
နေပြည်တော် ဇွန် ၂
အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်း သင့်တင့်သည့် ယူရီးယားမြေဩဇာများကို တိုင်းဒေသ ကြီး/ ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ယူရီးယား မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။
ညှိနှိုင်းဆောင်ရွက်
ဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက အရည်အသွေးပြည့်မီသည့် ယူရီးယားမြေဩဇာများ တောင်သူများလက်ဝယ် စိုက်ပျိုးရာသီအမီ ရောက်ရှိစေရေးအတွက် ဖြန့်ဖြူး ရောင်းချခြင်းကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီ များ စုစည်းထားသည့် Consortium အဖွဲ့နှင့် မြန်မာ ဆန်စပါးအသင်းချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း၊ အဆိုပါ Consortium အဖွဲ့များက ပထမ အသုတ်အနေဖြင့် ယူရီးယားမြေဩဇာ တန်ချိန် ၆၀၁၈၈ တန် တင်သွင်းနိုင်ရန် ဦးဆောင်ကော်မတီက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနဖြင့် သွင်းကုန်လိုင်စင်ရရှိရေး၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီတို့နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ မြေဩဇာ များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များသို့ ဖြန့်ဖြူးရောင်းချပေးရတော့မည် ဖြစ်ပါ ကြောင်း။
ယူရီးယားမြေဩဇာတစ်အိတ်လျှင် ရန်ကုန် ဂိုဒေါင်ဈေးနှုန်းမှာ ငွေကျပ် ၈၆၀၀၀ ဖြစ်ပြီး ဒေသ သယ်ယူစရိတ်အပေါ်မူတည်၍ ငွေကျပ် ၈၇၈၀၀ မှ ၈၉၄၀၀ ထိ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၉၂၀၀၀ မှ ၉၅၀၀၀ ခန့် ဖြစ်သည့်အတွက် ငွေကျပ် ၁၀၀၀၀ ကျော်ခန့် သက်သာမည်ဖြစ်ကြောင်း၊ ပထမအသုတ် ရောက်ရှိ လာသော ယူရီးယားမြေဩဇာများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မြေဩဇာအရောင်းဆိုင် များသို့ ဇွန် ၃ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး တောင်သူလက်ဝယ်သို့ ဇွန် ၇ ရက်မှ ၁၅ ရက်အတွင်း စတင်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ်အနေဖြင့် ဇွန် ၆ ရက်တွင် စတင်ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ပြီး လျာထားစာရင်းများကိုလည်း ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ယူရီးယားမြေဩဇာလိုအပ်ချက်မှာ ကြီးမြင့်နေသေးသည့်အတွက် လိုအပ်သောမြေဩဇာ များကို ထပ်မံတင်သွင်းရေးကိုလည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများအနေဖြင့်လည်း မိမိတို့ အမှန် တကယ် ဖြန့်ဖြူးနိုင်မည့်စာရင်းကို ယခုအစည်းအဝေး တွင် တင်ပြပေးစေလိုကြောင်း၊ နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်သည့် ယူရီးယားမြေဩဇာ ဈေးနှုန်း သက်သာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစီအစဉ်၌ နေပြည်တော်ကောင်စီ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် မိမိတို့သက်ဆိုင်ရာဒေသအတွင်း မြို့နယ်ဖြန့်ဖြူး ရောင်းချရေးကော်မတီများ ဖွဲ့စည်းပေးခြင်း၊ မြေဩဇာ သယ်ယူဖြန့်ဖြူးမည့် ကိစ္စရပ်များ အဆင်ပြေ ချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြေဩဇာ အဝင်အထွက်လက်ကျန် စာရင်းများစိစစ်ကြီးကြပ် ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြရန် ညှိနှိုင်းအပ်ပါကြောင်း။
အချိန်မီ ဖြန့်ဖြူးရောင်းချနိုင်ရေး
နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်းဒေသ ကြီးများသို့ ယူရီးယားမြေဩဇာများ ဈေးနှုန်း သက်သာစွာဖြင့် အချိန်မီ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်းပြီး သယ်ယူပို့ဆောင်ရေးဆောင်ရွက်ရာ တွင် အဆင်ပြေချောမွေ့စေရန် ကားလမ်းအပြင် ရထားနှင့် သယ်ယူနိုင်စေရန်၊ ရေကြောင်းမှ သင်္ဘော ဖြင့် သယ်ယူပို့ဆောင်နိုင်စေရန် စီစဉ်လျက်ရှိပါ ကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ အနေနှင့် အရောင်းဆိုင်များနှင့် ညှိနှိုင်းပြီး သယ်ယူ ပို့ဆောင်ရေး အဆင်ပြေစေရန် ညှိနှိုင်းပူးပေါင်းစီစဉ် ပေးကြရန်နှင့် အခြားအခက်အခဲများရှိပါက ပွင့်ပွင့် လင်းလင်း တင်ပြရန်နှင့် ပိုမိုကောင်းမွန်သည့် အကြံ ဉာဏ်များရှိပါက ဆွေးနွေးပေးကြရန် ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်း ရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယူရီးယားမြေဩဇာများ နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ မြို့နယ်များရှိ အရောင်းဆိုင်များသို့ သယ်ယူပို့ဆောင် ဖြန့်ဖြူး ရောင်းချမည့် အစီအစဉ်များကိုလည်းကောင်း၊ Consortium အဖွဲ့ကိုယ်စား တာဝန်ရှိသူတစ်ဦးက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး က ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များကိုလည်း ကောင်း၊ တက်ရောက်လာကြသော နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်