
ညောင်ဦး ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းထုတ်လုပ်မှုသည် အရောင်း အဝယ်အေးသော်လည်း ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်းအဆင်ပြေစေရန် လုပ်ငန်း များ ပုံမှန်လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့ မြင်းကပါရပ် ယွန်းလုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှု အနုပညာဖြစ်ပြီး အင်မတန်အနုစိတ်လုပ်ကိုင် ရသောလုပ်ငန်းဖြစ်ကာ ယွန်းပစ္စည်းအမျိုး ပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်း လုပ်ငန်းရှင်များ အများဆုံးပြုလုပ်သည့် ယွန်း လက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများ ဆုံးပြုလုပ်ကြကြောင်း သိရပြီး ပုဂံခေတ်မှ သည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာလူမျိုးများ ယွန်းထည်အမျိုးမျိုးသာ အသုံးပြုခဲ့ကြကြောင်း၊ ပလို့ခေါ် ငါးဆင့်ပလို့ ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင် ဘုရား ပွဲ၊ တုရင်တောင် ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲများနှင့် မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှ ဘုရားပွဲများတွင် ယွန်းပလို့ (ငါးဆင့်)ပါသော ဆွမ်းအုပ်ကြီး များဖြင့် ဆွမ်းတော်များ လောင်းလှူ လျက်ရှိသေးကြောင်း သိရသည်။
ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံ အနှံ့ အပြားမှ ထွက်ရှိသည့် မဲတင်းခါး ဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကိုသုံး၍ ယွန်းထည် အမျိုးမျိုး ပြုလုပ်ကြသော်လည်း မဲတင်းခါးဝါး တစ်မျိုးတည်းကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲ အသုံးပြုကြကြောင်း သိရသည်။
ယွန်းထည် ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုး ခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ် ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာ ခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သာရိုးချောခြင်း၊ ဓားကောက်ခြစ် ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည် တို့ကို အဆင့်ဆင့်ပြုလုပ်ရကြောင်း၊ ယွန်းထည်ပစ္စည်းများ သုတ်ရန် သစ်စေး ၁၀ ပိဿာ ပုံးတစ်ပုံး ငွေကျပ် ငါးသိန်း ပေးဝယ်ရ ကြောင်း သိရသည်။
ယွန်းထည်လုပ်ငန်းလုပ်ကိုင် ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် ငွေကျပ် ၁၀၀၀၀ နှင့် ယွန်းကျွမ်းကျင်လုပ်သား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ ရရှိ ကြကြောင်း၊ ယွန်းထည်များ ပြုလုပ်ပြီးသော်လည်း တစ်နှစ် ကျော်ကြာမှ ရောင်းချရကြောင်း၊ယွန်းထည်များ ပြုလုပ်ပြီး မြေအောက်ခန်းအတွင်း အလုံပိတ် ထားကာ နောက်ဆုံးအဆင့် ရောင်းချရသည့်အချိန် တစ်နှစ် ကျော်မှ ရောင်းချရကြောင်း ယွန်း လုပ်ငန်းရှင်များက ပြောသည်။
ဒီပါလင်း