ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံ ပြန်လည်ထူထောင်ရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

 

ပုဏ္ဏားကျွန်း  မေ  ၂၅
မေ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံ    ပြန်လည် ထူထောင်ရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အင်ဂျင်နီယာ နှင့်ကျွမ်းကျင် လုပ်သားများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ  ၂၅ ရက်တွင် ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သား ၅၆၇ ဦးတို့က ပုဏ္ဏားကျွန်းပင်မ ၂၃၀  ကေဗွီ ဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်းလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်မှု လုပ်ငန်း၊ တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်း    ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို မေ ၁၅ ရက်မှစတင်၍ နေ့ညမနား   ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  
မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ တာဝါတိုင်အမှတ် (၄၂၄)နှင့်(၄၂၅)တို့ကို ဖယ်ရှားဆောင်ရွက်ခြင်း၊ ပျက်စီးခဲ့သော ဖောင်ဒေးရှင်းများ ပြန်လည်ပြုပြင်ခြင်း၊ ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတွင်  တာဝါတိုင် ပေါင်း ၄၄၈ တိုင်ရှိသည့်အနက် ပြိုကျပျက်စီးခဲ့သော တာဝါတိုင် ၁၂ တိုင်၊ တာဝါထိပ်ပိုင်းပျက်စီးခဲ့သည့် တာဝါတိုင်နှစ်တိုင်ကို အစားထိုးခြင်း၊  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- စစ်တွေ    အမှတ်(၁)ဓာတ်အားလိုင်းတွင် ကွန်ကရစ်တိုင်ပေါင်း  ၈၁၂ တိုင် ရှိသည့်အနက်  လဲကျပျက်စီးခဲ့သည့် ဓာတ်အားတိုင် ၁၀၆ တိုင် အစားထိုး ပြုပြင်ခြင်းလုပ်ငန်းများကို ဦးစားပေး     ဆောင်ရွက်လျက်ရှိကြောင်း     မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူထံမှ သိရသည်။                                          

နီထွန်းအောင်(ပြန်/ဆက်)