ပဋိပက္ခနှင့် ဖွံ့ဖြိုးရေး ဆက်စပ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီ ….

Type

 

မိုးမြင့်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေး   တောင့်တင်းခိုင်မာခြင်းနှင့် ဆက်စပ်ပါသည်။ တစ်ဖန်   ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုသည်လည်း   ဆက်စပ်မှုရှိနေ ပြန်သည့်အတွက်   ငြိမ်းချမ်း‌မှုမရှိသည့် အခါ နိုင်ငံ့စီးပွားရေးအခြေခံအဆောက် အအုံများတည်‌ဆောက်ရာတွင်   အခက် အခဲများ ရှိရပြန်သည်။ 
ရေရှည်ပဋိပက္ခများနှင့်    နပန်းလုံး ‌နေရသည့်နိုင်ငံများတွင် ပို၍သိသာသည်။ ထိုနိုင်ငံများတွင်   အလုံးစုံငြိမ်းချမ်းရေး ဟူသည် အိပ်မက်မျှသာဖြစ်နေသည့်အခါ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး‌ရေးကို   တစ်ပြိုင် တည်း   အကောင်အထည်ဖော်နိုင်မည့် မော်ဒယ်မျိုးရှိရမည်ဖြစ်သည်။ တွေ့ဆုံ ညှိနှိုင်းမှု     ရသလောက်လုပ်ပြီး     အပစ် အခတ်ရပ်စဲမှု     ဖြစ်နိုင်သမျှဖြစ်အောင် လုပ်သော်လည်း   တစ်ခါတစ်ရံ    ဉာဏ် ပညာမဲ့၊   အတ္တဦးစားပေး၊   လက်နက် အားကိုး၊     တိုက်ပွဲဖော်ဆောင်သူများ ကြောင့် ငြိမ်းချမ်းရေးကို  စစ်ပွဲများဖြင့် ရယူလိုက်ရတာလည်း     ရှိနိုင်သည်။ တိုက်ရင်းစည်းရုံး၊  စည်းရုံးရင်းတိုက်မှ ရရှိလာသောတိုက်ပွဲရလဒ်ဖြင့် ငြိမ်းချမ်း သွားသောဒေသများတွင်    ရလျှင်ရသ‌ လောက်    အခြေအနေပေးသမျှ   အခွင့် အလမ်းများမှတစ်ဆင့်   ပြည်သူလူထု အကျိုးစီးပွားကို တိုက်ရိုက်ဖော်ဆောင်၍ ရပါသည်။
ငြိမ်းချမ်းသည်နှင့် ချက်ချင်း
အကောင်အထည်စတင်ရန်
ငြိမ်းချမ်းသည်နှင့် ထိုငြိမ်းချမ်းသော ဒေသများမှာ    ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ချက်ချင်းအကောင် အထည်ဖော်ရန်     စတင်နိုင်ပါသည်။ တစ်ပိုင်တစ်နိုင်မှသည်     ပို၍ကြီးမား သော စီးပွား‌ရေးအခင်းအကျင်းများအထိ လုပ်နိုင်အောင် ရှေးရှုအားထည့်ရပါမည်။ ငြိမ်းချမ်းပြီးသောဒေသများမှာ  ငြိမ်ချမ်း ရေးကို လုံခြုံရေး၊ ကာကွယ်ရေးအစီအမံ များဖြင့်   ခိုင်မာအောင်လုပ်ပြီး    စီးပွား ရေး   အခြေခံအဆောက်အအုံများကို   တည်ဆောက်ရပါမည်။     စီးပွားရေး လုပ်ငန်းများ      တစ်ပိုင်တစ်နိုင်စတင်ရန် ပညာနှင့် နည်းပညာ၏ကဏ္ဍကိုလည်း လိုအပ်သလို အားကိုးရပါမည်။ ထိုအခါ ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ   ထွက်ပေါ်လာမှာ   သေချာ သည်။ 
နေရာမှန်လျှင်  လူမှန်များ   ရောက် လာမည်သာဖြစ်သည်။ အချိန်တိုင်းမှာ ပုံမှန်လုပ်ကိုင်စားသောက်ဖို့     လုံခြုံမှု ရှိလာခြင်းက ထွက်ပြေးတိမ်းရှောင်နေရ သူများအတွက် အင်အားတစ်ခုဖြစ်လာ မည်၊ လက်နက်ကိုင်ထားသူ လက်နက်စွန့်ချင်စိတ်များပေါ်လာမည်။ ငြိမ်းချမ်း ခြင်းက   အေးမြမှုကို    ပေးစွမ်းကြောင်း သက်သေသည် တိုက်ပွဲမရှိငြိမ်းချမ်းသော ‌ဒေသမှ ငြိမ်းချမ်းရေးအသီးအပွင့်ခံစားရသူများထံမှသာ   ထွက်ပေါ်လာနိုင်ပါ သည်။   ဤသို့ဖြင့်   ကနဦးရပ်ရွာဖွံ့ဖြိုး မှုမှသည်   မြို့နယ်အဆင့်ဖွံ့ဖြိုးမှု  ထိုမှ တစ်ဆင့် ခရိုင်ဒေသအလိုက် ပြည်နယ် အဆင့်   ဖွံ့ဖြိုးမှုအထိ   တစ်ဆင့်ချင်း တိုးတက်လာမည်သာ ဖြစ်ပါသည်။ 
လူငယ်ကိုအခြေခံ
ငြိမ်းချမ်းသောဒေသများတွင် အလုပ် အကိုင်   ကောင်းကောင်းလုပ်နိုင်ကြပြီး တစ်နေ့၊ တစ်လ၊  တစ်နှစ်စာ  စားရေး၊ ဝတ်ရေး၊ နေရေး မပူပန်ရခြင်းက  ပညာ ကောင်းကောင်းသင်ရဖို့   အခွင့်အလမ်း တစ်ခုဆီ ပို့ပေးပါသည်။ ကျောင်းကောင်း ကောင်းတွေ ရှိလာဖို့ရာလည်း လွယ်ကူ သွားပါပြီ။ လောလောဆယ် ငြိမ်းချမ်း ပြီးသည့် ဒေသတစ်ခုမှာ ရန်သူမလွှမ်းမိုး အောင်၊    ရန်သူလာမတိုက်နိုင်အောင် စည်းရုံးရေးအခြေခံသည့် ပြည်သူ့လုံခြုံ ရေးစနစ်ပါသော ကာကွယ်ရေးအစီအမံ များကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နေရမည်။ 
အရာရာလူငယ်ထုကို အခြေခံရမည်၊ အမျိုးသမီးထုကို    ဦးစားပေးရမည်မှာ အခြေခံအချက်များပင်      ဖြစ်သည်။ ကောင်းမွန်သော    အနာဂတ်အတွက် မျိုးဆက်တစ်ခု၏အခြေခံသည်   ယနေ့ လူငယ်များပင်ဖြစ်သည်။ စစ်၏အနိဋ္ဌာရုံ များကို  ကံအကြောင်းမလှကြုံရသော ယနေ့လူငယ်များသည် အကောင်းအဆိုး၊  အမှားနှင့်အမှန်  ရန်သူနှင့်မိတ်‌ဆွေကို ကောင်းစွာခွဲခြားနိုင်ပြီဟု     ယုံကြည်ပါ သည်။ အသက်အရွယ်ကြီးရင့်သူများက သူတို့၏ အတွေ့အကြုံကို   အတိတ်နှင့် ယှဉ်၍ ကောင်းစွာမျှဝေသင့်သည်။ ဒီမို ကရေစီကိုသွားမည်ဆိုလျှင် နောင်ပြည်သူ့ အကျိုးပြုပါတီများအတွက်   အားသစ် လောင်းရာသည် ယနေ့  လူငယ်များပင် ဖြစ်ပါလိမ့်မည်။ မျိုးချစ်စိတ်ရှိသည့်ပါတီ များ၊  အမျိုးသားရေး တည်ဆောက်မည့် ပါတီများဖြစ်ရန်သည် နိုင်ငံသားကောင်း ပီသပြီး   အောက်ခြေခိုင်သည့်    လူငယ် စည်းရုံးရေးမှူးများကို    အခြေခံမှသာ ပို၍ဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။
တစ်နေရာကငြိမ်းချမ်းရေး အခြားဒေသများသို့ရောက်အောင်လုပ်
ငြိမ်းချမ်းရေး      ကွက်ကွက်လေး ရသမျှ‌လေးမှာ ပြန်လည်ထူထောင်ရေး အမြင်ဖြင့် အမြော်အမြင်၊ ပညာဉာဏ်ရှိရှိ၊ ဆင်ခြင်တုံတရားအပြည့်၊  ကိုယ်ချင်းစာမှု အပြည့်ဖြင့်    ဦးဆောင်မှုပေးနိုင်လျှင် ထိုဒေသရှိပြည်သူများ၏  လူနေမှုဘဝ လေးများ အထိုက်အလျောက် တိုးတက် လာမှာ သေချာပါသည်။ ဦးဆောင်သူများ ၏စေတနာအပြည့်ဖြင့်   ကူညီလုပ်ကိုင် ပေးမှုများအပေါ် စစ်ဒဏ်ခံဒေသခံများ၏ ယုံကြည်လေးစားမှုသည်    နိုင်ငံတော် အစိုးရနှင့်   တပ်မတော်အပေါ်    အပြု သဘောများစွာပါသော သက်ရောက်မှု ကိုပေးပါသည်။ 
အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် အပြန်အလှန်နားလည်မှု   ရရှိလာခြင်း သည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးအတွက်  အလွန်ပင်အဖိုးတန်လှပါ သည်။ ငြိမ်းချမ်းပြီး ဒေသတစ်ခု၏ ဖွံ့ဖြိုး တိုးတက်မှုကို   အခြားမငြိမ်းချမ်းသော ဒေသများက လက်နက်ကိုင်များ ပြည်သူ များက မြင်ရကြားရသည့်အခါ   မည်သို့ ရှိနိုင်မည်နည်း..၊  လူပီသလျှင် ငြိမ်းချမ်း မှုကို လိုချင်သည်သာဖြစ်သည်။ ငြိမ်းချမ်း မှုကို    မလိုလားသူသည်   လူမိုက်သာ ဖြစ်လိမ့်မည်။  မိမိ‌ဒေသငြိမ်းချမ်းမှုက အခြားသူများထံ   ကူးစက်သွားစေပါ သည်။ ဘယ်သူက  စစ်ဒဏ်နှင့်  အငတ် ဘေးကို ကြာရှည်ကြုံချင်ကြမည်နည်း။ အဖျက်သမားမှလွဲ၍ အပျက်ကိုဘယ်သူ လိုချင်မည်လဲ၊   မငြိမ်းချမ်းသောဒေသ မှ လက်နက်ကိုင်တွေ၊ ပြည်သူတွေကို ငြိမ်းချမ်းခြင်း၏ အရသာ ဘယ်လိုရှိသလဲ မြင်အောင်၊ ကြားအောင် လုပ်နိုင်စွမ်းရှိရ မည်။ လှုံ့ဆော်နိုင်စွမ်းရှိရမည်၊ မျှဝေနိုင် စွမ်းရှိရပါမည်၊ လုပ်သမျှ လက်တွေ့ပါ၍ လက်တွေ့လည်းကျ ထိရောက်မှုလည်း ရှိရမည်ဖြစ်သည်။  
ပြန်လည်ထူထောင်ရေးနှင့်အတူ လူမှုစီးပွားဘဝကိုမမေ့ရန်
စစ်ဘေးသင့်ဒေသတွင် စီးပွားရေး ကဏ္ဍ ပြန်လည်လှုပ်ရှားအသက်ဝင်လာ အောင် နိုးထမှုက   ငြိမ်းချမ်းရေးတည် ဆောက်ခြင်းမှာ မရှိမဖြစ်အရေးပါသည့် အစိတ်အပိုင်းတစ်ခု   ဖြစ်သည်ဟု  ဆို သည်။   ငြိမ်းချမ်းရေးမရဘဲနှင့်လည်း စီးပွားရေးလုပ်လို့မရဟု     ယေဘုယျ ဆိုသော်လည်း   ငြိမ်းချမ်းရေး    ဒီနေ့ရ၊  ဒီနေ့ပဲ  စီးပွားရေးကို  စလုပ်ဖို့  စဉ်းစား တာကလည်း သဘာဝကျသည်။ နေထိုင် ဖို့နေရာထက် အာဟာရအတွက် ဝမ်းရေး က ပိုအရေးကြီးသည်မဟုတ်ပါလား။ 
နိုင်ငံရေးကြောင့်   စစ်ဖြစ်ရသလို စီးပွားရေးကြောင့်လည်း စစ်ဖြစ်ရသည့် အတွက် စီးပွားရေးပြေလည်လျှင် စစ်ကို ခဏမေ့ထားလို့ရသည်။ နောက်ဆက်တွဲ အခက်အခဲနှင့် စိန်ခေါ်မှုများက ဖြေရှင်း ရမှာ တသီကြီးဆို‌သော်လည်း  နောက်ကျ သည်ဆိုသည်မှာမရှိပါ။ ပဋိပက္ခဖြစ်ပွား မှုပုံစံ၊  ပါဝင်ပတ်သက်သူများနှင့်   ပါဝင် သည့် လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပမှ ပါဝင်ပတ်သက်မှု    အားလုံးထည့်သွင်း စဉ်းစားရမည်။ 
ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းနှင့်အတူ နယ်မြေ ဒေသခံများ၏   အကျိုးစီးပွား၊  ဒေသခံ များ၏အကျိုးကို လိုလားလက်ခံသည့် လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွား နှင့် ဘိန်း၊  မူးယစ်ဆေးနှင့် လောင်းကစား မှာ သာယာနေသည့်လက်နက်ကိုင်သူပုန် များ၏အကျိုးစီးပွားခြားနားချက်၊ အစိုးရ ယန္တရားများ အမြန်ပြန်လည်လည်ပတ်နိုင်မည့်အခြေအနေနှင့်   တရားဥပဒေ စိုးမိုးမှုနှင့် လုံခြုံရေးကိစ္စများပါ အားလုံး ထည့်တွက်ရမည်ဖြစ်သည်။ 
ဒေသခံများ   စစ်ရှောင်ပြောင်းရွှေ့ သွားမှုနှင့်ဌာနေသို့ ပြန်လာနိုင်မည့်အနေ အထားကိုလည်း ထည့်သွင်းတွက်ချက် ရမည်။ ဆုံးရှုံးသွားသည့်လူ့စွမ်းအားအရင်းအမြစ်တွေမှာ  တန်ဖိုးရှိ   လူသား အရင်းအမြစ်တွေ များစွာပါသွားမည်မှာ သေချာသည်။   စစ်ဖြစ်၍သာ   စစ်ရှောင် ရတာဖြစ်၍ အများစုက ကိုယ့်ရပ်ကိုယ့်ရွာသို့ပြန်လာလိုသော်လည်း လုံခြုံရေး စိတ်မချရ၊  စားသောက်နေထိုင်ဖို့အခက် အခဲရှိသောဒေသခံများနှင့် လက်နက်ကိုင် အဖွဲ့များကို    ဘယ်လိုမက်လုံးပေးမလဲ စဉ်းစားရမည်။
ပျက်စီးသွားသည့်   လမ်းတံတား စသည့် အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရန်သည် ဦးစား ပေး ပြန်လည်ထူထောင်ရမည့်လုပ်ငန်း များ   ဖြစ်လာသည်။   ဒေသခံများနှင့် ပြန်လာသည့် ရွှေ့ပြောင်းစစ်ရှောင်များ ၏ကျန်းမာ‌ရေးနှင့်   ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေး သည်လည်း အရေးကြီးကိစ္စရပ်ဖြစ်သည် ကို  မေ့ထား၍မရ။   ယခင်ကတည်းက မူးယစ်၊  မှောင်ခို၊ လောင်းကစား၊ တရား မဝင်လုပ်ငန်းများနှင့်   ယဉ်ပါးနေသည့် ဒေသတွင်း လက်နက်ကိုင်အများစုအဖို့မူ သမ္မာအာဇီဝကျကျလုပ်ငန်းကို‌ ကျေကျေ နပ်နပ်လက်ခံတတ်ရန်နှင့်   တရားဝင် စီးပွားရေးလုပ်ငန်းများနှင့်  ယဉ်ပါးလာ ရန် ခက်ခဲမှုရှိနိုင်ပါသည်။ 
သို့မဟုတ်ပါက အစိုးရဝန်ထမ်းများနှင့်လုံခြုံရေးအဖွဲ့များမရှိခြင်းက လုပ်စား ကိုင်စားရတာ ပို၍ကောင်းသည်ဆိုသည့် တလွဲအယူအဆတွေ      ဒေသခံများ လက်နက်ကိုင်များတွင်    ကိန်းအောင်း သွားမည့်    အန္တရာယ်ရှိလာနိုင်ပါသည်။ ထို့ကြောင့် စိန်ခေါ်မှုနှင့်အခက်အခဲများ ဟူသည် ချက်ချင်းဖြေရှင်း၍ရနိုင်မည် မဟုတ်ဘဲ  အချိန်ယူစည်းရုံး၍   များစွာ ပညာပေးရန် လိုအပ်နေမည်ဖြစ်ပါကြောင်း နှင့် ဖြေလျှော့ပေးမှုများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် မက်လုံးပေးမှုများစွာ လိုအပ်‌ကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ရေတိုအောင်မြင်မှုများကတစ်ဆင့်
ရေရှည်ပဋိပက္ခများနှင့်  နပန်းလုံး နေရသည့်အခြေအနေအောက်မှာ မည်မျှ ပြင်းထန်နေပါစေ၊  ငြိမ်းချမ်းရေးလမ်းစ တစ်ခုသည်  မမျှော်လင့်ဘဲ   ရှိလာနိုင်ပါ သည်။  အပစ်အခတ်     ရပ်စဲထားသည့် အခြေအနေလည်း       ဖြစ်နိုင်သည်။ မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ အခွင့်အရေးကို  မိမိရရ    အသုံးချနိုင်ရန် ဖြစ်ပါသည်။ တည်ငြိမ်ရေးကို လုံခြုံရေးဖြင့်
ထိန်းထားပြီး တစ်ဖက်က ရသမျှ၊ ပေးသမျှ ဖြင့်  အခြေအနေကောင်းများ  ဖန်တီးနိုင် ရန်ဖြစ်သည်။  စီးပွားရေးနှင့်   အလုပ် အကိုင်အခွင့်အလမ်းကို ချက်ချင်းစလုပ် ရန်ဖြစ်ပါသည်။ 
ရေရှည်အကျိုးစီးပွားကို မျက်ခြည် ပြတ်မခံဘဲ ရေတိုအကျိုးရလဒ်များများ ရနိုင်သလောက် လုပ်ကြည့်ရန်ဖြစ်သည်။ ရေတိုအောင်မြင်မှုများသည်   ရေရှည် အောင်မြင်မှုများအတွက်  အခြေခံဖြစ် သလို    ထာဝရငြိမ်းချမ်းရေးပန်းတိုင် အတွက်ပါ ရေရာသေချာသည့် အာမခံ ချက်များ  ဖြစ်သွားနိုင်ပါသည်။   ရေတို အောင်မြင်မှုလေးများသည် ဒေသခံများ အတွက် အကျိုးစီးပွားဖြစ်စေသလို ကျန် မငြိမ်းချမ်းသောဒေသများရှိ လက်နက်ကိုင် များအတွက်လည်း အတုယူစရာတစ်ခု ဖြစ်လာနိုင်ပါသည်။ ထိုမျှတင်မက ကိုယ့် လူမျိုးအချင်းချင်း ကရုဏာတရားဖြင့် ကူညီစောင့်ရှောက်တတ်သည့် ပြည်တွင်း အလှူဒါနရှင်များအတွက်လည်း ရေရာ သေချာသည့် အနာဂတ်လုပ်ငန်းစဉ်များ အပေါ်ယုံကြည်မှုကို ရရှိလာစေပြီး လူမှု စီးပွား    အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာမှာ တတ်အား သမျှပါဝင်လာနိုင်မည်ဟု ယူဆပါသည်။ 
ရေတိုအကျိုးဖြစ်ထွန်းမှုတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဝန်ဆောင်မှုအချို့ က သေချာသည့်   ကုန်ထုတ်လုပ်မှုရလဒ် ကောင်းကို ပေးစွမ်းပါသည်။ တစ်သမတ် တည်းသော   လက်တွေ့ကျသည့်မူဝါဒ အောက်မှာ ဒေသအခြေအနေကိုကြည့်၍ ချုပ်ကိုင်မှုအနည်းဆုံးဖြင့် လုပ်ကိုင်ခြင်း က ရေတိုအောင်မြင်မှုကို ပိုရစေပါသည်။ သို့မှသာ အခြေအနေကို စောင့်ကြည့်နေ ကြသည့် စီးပွားရေးနှင့်ပြန်လည်ထူထောင် ရေးမှာ ရေရှည်ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်း ရှင်များအတွက် အခြေအနေကောင်းများ ရှိ‌နေပါကြောင်း သက်သေပြရာရောက်ပါ မည်။
ဤဆောင်းပါး၏ အဓိကလိုရင်းမှာ စစ်ပွဲများသည်   အဘယ်မျှ   ဆိုးရွား ကြောင်းနှင့် စစ်ဖြစ်လျှင်  အပစ်အခတ် ရပ်စဲရန်လွယ်ကူနိုင်သော်လည်း ငြိမ်းချမ်း ရေးရရှိရန်မူ   ခက်ခဲပုံနှင့်    ပြန်လည် ထူထောင်ရေးများ လုပ်ဆောင်ရန်သည် အဘယ်မျှ  ခက်ခဲလှကြောင်း၊   အမှန် တကယ် စစ်၏သားကောင်ဖြစ်ရသူများ သည်   အပြစ်မဲ့ပြည်သူများသာဖြစ်ပြီး လူမှုစီးပွားဘဝတွေ     ဇီးရိုးလိုင်းအထိ ရောက်သွားရပုံများကို    အကဲခတ်မိရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် တည်ငြိမ်မှု ခေတ္တခဏရသည့်    အချိန်အတွင်းမှာ အခွင့်ကောင်းရယူ၍   ပညာဉာဏ်ရှိရှိ၊ အမြော်အမြင်ရှိရှိဖြင့်    ထူထောင်ရေး လုပ်ငန်းများ ဘယ်လိုစတင်နိုင်မည်လဲ ရည်ရွယ်ခြင်းလည်း ဖြစ်ပါသည်။ 
ရေရှည်ဖွံ့ဖြိုးရေးနှင့်     ထာဝရ ငြိမ်းချမ်းရေးအိပ်မက်ကို ရေတိုရလဒ်နှင့် အောင်မြင်မှု အသေးလေးများမှတစ်ဆင့် အကောင်အထည်ဖော်ကြည့်ခြင်း  ဖြစ် သည်။ ရရှိနေသည့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ်  စစ်ပွဲမှတစ်ဆင့်   ရယူထားရ သည့်     ငြိမ်းချမ်း‌နေသည့်ဒေသများမှာ လူမှုစီးပွားအခြေခံအဆောက်အအုံများကို   ဘယ်လိုထူထောင်မလဲ။    ကမ္ဘာ့ နိုင်ငံအချို့၏  ပဋိပက္ခမဖြစ်မီနှင့်ဖြစ်ပြီး ကာလ ပြန်လည်တည်ဆောက်ရေးနမူနာ အချို့ကိုလေ့လာပြီး စဉ်းစားကြည့်ခြင်း ဖြစ်သည်။ 
စိတ်ချရသည့်    လုံခြုံရေးအစီအမံ အောက်မှာ   တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်လျက် ရနိုင်သမျှ လူမှုစီးပွား ဘဝတည်ဆောက်ရေးများကို ခပ်မြန်မြန် ခပ်သွက်သွက် အကောင်အထည်ဖော် နိုင်ရန်ဖြစ်သည်။    ဒေသတွင်း    ရေတို အောင်မြင်မှုများ    ဖန်တီးနိုင်ခြင်းက ပြည်သူနှင့် ကျန်လက်နက်ကိုင်များကို ရသလောက်       ဆွဲဆောင်စည်းရုံးနိုင် မည်ဖြစ်ပြီး ဤသို့ဖြင့် ရေရှည်ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း တည်ဆောက်သွားနိုင်ပါ မည်။ ထိုမှတစ်ဆင့်သာ ထာဝရငြိမ်းချမ်း ရေးဆိုသည်ကိုလည်း အခိုင်အမာရရှိလာ မည်ဖြစ်သည်ဟု ယုံကြည်ပါသည်။       ။