ပုဂံယဉ်ကျေးမှုနယ်မြေ၏ ဆည်းဆာအလှ ကြည့်ရှုနိုင်သောနေရာများတွင် စူဠာမဏိကန်နှင့် ညောင်လက်ဖက်ကန်ကုန်းတို့၌ ပြည်တွင်းပြည်ပခရီးသွား အများဆုံး ဝင်ရောက်

 

နေပြည်တော်   အောက်တိုဘာ   ၂၇


ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း စေတီ၊ ပုထိုး များနှင့်   ဧရာဝတီမြစ်၏   ဆည်းဆာအလှကို အပြည့်အဝ  ကြည့်ရှုခံစားရန်  စူဠာမဏိကန် (ဖိုးသူတော်ကန်) နှင့် ညောင်လက်ဖက်ကန် ကုန်းတို့မှ   အများဆုံး    ကြည့်ရှုခံစားကြလေ့ ရှိကြောင်း သိရသည်။


ဧရိယာ ၁၉ စတုရန်းမိုင်ကျယ်ဝန်းသော  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ပုဂံဒေသ ၏    သဘာဝအလှနှင့်      ဆည်းဆာအလှကို ကြည့်ရှုနိုင်ရန် View Mount များကို ဖန်တီး ပေးထားရာ     နိုင်ငံခြားသား    ခရီးသွားများ နှင့်     လူငယ်များအနေဖြင့်    မင်းနန်သူကန်၊ ကိုမောက်ကန်၊       အရှေ့အိုးထိန်းတောင်၊ အနောက်အိုးထိန်းတောင်၊ ကျောက်မျက်မှော်၊ ဗူးဘုရား၊  ညောင်လက်ဖက်ကန်နှင့်  စူဠာမဏိ ကန်တို့မှ   အများဆုံး    ကြည့်ရှုကြလေ့ရှိပြီး စေတီ၊     ဘုရားများပေါ်မှ       ဆည်းဆာအလှ ကြည့်ရှုမှုကို     တားမြစ်ထားဆဲဖြစ်ကြောင်း သိရသည်။ 


“ပုဂံဒေသဟာ ခရီးသွားလုပ်ငန်းကို အမှီ ပြုနေရတဲ့   ဒေသတစ်ခုဖြစ်ပါတယ်။    ဒီနှစ် သီတင်းကျွတ်ပွဲတော်ကာလကစပြီး ခရီးသွား ရာသီတစ်လျှောက်မှာ    ပြည်တွင်း/    ပြည်ပ ခရီးသွား တစ်ဖွဲဖွဲဝင်‌ရောက်မယ်လို့ မျှော်မှန်း ထားကြပါတယ်။  ကိုဗစ်ကပ်ရောဂါ  ဖြစ်ပွား ပြီးတဲ့နောက် ခရီးသွားကဏ္ဍ ပြန်လည်ဖွင့်လှစ်  ချိန်ကစပြီး  ခရီးသွားဝင်ရောက်မှုဟာ ယခင် စံနှုန်းကို မရောက်သေးပေမယ့် တစ်နှစ်ထက် တစ်နှစ်    တိုးလာတာကိုတွေ့ရမှာပါ။    ပုဂံကို လာ‌ရောက်လေ့လာတဲ့အခါမှာ     ပြည်တွင်း/ပြည်ပခရီးသွားတွေ မလုပ်မဖြစ်လုပ်ဆောင် ကြလေ့ရှိတဲ့အရာတစ်ခုက ညနေဆည်းဆာ အလှကို ကြည့်ရှုပြီး စိတ်အပန်းဖြေမှုနဲ့အတူ  ဓာတ်ပုံရိုက်ခြင်းပါပဲ။      နိုင်ငံခြားခရီးသွားနဲ့ လူငယ်တွေအနေနဲ့ ညနေဆည်းဆာအလှကို ညောင်လက်ဖက်ကန်နဲ့      စူဠာမဏိကန် (ဖိုးသူတော်ကန်) နေရာကနေ ကြည့်ရှုကြတာ များပါတယ်။ ပုဂံဒေသဟာ ရှေ့လျှောက် ခရီး သွားကဏ္ဍ ဖွံ့ဖြိုးဖို့ပဲရှိပါတယ်” ဟု ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး    ဦးဝင်းအောင်က ပြောသည်။


၂၀၂၃ ခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ တွင် ပုဂံဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်းများ  အခန်းပြည့်နီးပါး ကြိုတင်မှာယူထားကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် သီတင်းကျွတ်လပြည့် နေ့၌ ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ  ဘုရား၊ စေတီ တစ်နေရာလျှင် ခရီးသွား ၃၀၀၀ ခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် သီတင်းကျွတ် လပြည့်နေ့၌ ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အလို တော်ပြည့်၊  အာနန္ဒာ၊  စူဠာမဏိ၊  ဓမ္မရံကြီး၊ ရွှေဆံတော်၊    သဗ္ဗညု၊     ကန်တော့ပလ္လင်၊ ဗူးဘုရား၊   မနူဟာ၊   မြစေတီ၊    လောကနန္ဒာ၊ ဓမ္မရာဇိက၊ ငှက်ပစ်တောင်၊ တူးရွင်းတောင်နှင့် တန့်ကြည်တောင်တို့၌   နံနက်ခင်းမှ   ညပိုင်း ဆီမီးပူဇော်သည့်     အချိန်အထိ     ဘုရားဖူး တစ်သိန်းနှစ်သောင်းအထိ    ဝင်ရောက်ခဲ့ရာ ယခုသီတင်းကျွတ်လပြည့် အဖိတ်နေ့၊ လပြည့် နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို့တွင် ပုဂံ ယဉ်ကျေးမှုဒေသ၌      ပြည်တွင်း/ပြည်ပခရီး သွားတို့ဖြင့် အထူးစည်ကားနိုင်ဖွယ်ရှိကြောင်း သိရသည်။                    

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး