
ဇင်ငြိမ်း
လူမှုပေါင်းသင်းဆက်ဆံရေးမှာ မိတ်ဆွေကောင်းနဲ့ မိတ်ဆွေတုဆိုတာ လွန်စွာအရေးကြီးပါတယ်။ မိတ်ဆွေကောင်းတွေဟာ တစ်ဖက်သားကို အကျိုးပြုတတ်ပေမယ့် မိတ်ဆွေတုတွေကတော့ တစ်ဖက်သားကို အသုံးချဖို့၊ လှည့်စားဖို့နဲ့ လိမ်ညာဖို့ ကြိုးစားတတ်ကြပါတယ်။ မိတ်ဆွေတုတွေဟာ မိတ်ဆွေစစ်လို ဟန်ဆောင်တတ်ကြတဲ့ အတွက် သာမန်အချိန်မှာ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို ခွဲခြားသိဖို့ခက်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့လာတဲ့အချိန်မှာတော့ ဘယ်သူက မိတ်ဆွေစစ်၊ ဘယ်သူကမိတ်ဆွေတုဆိုတာ ဇာတိပြလာကြပြီး မျက်နှာဖုံးကွာကျလာကြပါတယ်။
ရွှေအကြောင်း ဖယောင်းသိ၊ လူ့အကြောင်းပေါင်းမှသိဆိုတဲ့ စကား လိုပါပဲ။ မိတ်ဆွေတုတွေဟာ သူတို့ အကျိုးစီးပွားကိုပဲ ကြည့်တတ်ကြတဲ့ အတွက် ဒုက္ခနဲ့ မှတ်ကျောက်တင်တဲ့ အခါမှာ ဖုံးကွယ်ထားတဲ့ စိတ်ရင်းအမှန် တွေ ပေါ်လာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာလည်း အလား တူပါပဲ။ ကိုယ့်နိုင်ငံရဲ့အကျိုးကို အမှန် တကယ်လိုလားတဲ့ နိုင်ငံတွေရှိသလို၊ ကိုယ့်နိုင်ငံကို အသုံးချဖို့ ကြိုးပမ်းနေကြ တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အခု မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ ဆိုရင် မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုတွေရဲ့ သရုပ်မှန်တွေကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။
မြန်မာ့ပြည်တွင်းရေးအပေါ် တုံ့ပြန်မှု
လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှု တွေနဲ့ လက်နက်ကိုင်တိုက်ခိုက်မှု တွေဟာ ပြည်တွင်းရေးကို အခြေခံတဲ့ ပဋိပက္ခတွေသာဖြစ်ပါတယ်။ ဒီပြည်တွင်း ရေးကိစ္စအပေါ်မှာ နိုင်ငံတကာက အမျိုးမျိုးတုံ့ပြန်နေကြတာကို တွေ့ရ ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းကြီး တွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ တစ်နိုင်ငံချင်းစီအလိုက် မြန်မာ့ ပြည်တွင်းရေးအပေါ်မှာ အပြုသဘောနဲ့ တုံ့ပြန်ကြသလို အပျက်သဘောနဲ့ တုံ့ပြန်လာတာတွေလည်း ပါပါတယ်။ သူတို့ရဲ့ အကျိုးစီးပွားအပေါ်အခြေခံပြီး တုံ့ပြန်ကြတာလို့ ယူဆနိုင်ပါတယ်။ အချို့က ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့၊ အချို့ကလည်း မြန်မာနိုင်ငံရဲ့ အကျပ် အတည်းအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးပမ်းကြတာ တွေ့ရပါတယ်။ အချို့က မြန်မာ့ပြည်တွင်းရေး အကျပ်အတည်း တွေ အမြန်ဆုံးအဆုံးသတ်ပြီး ငြိမ်းငြိမ်း ချမ်းချမ်း ပြေလည်စေဖို့ တိုက်တွန်းတဲ့ နိုင်ငံတွေကိုလည်း ရှိပါတယ်။
အဲဒီထဲမှာ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကနေ ကိုယ်ကျိုးစီးပွား အတွက် လက်စွမ်းကုန်နှိုက်ယူဖို့အတွက် ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့်လာအောင် လှုံ့ဆော်ပေး၊ နှတ်ကြောင်းပေးနေတဲ့ နိုင်ငံအချို့လည်းပါပါတယ်။ မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေကို အခွင့်ကောင်းယူအသုံးချဖို့ ထင်ထင် ပေါ်ပေါ်နဲ့တစ်မျိုး၊ နောက်ကွယ်က တစ်မျိုး နဲ့ ကြိုးစားနေကြပါတယ်။ မျက်ဖြူဆိုက် လေ ဆရာကြိုက်လေဆိုတဲ့ စကား လိုပါပဲ။ ကိုယ့်နိုင်ငံ အခက်အခဲအကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘယ်အဖွဲ့အစည်းတွေက စိတ်ရင်းမှန်လဲ၊ ဘယ်နိုင်ငံက မိတ်ဆွေစစ်နိုင်ငံလဲဆိုတာ သူတို့ရဲ့တုံ့ပြန်မှုတွေကို ကြည့်ရင် တွေ့ရပါတယ်။ အခက်အခဲတွေဟာ မိတ်ဆွေစစ်၊ မိတ်ဆွေတုဆိုတာကို မှတ်ကျောက်တင် လိုက်သလိုပါပဲ။ စိတ်ရင်းမှန်တွေ ပေါ်လာကြပါတယ်။
ဝင်ရောက်စွက်ဖက်နေကြ
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက် ကိုင်တိုက်ခိုက်မှုတွေဟာ ပြည်တွင်းနိုင်ငံ ရေးမှာ အခြေခံတယ်ဆိုပေမယ့် ပြဿနာ တွေ ပိုပြီးကြီးမားကျယ်ပြန့်လာစေတဲ့ အချက်တွေကတော့ ပြည်တွင်းရေး သက်သက်မဟုတ်ပါဘူး။ ကိုယ်ကျိုး စီးပွားတွေနဲ့ ဆက်နွှယ်နေတဲ့ အကြောင်း ရင်းတွေ ပါပါတယ်။ ကိုယ်ကျိုးစီးပွား စွက်ဖက်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ နောက်ကွယ်ကနေ ပံ့ပိုးပေးနေသူတွေနဲ့ လက်ခံထားသူတွေ မရှိဘဲ ရပ်တည်လို့မရပါဘူး။ အဲဒီအဖွဲ့ တွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေ သူတွေရှိလို့လည်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းရေးမှာ အတားအဆီးများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အဝေး က ရန်သူထက် နောက်ကျောကို ဓားနဲ့ ထိုးမယ့် အနီးကပ်မိတ်ဆွေက ပိုကြောက်စရာ ကောင်းတယ်ဆိုတဲ့ စကားက သတိပြုစရာပါ။
မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံငါးနိုင်ငံရှိပါတယ်။ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ နိုင်ငံ တွေက လာအို၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံဆိုတာ သဘာဝကပေးတာပါ။ ကိုယ့်ဘာသာရွေးချယ်ခွင့် မရှိပါဘူး။ သဘာဝကပေးလို့ အိမ်နီးချင်းဖြစ်လာ တဲ့အခါ ဆက်စပ်ပတ်သက်မှုတွေ ဆိုတာ အခုလည်းရှိတယ်၊ နောက်လည်း ရှိနေဦးမှာပါပဲ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုး၊ ယဉ်ကျေးမှု၊ လူမှုရေးတွေလည်း ဆက်နွှယ်နေမှာပါ။ ဒီလိုဆက်နွှယ်နေတာကို အိမ်နီးချင်း ကောင်း ပီသစွာ ဘယ်လိုဆက်ဆံကြမလဲ ဆိုတာ ရေတို၊ ရေရှည်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
နောက်ပြီး နိုင်ငံတိုင်းက သူတို့ ပြည်တွင်းရေးတွေ၊ ပဋိပက္ခတွေ ဆိုတာ ရှိကြပါတယ်။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေး တစ်နိုင်ငံက မစွက်ဖက်ဖို့ဆိုတာ ကုလ သမဂ္ဂ ပဋိညာဉ်၊ အာဆီယံပဋိညာဉ်တွေနဲ့ နှစ်နိုင်ငံသဘောတူညီမှုတွေမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေ နဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေး တွေမှာ ဝင်စွက်ဖက်တာ၊ ဆန့်ကျင်ဘက် တွေကို ပံ့ပိုးထောက်ပံ့တာ မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံကောင်း၊ မိတ်ဆွေ ကောင်းပီသစွာ ကျင့်ကြံခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်သလို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ ကျင့်ဝတ်လို့လည်း ခံယူထားတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်း ရေးမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ အပြောတစ်မျိုး၊ လက်တွေ့တစ်မျိုးနဲ့ နောက်ကွယ်ကနေ နှတ်ကြောင်းပေး စွက်ဖက်နေကြပါတယ်။ ပြည်ပနိုင်ငံ တွေရဲ့ စွက်ဖက်မှုကြောင့် နာလန်မထူ နိုင်တဲ့နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါ။ အီရတ်၊ အာဖဂန်နိုင်ငံတွေကို ကြည့်ပါ။ ပြည်တွင်းရေးတွေမှာ ပြည်ပက ဝင်စွက် လို့ ပဋိပက္ခသံသရာ လည်နေပါတယ်။ မြန်မာ့ပြည်တွင်းရေးမှာလည်း ပြင်ပက နေစွက်ဖက်နေတာကို ကြည့်ရင် အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံက တကယ့်စိတ်ရင်းမှန်တဲ့ မိတ်ဆွေနိုင်ငံ ဆိုတာ အလွယ်တကူခွဲခြားနိုင်ပါတယ်။ အချို့နိုင်ငံတွေက သူတို့နိုင်ငံသားတွေနဲ့ သူတို့နိုင်ငံကို ကာကွယ်ပေးဖို့လို့ ဆိုပေမယ့် လက်တွေ့မှာတော့ ကိုယ့် ကိုယ်ကို ကာကွယ်ဖို့ထက် ကိုယ်ကျိုး စီးပွားအမြတ်ထုတ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
မီဒီယာနဲ့ နှတ်ကြောင်းပေးနေ
ဇန်နဝါရီ ၂၃ ရက်က ထိုင်းနိုင်ငံ သတင်းဌာနတစ်ခုဖြစ်တဲ့ TNN World Today (Thai News Network) ကနေ သတင်းတစ်ပုဒ် လွှင့်ခဲ့ပါတယ်။ အွန်လိုင်း က လွှင့်ခဲ့တာပါ။ သတင်းကတော့ မြန်မာ နိုင်ငံမှာဖြစ်နေတဲ့ တိုက်ခိုက်မှုတွေ အကြောင်းပဲဖြစ်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားတာက မြန်မာနိုင်ငံက လက်နက်ကိုင် တိုက်ခိုက် မှုတွေကြောင့် ဘင်္ဂါလီတွေ ထိခိုက်နစ်နာ နေတဲ့ အကြောင်းကို လိုရာဆွဲဖော်ပြခဲ့ပါ တယ်။ မဆက်စပ်တဲ့ အကြောင်းအရာ နှစ်ခုကို လိုချင်ရာ ဆွဲပြောသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ပြောချင် တာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်တာတွေက ဘင်္ဂါလီတွေနဲ့ ဆက်စပ်မှုမရှိဘူး ဆိုတာ ပါပဲ။ ဘင်္ဂါလီကိစ္စဟာ အနောက်နိုင်ငံ တွေနဲ့ OIC တို့လို အဖွဲ့အစည်းတွေက နိုင်ငံတကာအရေးဖြစ်အောင် ဇာတ်သွင်း နေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီလို မဆက်စပ်တဲ့ကိစ္စတစ်ခုကို ထည့်သွင်း ပြောကြားခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိပြောကြားခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ မီဒီယာနဲ့ နှတ်ကြောင်းပေးတာဟာ မီဒီယာကျင့်ဝတ်နဲ့မညီသလို အိမ်နီးချင်း နိုင်ငံအချင်းချင်းအကြား စောင့်ထိန်း အပ်တဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ဖြစ်ပါတယ်။
TNN World Today ရဲ့ ထုတ်လွှင့် ချက်ဟာ ပကတိတရားဖုံးကွယ်ပြီး သတင်းတစ်ပုဒ်ကို ဘက်လိုက်တင်ပြ တာဟာ သတင်းမီဒီယာဘက်လိုက်မှု (Media Bias) ဖြစ်ပါတယ်။ သတင်း မီဒီယာဘက်လိုက်မှုကြောင့် ဖြစ်စဉ် အမှန်ကနေ သွေဖည်ပြီး လမ်းကြောင်း အမှန်ကို ပြောင်းလဲစေပါတယ်။ TNN World Today ရဲ့ ရည်ရွယ်ချက်က အဲဒီ အတိုင်းပါပဲ။ လက်ရှိ မြန်မာ့အကျပ် အတည်းနဲ့ ဘယ်လိုမှမသက်ဆိုင်တဲ့ ဘင်္ဂါလီကိစ္စကို ဘက်လိုက်ဖော်ပြခဲ့ ပါတယ်။ ဒီသတင်းထုတ်လွှင့်မှုဟာ သတင်းဌာနရဲ့ အာဘော်လား၊ ထိုင်းနိုင်ငံ ရဲ့ အာဘော်လားဆိုတာကိုတော့ ခွဲခြား ဖို့ ခက်ခဲပါတယ်။ သေချာတာကတော့ TNN World Today ရဲ့ သတင်းကတော့ မြန်မာနိုင်ငံအပေါ် အပြုသဘော မဆောင်တာကတော့ သေချာပါတယ်။ ပြည်တွင်းရေး အကျပ်အတည်းတွေကို ဖြေရှင်းနေရချိန်မှာ ဘင်္ဂါလီကိစ္စကို မပတ်သက်တဲ့ နှတ်ကြောင်းပေးတာဟာ အပျက်သဘော ဆောင်နေပါတယ်။
မီဒီယာလက်နက်
သတင်းနည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးမှာ မီဒီယာဟာအစွမ်းထက်တဲ့ လက်နက်တစ်ခုဖြစ်လာပါတယ်။ ယခင် ကတော့ Main Stream Media တွေသာ ရှိပေမယ့် အခုအခါမှာ အွန်လိုင်းမီဒီယာ တွေ များစွာရှိနေပါပြီ။ အွန်လိုင်းမီဒီယာ တွေဟာ သတင်းမြန်ဆန်သလို လူထုဆီ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ချက်ချင်းရောက်တဲ့အတွက် ထိရောက် မှုလည်းရှိပါတယ်။ ဒါကြောင့် အွန်လိုင်း မီဒီယာတွေဟာ လူထုကြားကို အမြန်ဆုံး ထိုးဖောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။ အခုဆိုရင် အွန်လိုင်း မီဒီယာတွေကို နိုင်ငံရေး၊ စီးပွားရေး စတဲ့နယ်ပယ်စုံမှာ အသုံးပြုလာကြ ပါတယ်။ နယ်ပယ်စုံမှာ အသုံးပြုလာ နေတဲ့ အွန်လိုင်းမီဒီယာတွေဟာ တစ်ဖက်မှာလည်း နိုင်ငံရေး၊ စီးပွားရေး တွေမှာ လက်နက်သဖွယ် အသုံးပြုနေ ကြပါတယ်။
ကျယ်ပြန့်လာတဲ့ အွန်လိုင်းမီဒီယာ တွေမှာ မှန်ကန်တဲ့သတင်းဌာနတွေ ရှိသလို ကျင့်ဝတ်တွေ၊ စည်းမျဉ်း စည်းကမ်းနဲ့မညီတဲ့ အွန်လိုင်းမီဒီယာ တွေလည်းရှိကြပါတယ်။ သတင်းစာ ပညာနဲ့ပတ်သက်လို့ ၁၈၉၈ အတွင်း ဖြစ်ပွားခဲ့တဲ့ စပိန်-အမေရိကန် စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာ ထုတ်ဝေသူ ဝီလီယံရူးဒေါ့ဟတ်စ်က စကားတစ်ခွန်းပြောခဲ့ပါတယ်။ “You furnish the pictures and I'll furnish the war.” “မင်းက ဓာတ်ပုံတွေသာ ပို့ပေးပါ၊ ငါက စစ်ပွဲဖန်တီးပေးပါ့မယ်” တဲ့။ ဟတ်စ်ရဲ့စကားက သတင်းစာပညာ ကို ကြိုက်သလို ဖန်တီးနိုင်တာကို ဖော်ပြ ခြင်းဖြစ်ပါတယ်။ မီဒီယာတွေဆိုတာ ပြည်သူလူထုရဲ့အမြင်တွေကို ထင်ဟပ် စေနိုင်ပြီး နိုင်ငံရေးဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပါတယ်။
လွှမ်းမိုးတဲ့နေရာမှာ အပြုသဘော လား၊ အပျက်သဘောလားဆိုတဲ့ ကွာခြား မှုတော့ ရှိပါတယ်။ TNN World Today သတင်းရဲ့ သတင်းထုတ်လွှင့်မှုဟာ လုပ်ကြံဖန်တီးထုတ်လွှင့်တာ ဖြစ်တဲ့ အတွက် အပြုသဘောမဆောင်ပါဘူး။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့်ဆိုတာ ကိုယ်ထင်ရာ ကိုယ်ပြောခွင့်မဟုတ်ပါဘူး။ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ လွတ်လပ်ခွင့် နဲ့အတူ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိပါတယ်။ အဲဒါတွေကို လိုက်နာမှုမရှိဘဲ မီဒီယာကို နိုင်ငံရေးလက်နက်အနေနဲ့ အသုံးချလာတဲ့အခါမှာ မတည်ငြိမ်မှု တွေနဲ့ ပဋိပက္ခတွေကို ပိုကျယ်ပြန့်စေပါ တယ်။
နှစ်နိုင်ငံဆက်ဆံရေးအပေါ် အကျိုးသက်ရောက်စေနိုင်
သတင်းနည်းပညာ ခေတ်မှာ အွန်လိုင်း မီဒီယာတွေက ဘက်လိုက်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်း၊ စိတ်ဓာတ် စစ်ဆင်ရေးတွေ လုပ်နေသလိုပဲ TNN World Today ကလည်း မြန်မာ့ ပြည်တွင်းရေးအပေါ် မီဒီယာကနေ စွက်ဖက်လာပါတယ်။ TNN World Today ဟာ သူတို့ဖြစ်စေချင်တဲ့ အကြောင်းအရာကို နှတ်ကြောင်းပေး လိုရာဆွဲ ဖော်ပြခဲ့ပါတယ်။ TNN World Today ရဲ့ အဲဒီသတင်းဟာ အိမ်နီးချင်း နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ကောင်းကျိုး မပြုပါဘူး။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် သဘောတူထားကြတဲ့ နိုင်ငံတွေပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီး လည်ပတ် တာတွေလည်း ရှိပါတယ်။ အပြန်အလှန် နားလည်မှုနဲ့ သဘောတူညီမှုတွေ တည်ဆောက်ထားကြတာပါ။
အဲဒီလိုအခြေအနေမှာ TNN World Today ရဲ့ သတင်းဖော်ပြမှုက လက်နဲ့ရေး ခြေနဲ့ဖျက်သလို ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာလည်း မွတ်စလင်ခွဲထွက် ရေးလှုပ်ရှားမှုတွေကို ကိုင်တွယ်ဖြေရှင်း နေရဆဲပါ။ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းရေးတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ဝင်ရောက်စွက်ဖက်တာ၊ နောက်ကွယ်က ပံ့ပိုးကူညီတာနဲ့ ပဋိ ပက္ခတွေ ကျယ်ပြန့်လာအောင် နှတ် ကြောင်းပေး ပြောဆိုတာတွေ မရှိခဲ့ပါဘူး။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း ပီသစွာ ရပ်တည်နေခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ စေဖို့ ဖြစ်ပါတယ်။
TNN World Today ရဲ့ လုပ်ရပ်က တော့ မိတ်ဆွေစစ်သဘော မတွေ့ရပါဘူး။ မြန်မာ့အရေးကို မီဒီယာကနေ စွက်ဖက် နေတာဟာ မရိုးသားစိတ်၊ မိတ်ဆွေမပီ သတဲ့စိတ်လို့ ဆိုရမှာပါ။ ဒါကြောင့် TNN World Today အနေနဲ့ နှစ်နိုင်ငံအကြား ဖြစ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ချင့်ချိန်ပြီး နိုင်ငံရေးလွှမ်းမိုးမှုမရှိတဲ့ မီဒီယာဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုပါတယ်။ ။
- Log in to post comments