
နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သွားနှင့် ခံတွင်းရောဂါအထူးကု ဆေးရုံ ခွဲစိတ်ကုသဆောင်တွင် Japan Heart အဖွဲ့မှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ခင်မောင် ခေါင်းဆောင်သော သွားနှင့်ခံတွင်း ဆရာဝန် ၁၄ ဦး သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ လေးဦးကို အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ အခမဲ့ ခွဲစိတ်ကုသမှုများကို ဆောင်ရွက် ပေးခဲ့ရာ လူနာရှင်များအနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားသော Japan Heart အဖွဲ့ သည် ၂၀၀၄ ခုနှစ်မှစတင်၍ ဆေးပညာဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သော ဂျပန်နိုင်ငံမှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ် ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ သွားနှင့်ခံတွင်းဆရာဝန်များ ပူးပေါင်း၍ ယခုအချိန်အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၃၀၀ ခန့်အား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံတွင် သွားနှင့်ခံတွင်း ဆရာဝန်များက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ ခွဲစိတ်ကုသ မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒေသ အသီးသီးမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာရှင်များအနေဖြင့် ခွဲစိတ် ကုသမှုခံယူလိုပါက အဆိုပါ ဆေးရုံသို့ လာရောက်ပြသ၍ အခမဲ့ကုသမှု ခံယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်