
ပုလော ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ ကဏန်းလက်မပုံသဏ္ဌာန် ကျွန်းတစ်ခုပေါ်တွင် ကမ်းခြေတစ်လျှောက်နှင့် ရေထဲ၌ခြေတံရှည်နေအိမ် များ အစီအရီတည်ဆောက်ထားသည့် ကျောက္ကာ ကျေးရွာသည် ကိုဗစ်-၁၉ အလွန် ယခုနှစ်ခရီးသွား ရာသီကာလတွင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်လာကြောင်း သိရသည်။
မြိတ်မြို့မှ ရေမိုင် ၂၀ ခန့် ကွာဝေးပြီး ပုလော မြို့နယ်အတွင်း ထူးခြားထင်ရှားသည့်ပင်လယ်ပြင် တွင် ကျွန်းပတ်လည်ကမ်းခြေတစ်လျှောက်နှင့် ရေပေါ်တို့တွင် လူနေအိမ်များကို အစီအရီ တည်ဆောက်နေထိုင်ကာ တံငါလုပ်ငန်းကို အဓိက ထား အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင် စားသောက်လျက်ရှိသည့် ကျောက္ကာကျေးရွာသို့ လွန်ခဲ့သောသုံးနှစ်ကျော်ခန့်မှစတင်ကာ လူသိများ လာပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ အတွက် စိတ်ဝင်စားဖွယ်နေရာ ကျွန်းခရီးစဉ်တစ်ခု ဖြစ်လာနေကြောင်း သိရသည်။
“နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ရှေး ဟောင်း စေတီတွေလည်းရှိတယ်။ နိုင်ငံခြားသား ခရီးသွားတွေ စိတ်ဝင်စားနိုင်မယ့် သဘာဝတောင် တက်လမ်းတွေရှိတဲ့ ကျောက္ကာရွာကို လေ့လာစရာ ကျွန်းခရီးစဉ် တစ်ခုအဖြစ် ဆောင်ရွက်ထားပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေက ရေပေါ်အိမ် (ဒေသအခေါ် ကြပ်စင်)တံငါရွာ ရေ လုပ်သားတွေရဲ့ လူနေထိုင်မှုဘဝတွေကို လေ့လာ လို့ရမယ်။ ကျောက္ကာကျေးရွာ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ထူးခြားတဲ့ နတ်ရေတွင်းလို့ခေါ်တဲ့ ရေချိုတွင်း တစ်ခုရှိတဲ့ ကော့ဒွေးကျွန်းကိုလည်း သွားရောက် လေ့လာနိုင်ဖို့ ခရီးစဉ်အသစ်တွေ ထည့်သွင်းစီစဉ် ဆောင်ရွက်ထားပါတယ်” ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြိတ်ကျွန်းစုဒေသ၏ ကျွန်းခရီးစဉ်ခရီးသွား လုပ်ငန်းများအနက် စမတ်ကျွန်း၊ ဒုံးညောင်မှိုင်း ကျေးရွာတို့ကို အဓိက ပို့ဆောင်ပေးနေရာမှ မကြာမီ ကိုဗစ်- ၁၉ အလွန် ယခုနှစ်ခရီးသွားရာသီကာလ တွင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်စားသဘောကျမည့် ကျွန်းအနီး ပင်လယ်ပြင် အတွင်း ရေပေါ်တွင် ခြေတံရှည်လူနေအိမ်များတည် ဆောက်ထားသော ကျောက္ကာကျေးရွာသည် မြိတ် ကျွန်းစုဒေသ ကျွန်းခရီးအသစ်အဖြစ် စီစဉ်ထားသည့်အပြင် ကော့ဒွေးကျွန်းကမ်းခြေ၊ သဲအော်ကြီး ကျွန်းကမ်းခြေ၊ မအိုင်တောင်ကျွန်းကမ်းခြေခရီးစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက္ကာကျေးရွာရှိ ဒေသခံအများစု တို့သည် တစ်နှစ်ပတ်လုံး ငါး၊ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်နှင့် ငါးပိ၊ ငါးခြောက်စသည့် လုပ်ငန်း များဖြင့်သာ အဓိကအသက်မွေးဝမ်းကျောင်းပြုလုပ် ကြပြီး ရွာပတ်ပတ်လည်တွင် လူနေရပ်ကွက် လေးခုရှိကာ အိမ်ခြေ ၁၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။
မြိတ်ကျွန်းစုဒေသ ကျွန်းခရီးစဉ်များအတွင်း ခရီးသွားဧည့်သည်များ လုံခြုံမှုရှိစေရန် ရေယာဉ် မောင်းနှင်သူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ခရီးသွား ကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များနှင့် ခရီးသွား များအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များကိုလည်း ထုတ်ပြန်ထားကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် လာရောက်မှုများပြားလာကာ ဒေသခံလုပ်ငန်းရှင် များ၏ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံ မှု စိတ်ဝင်စားလာကြသည့်အတွက် ဒေသအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများ တိုးပွားလာခဲ့ပြီး လက်ရှိအချိန်၌ မြိတ်ခရိုင်တွင် ခရီးသွားကုမ္ပဏီ ၃၆ ခုရှိပြီး ခရီးသွားလုပ်ငန်းများ ပြေးဆွဲလျက်ရှိသော Speed Boat ၄၀ ကျော်ရှိ၍ ခရီးသွားဧည့်သည်များ ကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ရာတွင် တည်းခိုနားနေနိုင်သည့် ဟိုတယ်နှင့်ခရီးသွားလိုင်စင် ရ ဟိုတယ်၊ တည်းခိုရိပ်သာ ၁၈ လုံးရှိကြောင်း သိရ သည်။
မြိတ်ကျွန်းစုဒေသအတွင်း၌ ကျွန်းပေါင်း ၈၀၀ ကျော်ခန့်ရှိသည့်အနက် မြိတ်ခရိုင် ကျွန်းစုမြို့နယ် တွင် မိုင်းသွေးကျေးရွာ၊ ကျပ်ချောင်းကျေးရွာ၊ သဲချောင်းကျေးရွာနှင့် ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာတို့သည် ရေလုပ်ငန်းကို အခြေပြုကာ ရေပေါ်၌ ခြေတံရှည်လူနေအိမ်များကို ဆောက်လုပ်နေထိုင်ကြသည့် ကျေးရွာများဖြစ်ပြီး တံငါလုပ်ငန်းများကိုလည်း ခရီးသွားဧည့်သည်များ လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)