
ရန်ကုန် နိုဝင်ဘာ ၁၉
ပဉ္စမအကြိမ်မြောက် မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် စိုက်ပျိုးရေးပြပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက်က မရမ်းကုန်းမြို့နယ် အင်းလျားကန် ဟိုတယ်ဝင်းရှိ Yangon Convention Center (YCC) ခန်းမ၌ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော တောင်သူ လယ်သမားများနှင့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ပြပွဲ ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူသူ တောင်သူများအတွက် ခေတ်မီ စိုက်ပျိုး၊ မွေးမြူရေးနည်းပညာ များ၊ မျိုးစေ့များ၊ နည်းပညာ မြင့်စက်ပစ္စည်းများကို ယခုပြပွဲ တွင် တစ်နေရာတည်း လေ့လာ ဝယ်ယူနိုင်မည်ဖြစ်၍ မိမိတို့နှင့် ကိုက်ညီသည့် စရိတ်စက သက်သာသော စက်ပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးမွေးမြူသူများ၊ စားနပ် ရိက္ခာထုတ်လုပ်သူများ ရေရှည် ရပ်တည်နိုင်ရေးအတွက် တာဝန် ရှိသူများက ဝိုင်းဝန်းကူညီ အားပေးကြရန် ပြောကြားသည်။
ထို့နောက် ပြပွဲကို တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဝင်းတင့်၊ စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု သည်။
အဆိုပါပြပွဲတွင် ရင်းနှီးမြှုပ်နှံ သူ ကုမ္ပဏီပေါင်း ၆ဝ ကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းတို့ကို အခြေခံထုတ်လုပ်ထား သည့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါး များ၊ အသီးအနှံများ၊ ဟင်းသီး ဟင်းရွက်များကို ပြခန်းပေါင်း ၃ဝ ကျော်ဖြင့် နိုဝင်ဘာ ၂၁ ရက်အထိ ပြသမည်ဖြစ်ကြောင်းနှင့် ပြပွဲ ရက်များအတွင်း နို့စားနွားမွေးမြူ ရေးထုတ်လုပ်ရေးလုပ်ငန်း ရေရှည် တည်တံ့စေရန် နည်းလမ်းများ၊ ဇီဝဇိုးငှက် မွေးမြူရေးလုပ်၍ ငှက်သိုက်ထုတ်လုပ်ခြင်းဆိုင်ရာ ခေတ်မီနည်းပညာများ၊ A Bank ၏ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု များနှင့် SME လုပ်ငန်းများအတွက် Networking and Orientation အစီအစဉ်များကို ဆွေးနွေးဟော ပြောမည့် အစီအစဉ်များလည်း ထည့်သွင်းထားရှိကြောင်း သိရ သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)