
ရန်ကုန် ဇူလိုင် ၂၉
ပုဂ္ဂလိကသို့ ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများ နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်း ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေ သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပုဂ္ဂလိက သို့ ရောင်းချခဲ့ပြီး နိုင်ငံပိုင် ရုပ်ရှင်ရုံများအနက် ရောင်းချစဉ်က စာချုပ်ပါ စည်းကမ်းအတိုင်း ရုပ်ရှင် ပြသရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့် ရုပ်ရှင်ရုံ ဝယ်ယူထားသူများအား ရုပ်ရှင်ရုံ ဆောက်လုပ်ပြသနိုင်ရေး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စေလိုပါကြောင်း၊ စီးပွားရေး အခက်အခဲကြောင့် ရိုးရိုးသားသား ပျက်ကွက်သူများ ရှိသကဲ့သို့ ရုပ်ရှင်ရုံနေရာများကို အခြားစီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုနေကြပြီး ရုပ်ရှင်ပြသ ခြင်း မရှိသူများလည်းရှိနေပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေအရ ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေး ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက မြေပြင်တွင် ရုပ်ရှင်ရုံများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆောင်ရွက် ထားခြင်း မရှိမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ကာ နိဂုံးချုပ်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန် မြို့နယ်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်ရုံများမှ စက်ရုံမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အရည်အသွေးကောင်းအောင် ကြပ်မတ်စစ်ဆေး လုပ်ဆောင်ကြရန်၊ စက်ပစ္စည်းများနှင့် ကုန်ကြမ်း ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးနှင့် စက်ရုံ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်