
ပုဏ္ဏားကျွန်း နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော် ဘုရား ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာသင်ပုတ် ဆွမ်းတင်ပူဇော်ပွဲကို ရင်ပြင်တော်၌ နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည်။
ရခိုင်လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော်၍ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ်တို့ မှ ရခိုင်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ရခိုင်မင်္ဂလာ စည်တော် အတီး၊ အမှုတ်စုံလင်စွာဖြင့် ရခိုင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများအတိုင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။
ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင်ပူဇော်ပွဲကို PNG Development You Organization အသင်းက ဦးဆောင်၍ ရက္ခိတမင်္ဂလာစည်တော်အဖွဲ့နှင့် ရခိုင်၊ ခမီ၊ မြိုတိုင်းရင်းသား လူငယ်၊ မောင်မယ်များက ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတို့ဖြင့် ထမင်း ထောင်၊ ပန်းထောင်၊ ဆီမီးထောင်များကိုင်ဆောင်ကာ မင်္ဂလာစည်တော်များ၊ ရခိုင်ရိုးရာတူရိယာများ တီးမှုတ်၍ စံပြရပ်ကွက်ရှိ PDYO လူငယ်အသင်းရုံးမှ စတင်ကာ သာယာလမ်း၊ အောင်သိဒ္ဒိလမ်းများအတိုင်း လှည့်လည်ပူဇော်ကြပြီးနောက် ဦးရာဇ်တော်ဘုရား တောင်ပေါ်သို့ တက်ရောက်ပူဇော်ခဲ့ကြသည်။
“သင်ပုတ်ဆွမ်းဆိုတာ ရခိုင်တောင်သူတွေရဲ့ လယ်မြေမှ ပထမဆုံးထွက်ရှိလာတဲ့ စပါးကို ရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းဖွပ်ကာ ဦးဦး ဖျားဖျား ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဓလေ့ဖြစ်ပါတယ်”ဟု ဦးဆောင်ကျင်းပသည့် အသင်း ဥက္ကဋ္ဌ ကိုလင်းမြတ်က ပြောသည်။
ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းကို ရှေးရခိုင်ဘုရင်များ လက်ထက်က ထမင်းထောင်၊ ပန်းထောင်၊ ဆီမီး ထောင်တို့ဖြင့် သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ကပ်လှူ ကြောင်း၊ ကောက်ဦးထမင်းကို ကတော့ပုံ သွတ်သွင်း ပြီး ခရုချွန်ပုံဖြစ်လာအောင်ပြုလုပ်၍ သင်ပုတ်ဆွမ်း ၃၃ ခုနှင့် ဆွမ်းထမင်းကို စေတီပုံအဖြစ် ဗန်းအလယ်၌ ထားကာ ဘုရားကျောင်းကန်ပုထိုးများ၌ ဒါနပြုကြ ကြောင်း သိရသည်။
နံနက်ပိုင်းတွင် သင်ပုတ်ဆွမ်းကပ်လှူပြီး ညပိုင်း တွင်လည်း ဦးရာဇ်တော်ဘုရားရင်ပြင်တော်၌ ဆီမီး တစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲနှင့် ပုဏ္ဏားကျွန်း မြို့ စံပြရပ်ကွက် ကင်းလမ်းမတစ်လျှောက်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်အတူ ရခိုင်၊ ခမီ၊ မြို တိုင်းရင်းသားတို့၏ ရခိုင်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေမှုများလည်း ဆက်လက်ပြုလုပ်ကြောင်း သိရသည်။
နီထွန်းအောင်
(ပြန်/ဆက်)