
ပုဂံ အောက်တိုဘာ ၂၁
၂၀၂၂ ခုနှစ်၏ ပွင့်လင်းခရီးသွားရာသီအစဖြစ်သော နိုဝင်ဘာလဆန်းပိုင်းတွင် ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသွားများ ပိုမိုဝင်ရောက်နိုင်မှုကို ရည်မှန်း၍ ပုဂံယဉ်ကျေးမှုဒေသ၏ သဘာဝအလှကို ဝေဟင်မှ ကြည့်ရှုခံစားနိုင်ရန် ခရီးသွားကဏ္ဍမြှင့်တင်မှုတစ်ရပ်အနေဖြင့် ပုဂံဒေသရှိ ဟိုတယ်များနှင့် မိုးပျံပူဖောင်းကုမ္ပဏီများ ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှုဒေသ၏အလှကို မိုးပျံပူဖောင်းစီးနင်း၍ ကြည့်ရှု ခံစားနိုင်ရန် မကြာမီရောက်ရှိတော့မည့် ပွင့်လင်းခရီးသွားရာသီအတွက် ပုဂံဒေသရှိ မိုးပျံပူဖောင်းကုမ္ပဏီအချို့က သီတင်းကျွတ်လပြည့်နေ့မှ စတင်ကာ ခရီးသွားဝန်ဆောင်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ခရီးသွားရာသီက ကမ္ဘာ့ကပ်ရောဂါကြောင့် ပုဂံ၌ မိုးပျံပူဖောင်းစီး၍ လေ့လာသော ခရီးသွားလုပ်ငန်းများ ရပ်နားထားခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းခရီးသွားများ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ခရီးသွားလာနိုင်ရန် လေကြောင်းလိုင်းများနှင့်အတူ ခရီးသွားလုပ်ငန်းများကို နိုင်ငံတော်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဘုရား၊ စေတီ၊ ပင်လယ်ကမ်းခြေနှင့် အပန်းဖြေစခန်းများသို့ ပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင်ခဲ့ကြ သည်။ နိုဝင်ဘာလမှ ဧပြီလအထိ ခရီးသွားရာသီတွင်လည်း ပြည်တွင်း ခရီးသွားနှင့်အတူ ပြည်ပခရီးသွားများပါ စည်ကားသောနှစ်တစ်နှစ် ဖြစ်လာရန် ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းအသီးသီးက ကြိုးပမ်း ဆောင်ရွက်ထားသည်။
သီတင်းကျွတ်လပြည့် ရုံးပိတ်ရက်ကာလက ပုဂံသို့ ယမန်နှစ်ထက် ခရီးသွားထက်ဝက်ကျော် ဝင်ရောက်ခဲ့ပြီး ပြည်ပခရီးသွားကို အဓိက အားပြုလုပ်ကိုင်ရသည့် မိုးပျံပူဖောင်းဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည် အသက်ဝင်လာလျက်ရှိသည်။ ပုဂံဒေသ၌ ပြည်တွင်း/ပြည်ပခရီးသွားများ စိတ်အေးချမ်းစွာ အပန်းဖြေလေ့လာနိုင်ရန် မိုးပျံပူဖောင်းကုမ္ပဏီအချို့က ဝန်ဆောင်မှုပေးခဲ့ပြီး ပွင့်လင်းခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ပြည်တွင်းခရီးသွားများပါ အပန်းဖြေလေ့လာနိုင်သော ခရီးသွားလုပ်ငန်းအဖြစ် ပြန်လည်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
“ခရီးသွားပွင့်လင်းရာသီမစမီမှာ ပြည်တွင်းခရီးသွားနဲ့ ခရီးသွားရာသီကို စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု လျော့ကျခဲ့တယ်။ ဒီနှစ် ခရီးသွားရာသီမှာ ကိုဗစ်ရောဂါ ကျဆင်းလာမှုကြောင့် ခရီးသွားတွေဝင်ရောက်ရာမှာ ပြည့်ပြည့်ဝဝ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြည်တွင်းခရီး သွားတွေ မိုးပျံပူဖောင်းစီးနင်းပြီး ပုဂံအလှကို ကြည့်နိုင်အောင်ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ပြည်တွင်းခရီးသွားတစ်ယောက်ကို ကန်ဒေါ်လာ ၂၀၀ နဲ့ ဈေးနှုန်းလျှော့ပြီး စီးနိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ပုံမှန်ဆိုရင် နိုင်ငံခြားသားတစ်ဦးကို ကန်ဒေါ်လာ ၃၂၀ နဲ့ ၄၂၀ ဆိုပြီး Class နှစ်ခုကို ရောင်းပေးပါတယ်။ ဒီနှစ်မှာ ရိုးရိုး Class ပဲ ပျံသန်းပြီး ၁၆ ယောက်စီးနင်း ရာမှာ တစ်ဦးကို ကန်ဒေါ်လာ ၂၀၀ နဲ့ ပြည်တွင်းခရီးသွားတွေ စီးနိုင် အောင် ဝန်ဆောင်မှုပေးခဲ့တယ်။ အောက်တိုဘာ ၁၇ ရက်ကစပြီး ၁၉ ရက်အထိ တစ်ဦးကို ကန်ဒေါ်လာ ၁၄၀၊ မြန်မာငွေ တစ်ဒေါ်လာ ၂၁၀၀ နှုန်းနဲ့ အွန်လိုင်းပရိုမိုးရှင်း လုပ်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကစပြီး ပျံသန်းခဲ့တာပါ။ ပွင့်လင်းခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ပုဂံဒေသကို နိုင်ငံခြားခရီးသွား တစ်ဖွဲဖွဲ ဝင်ရောက်လာမယ်ဆိုတဲ့ မျှော်မှန်းမှုနဲ့ ပြင်ဆင်ထားတာပါ”ဟု Bagan Sale Office မှ ဦးဝင်းဇော်ဦးက ပြောသည်။
နိုင်ငံခြားခရီးသွားများ မိုးပျံပူဖောင်းစီးနင်း၍ ပုဂံအလှကို ကြည့်ရှုရာ တွင် မိုးပျံပူဖောင်းကုမ္ပဏီများက ဟိုတယ်သို့ သွားရောက်ကြိုဆိုပြီး မိုးပျံပူဖောင်းမတက်မီ လက်ဖက်ရည်၊ ကော်ဖီ၊ ကွတ်ကီးမုန့်ဖြင့် ဧည့်ခံ ကာ လေထဲတွင် ၄၅ မိနစ်မှ တစ်နာရီအထိ လေကြောင်းအပေါ်မူတည်၍ ပုဂံအလှကို ကြည့်ရှုစေပြီးနောက် ပျံဆင်းလာပါက အအေး၊ ဝိုင်၊ ငှက်ပျောသီးကိတ်နှင့် အခြားကိတ်မုန့်များဖြင့် ကျွေးမွေးဧည့်ခံကာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးသည်။
ဧရိယာစတုရန်း ၁၉ မိုင်ကျယ်ဝန်းသော ပုဂံယဉ်ကျေးမှုဒေသတွင် မိုးပျံပူဖောင်း ဝန်ဆောင်မှုပေးသောကုမ္ပဏီ လေးခုရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်အထိ မိုးပျံပူဖောင်းဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ပုဂံ ဒေသ၏ စေတီပုထိုးပေါင်း ၃၈၂၂ ဆူနှင့် ဧရာဝတီမြစ်၏ သဘာဝအလှကို ဝေဟင်မှကြည့်ရှုခံစားနိုင်ရန် မိုးပျံပူဖောင်းကုမ္ပဏီများက ခရီးသွားရာသီ ကာလတွင် ခရီးသွားကဏ္ဍမြှင့်တင်မှုတစ်ရပ်အနေဖြင့် ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်သည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး