
တွေ့ဆုံမေးမြန်း- အောင်ရဲသွင်၊ ဟိန်းမင်းစိုး/ ဓာတ်ပုံ- ကိုအေးသန်း
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့်ပြိုင်ပွဲ (10th ASEAN Quiz – Regional Level) ကို ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ်သည်။
အာဆီယံ ဒေသတွင်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံ ဒေသတွင်း နိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံမျိုးဆက်သစ် လူငယ်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိ နားလည်နိုင်စေရန်နှင့် အာဆီယံနိုင်ငံ များအကြား မိတ်ဆွေအဖြစ် ဆက်ဆံရေး များ အပြန်အလှန် နားလည်မှုများ မြှင့်တင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အာဆီယံဒေသတွင်း နိုင်ငံများမှ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူ များကို တွေ့ဆုံ၍ ပြိုင်ပွဲအပေါ် ၎င်းတို့၏ ခံစားချက် အမြင်များနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လာမှု အခြေအနေများကို မေးမြန်းတင်ပြလိုက်ရပါသည်။
ဦးဇေယျာ(ညွှန်ကြားရေးမှူး- အသံလွှင့်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား)
အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃)ရပ် ရှိပါတယ်။ ဒီမဏ္ဍိုင်(၃)ရပ်ရဲ့ ထူထောင်မှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး သိရှိနိုင်ဖို့ အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင် ရွက်နေကြတာဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ဖိတ်ကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ၂၀၂၁ ခုနှစ်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး ဆောင်ရွက် ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ယှဉ် ပြိုင်နိုင်တဲ့ နိုင်ငံခြောက်နိုင်ငံနဲ့ အွန်လိုင်း ကနေ ယှဉ်ပြိုင်မယ့် နိုင်ငံလေးနိုင်ငံ ပေါင်းစပ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ အာဆီယံနိုင်ငံတွေက ပြိုင်ပွဲဝင်တွေ အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဒီပြိုင်ပွဲကြီးကို တခြားနိုင်ငံတွေမှာ ကျင်းပ ခဲ့တဲ့နည်းတူ ခမ်းခမ်းနားနား ဝေဝေဆာဆာ နဲ့ ကျင်းပသွားဖို့ ပြင်ဆင်ထားပါတယ်။
အခုပြိုင်ပွဲမှာ နိုင်ငံတစ်နိုင်ငံကို National level ပြိုင်ပွဲတွေကနေ အဆင့်ဆင့် ရွေးချယ်လာတဲ့ နိုင်ငံကိုယ်စားပြု သုံးဦး စီကို မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာ မြန်မာ နိုင်ငံကလည်း ပြိုင်ပွဲဝင်သုံးဦး ရွေးချယ် ထားတာရှိပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင် သံကြား ရန်ကုန်မှာ နိုင်ငံတော်အဆင့် National Level ပြိုင်ပွဲအနေနဲ့ ကျင်းပပြီး သုံးဦး ရွေးချယ်ခဲ့ပါတယ်။ သူတို့သုံးဦးကို ဇွန်လကနေစပြီး နိုဝင်ဘာလကုန်အထိ ဌာနဆိုင်ရာအသီးသီးက အာဆီယံရေးရာ ကျွမ်းကျင်တဲ့သူတွေနဲ့ အာဆီယံဆိုင်ရာ ဗဟုသုတတွေကို လေ့ကျင့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲမှာ အသုံးပြုမယ့် Quiz 360 Software ကိုလည်း လေ့ကျင့်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ National Level ပြိုင်ပွဲရဲ့ Video Clip ကို Youtube မှာတင်ပြီး ကျန်တဲ့နိုင်ငံ အသီးသီးက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတွေဆီကို ဖြန့်ဝေပေးခဲ့ပါ တယ်။ ကွန်ပျူတာစနစ်ရဲ့ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး ကျောင်းသား ကျောင်းသူတွေကို ဒီနေ့မှာ မေးခွန်း ဟောင်းတွေကို ထည့်သွင်းပြီး အစမ်း လေ့ကျင့်မှာ ဖြစ်ပါတယ်။ မနက်ဖြန် ကျင်းပမယ့်ပြိုင်ပွဲမှာလည်း ဒီနေ့လေ့ကျင့် တဲ့ ကွန်ပျူတာစနစ်အတိုင်း ပြိုင်ပွဲဝင် သွားရမှာ ဖြစ်ပါတယ်။
Ms.Sky Broxlyne Roy Maxwill
(မလေးရှားနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)
ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ မလေးရှားနိုင်ငံကနေ လာရောက်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် အကောင်းဆုံးအတွေ့အကြုံတွေ ရယူ သွားမှာဖြစ်ပါတယ်။ အခုလို လာရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ဆောင်းပါးတွေ၊ ဗဟုသုတ အကြောင်းအရာတွေကို လေ့လာထားရပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။
Ms.Nabiela Syifa Zahira
(အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ကနေ လာရောက်တာဖြစ်ပါတယ်။ အရင်ကကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေကို ကြည့်ပြီး လေ့ကျင့်တာပိုကောင်းပေမယ့် သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် မေးခွန်းတွေမေးပြီး လေ့ကျင့်တာ ပိုကောင်းပါတယ်။ ပြိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွစွာ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Mr.Tran Minh Hieu
(နည်းပြ၊ ဗီယက်နမ်နိုင်ငံ)
ကျွန်တော် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ရောက်ဖူးတာဖြစ်ပါတယ်။ လွန်စွာလှပပြီး နွေးထွေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ကျွန်တော့် ဗီယက်နမ် အသင်းနဲ့ တစ်လလောက်လေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲဝင် တွေထဲက အကောင်းဆုံးတွေကို ရွေးချယ် ပြီး ဒေသတွင်းအဆင့်ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်တာပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့ လည်း အကောင်းဆုံးကြိုးစားသွားမယ်လို့ ယုံကြည်ပါတယ်။
Ms.Ly Mary (ကမ္ဘောဒီးယားနိုင်ငံ
ကိုယ်စားပြုပြိုင်ပွဲဝင်)
ကမ္ဘောဒီးယားနိုင်ငံကနေ လာရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အတူပါဝင် ယှဉ်ပြိုင်မယ့် တခြားနိုင်ငံတွေက ကိုယ်စားပြု ပြိုင်ပွဲဝင်တွေကိုလည်း တွေ့မြင်နေရပြီဆိုတော့ ပထမဆုံး အတွေ့အကြုံအနေနဲ့ စိတ်လှုပ်ရှားပြီး ပြိုင်ပွဲကိုလည်း စိတ်ဝင်စားနေပါပြီ။ ကျွန်မအနေနဲ့ အောင်မြင်မှုတွေရရှိအောင် အဖွဲ့ဝင်တွေနဲ့ အတူတကွ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြိုင်ပွဲမှာ အနိုင်ရဖို့ အတွက်လည်း အလားအလာကောင်း တွေရှိတယ်လို့လည်း ထင်မြင်မိပါတယ်။
Ms.Do Bao Thuc Anh
(ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြီး အခုလို လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်ခဲ့ပါတယ်။အာဆီယံရဲ့ မူဝါဒ တွေနဲ့ပတ်သက်ပြီးတော့လည်း လေ့လာ ရပါတယ်။ အာဆီယံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း အများကြီး လေ့လာခဲ့ရပါတယ်။
Ms.Sirilak Sengdara
(လာအိုနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ တော်တော်လေးလုပ်ခဲ့ပါတယ်။ မြန်မာ နိုင်ငံအပါအဝင် တခြားနိုင်ငံက ပြိုင်ပွဲဝင် ကိုယ်စားလှယ်တွေနဲ့အတူ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ တော်တော် လည်းစိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် လည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မအနေနဲ့ အဖွဲ့ ဝင်တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
Mr.Nguyen Gia Nam
(ဗီယက်နမ်နိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အခုလို နိုင်ငံကိုယ်စားပြုပြီး ၁၀ ကြိမ်မြောက် Asian Quiz ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော့် အနေနဲ့ ပြိုင်ပွဲအတွက် တော်တော်လေး ပြင်ဆင်ထားပါတယ်။ အာဆီယံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ တခြားဗဟုသုတ အကြောင်းအရာတွေ ကိုလည်း လေ့လာခဲ့ပါတယ်။ ပြိုင်ပွဲ အတွက် လေ့လာပြင်ဆင်ချိန် တစ်လခန့် ရခဲ့ပါတယ်။
Mr.Phouth Ada Sitthinonhthong
(နည်းပြ၊ လာအိုနိုင်ငံ)
ကျွန်တော့်အနေနဲ့ ပြိုင်ပွဲအတွက် အချက်အလက်တွေ တတ်နိုင်သမျှ စုဆောင်းပြီး ကျောင်းသားတွေကို လအနည်းငယ် ကြိုတင်ပြင်ဆင်ပေးတဲ့ အပြင် အာဆီယံမှာ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းအချက်အလက် များစွာကို update ပြုလုပ်ပြီးလည်း သင်ကြား ပေးပါတယ်။ နိုင်ငံအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ နှောင်းပိုင်းနဲ့ နိုဝင်ဘာ လအစမှာ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော့် အသင်းအနေနဲ့ အကောင်းဆုံးကြိုးစား ပြီး အနိုင်ရရှိလိမ့်မယ်လို့လည်း မျှော်လင့် ပါတယ်။
မောင်ဟိန်းလင်းထက်
(မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်တို့ အရင်နှစ် အောက်တို ဘာလကစပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မှု တွေ လုပ်ပါတယ်။ သူငယ်ချင်းအချင်းချင်း လည်း ကိုယ်သိသမျှ တတ်သမျှ မှတ်ထား သမျှတွေကို ပြန်လည်မေးမြန်းပါတယ်။ ဒီအဆင့်ရောက်ဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာဖြစ်ပါ တယ်။ နိုင်ငံအဆင့် ရွေးချယ်ထားတဲ့ ကိုယ်စားပြုအနေနဲ့ အာဆီယံဌာန အသီးသီးက ဆရာမကြီးတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာတွေကို သီးသန့် လေ့ကျင့်ပေးပါတယ်။ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပြိုင်ပွဲ ကြီးမှာ ကျွန်တော်တို့ အနိုင်ရအောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
မောင်ပြည့်စုံချမ်းသာ
(မြန်မာနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တော်တော်လေးလုပ်ခဲ့ပါတယ်။ ဝန်ကြီး ဌာနပေါင်းစုံနဲ့ ကဏ္ဍပေါင်းစုံက ဆရာမ တွေက ကျွန်တော်တို့ကို အွန်လိုင်းကနေ စာသင်ပေးတာလည်းရှိပါတယ်။ သူငယ် ချင်းတွေစုပြီးလည်း စာလုပ်ကြတယ်။ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အတွက် အတွေ့အကြုံအသစ်တွေ ရရှိမှာဖြစ်ပါ တယ်။ ဗဟုသုတတွေလည်း အများကြီး ရရှိပါတယ်။ ဒီပြိုင်ပွဲက ကိုယ်တိုင်တင် မကဘဲ မြန်မာနိုင်ငံအတွက်ပါ ဂုဏ်ဆောင် ရတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာ ပီတိဖြစ်မိပါတယ်။ ပြိုင်ပွဲကိုလည်း နိုင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ပြိုင်သွားမှာ ဖြစ်ပါတယ်။
မနှင်းပွင့်အောင်
(မြန်မာနိုင်ငံ ကိုယ်စားပြုပြိုင်ပွဲဝင်)
အခုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင် ဖို့ အများကြီး စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့်လည်း အရင်လောက်တော့ မကြောက်တော့ပါဘူး။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့အနေနဲ့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ပထမဆုံး အိမ်ရှင် အဖြစ် ကျင်းပမယ့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ဒေသတွင်း အဆင့်ပြိုင်ပွဲမှာ Winner ရရှိအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွား မှာပါ။
Mrs.HA THI NGA
(နည်းပြချုပ်၊ ဗီယက်နမ်နိုင်ငံ)
ပြိုင်ပွဲအတွက် အများကြီးကြိုတင် ပြင်ဆင်ထားပါတယ်။ အကောင်းဆုံး လုပ်နိုင်မယ်လို့လည်း ယုံကြည် ပါတယ်။ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတွေကလည်း အာဆီယံနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အချက် အလက်တွေကို အများကြီး ကြိုတင် ပြင်ဆင်ထားတဲ့အတွက် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိမယ်လို့လည်း ယုံကြည်ပါတယ်။ အခုပြိုင်ပွဲကို ဦးဆောင် ကျင်းပပေးတဲ့ မြန်မာနိုင်ငံကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲက မြန်မာ နိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေ ဒီပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ အတွက် မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်း အသင်းတွေလည်း ရပါတယ်။ အခုပြိုင်ပွဲ ကို နိုင်ငံကိုယ်စားပြုပြီး လာရောက် ယှဉ်ပြိုင်ရတဲ့အတွက်လည်း ဂုဏ်ယူမိ ပါတယ်။ ။