
ညောင်ဦး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသအတွင်း တောင်ဂူနီဘုရားနှင့် မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော် ကိုဖူးမြော်ပြီး ဂူဘုရားတည်ဆောက်ပုံဗိသုကာပညာ ရပ်များနှင့်နံရံပန်းချီတို့ကို လေ့လာနိုင်ကြောင်း သိရ သည်။
တောင်ဂူနီဘုရားနှင့် မြောက်ဂူနီဘုရားသည် ပုဂံမြို့ဟောင်း၏ အရှေ့တောင်ဘက်၊ ဓမ္မရံကြီးဘုရား ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ထိုဂူဘုရား နှစ်ဆူမှာ အရှေ့ဘက်လှည့် ရှေ့ဘက်အဆောင်နှင့် ဗုဒ္ဓရုပ်ပွားတော်ပုံရှိသော အတွင်းဆောင်များပါရှိကာ အပေါ် ထပ်သို့လည်း လှေကားဖြင့် တက်ရောက်နိုင်ပြီး အပေါ်ပိုင်းတွင် အဆောင်သီးခြားတည်ဆောက်ထား သည်။ ထိုဂူဘုရားများအပေါ်မှနေ၍ ဓမ္မရံကြီးဘုရား ဘက်သို့ကြည့်ပါက ဓမ္မရံကြီးအဆောက်အအုံကို ဘေးမှ တံတိုင်းလေးထောင့်အတွင်း ထီးတည်းကြီး တည်ရှိနေသည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိလေ့လာနိုင်သည်။ ဂူဘုရားနှစ်ဆူတွင် မူလကကျောက်စာ တစ်ချပ်စီရှိခဲ့ရာ ယခုအခါ ပုဂံရှေးဟောင်းသုတေသန ပြတိုက်သို့ ရွှေ့ပြောင်းထားသည်။ ကျောက်စာအရ မြောက်ဂူနီဘုရားကို သက္ကရာဇ် ၆၀၃ ခုတွင် နရသိင်္ဃ ဥဇ္ဇနာမင်း၏ မိဖုရားစော တည်ထား၍ တောင်ဂူနီ ဘုရားကို သက္ကရာဇ် ၅၅၂ ခုနှစ်တွင် အမတ်ကြီး သိင်္ဃသူရက တည်ထားကြောင်း ရေးထိုးထားသည်။
အဆိုပါ ဂူနီဘုရားနှစ်ဆူသည် လိုဏ်နှစ်ထပ်ဂူ ဘုရားအမျိုးအစားဖြစ်ကာ တိုက်မအရှေ့ဘက်လှည့် ထိုင်တော်မူဆင်းတုတော်တစ်ဆူဆီ အတော်အတန် ကြီးမားစွာဖူးတွေ့နိုင်ပြီး ထိုင်တော်မူဆင်းတုတော် နောက်ဘက် ပလ္လင်တော်နှင့်ကပ်လျက်နံရံတို့တွင် နံရံပန်းချီများ၊ အမိုးခုံးနံရံပန်းချီများ၊ မျက်နှာကြက် နံရံပန်းချီများကို လေ့လာနိုင်ကာ လေဝင်လေထွက်၊ အလင်းအမှောင်အတွက်လည်း ထိုဂူနီဘုရားနှစ်ဆူ တွင် လက်ရာပြောင်မြောက်လှသည့် ဗိသုကာပညာ ရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။ ထိုဂူနီ ဘုရားနှစ်ဆူ အနောက်တောင်ဘက်တွင် ဓမ္မရံကြီး ဘုရား၊ အနောက်ဘက်တွင် ရွှေဆံတော်၊ အရှေ့ မြောက်ဘက်တွင် စူဠာမဏိဘုရားတို့ကိုလည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း