ကိုက်ညီမည့် အမျိုးသားအကျိုးစီးပွား အခြေခံသည့် ဒီမိုကရေစီ စနစ်မျိုးကိုသာ ပြောင်းလဲသင့်သည်များ ပြောင်းလဲ၍ မိမိနည်း မိမိဟန်ဖြင့် ရဲရဲဝံ့ဝံ့ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
- Log in to post comments