
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်၊ပြောင်း၊ ချင်း၊ အာလူး၊ ခရမ်းချဉ်၊ လိမ္မော်၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်စသည်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယင်းစိုက်ပျိုးသီးနှံများအနက် လိမ္မော်စိုက်ပျိုးပြီး ဝင်ငွေကောင်းမွန်လျက်ရှိသည့် ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု ထာငိုကျေးရွာမှ တောင်သူတစ်ဦးအား လိမ္မော်သီးများ စိုက်ပျိုးတင်ပို့ရောင်းချ နေမှုအခြေအနေကို တွေ့ဆုံမေးမြန်းရေးသားလိုက်ပါသည်-
မေး ။ ။ လိမ္မော်ပင်ကို စိုက်ပျိုးဖြစ်ခဲ့တဲ့ အကြောင်းလေး ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဒီလိမ္မော်ကို ၂၀၁၃ ခုနှစ်ကနေမှ စတင် စိုက်ပျိုးခဲ့ပြီး ဘိုးဘေးတွေ စတင် လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းဖြစ်တာကြောင့် အစဉ် အဆက် စိုက်ပျိုးလာခဲ့ရာမှ အခုဆိုရင် ဒီလိမ္မော်ခြံက နှစ်ပေါင်း ၁၀ နှစ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။
မေး ။ ။ ဒီလိမ္မော်ပင်တွေ မစိုက်ပျိုးခင်ကာလ တွေတုန်းက မြေတွေကို ဘယ်လို ပြုပြင်ရသေးလဲ ပြောပြပေးပါဦး။
ဖြေ ။ ။ မစိုက်ပျိုးခင်တုန်းကတော့ အရင်ဦးဆုံး ပေါင်းမြက်တွေကို မြက်ရိတ်စက်နဲ့ ရိတ်ခဲ့ရတယ်၊ မြက်ရိတ်ပြီးတော့ မြေတွေကို မွသွား အောင် ထွန်စက်နဲ့ထွန်ပြီး ထွန်ပြီးသားမြေကို ညီညာနေအောင် အရင်ဦးဆုံးညှိရတယ်။ ပြီးမှစိုက်ရ တာပေါ့။ အပင်မစိုက်မီ သုံးလခန့်ကြိုတင်ပြီး ကျင်းတွေကို တူးရပါတယ်။ နှစ်ပေပတ်လည် နှစ်ပေ အနက်တူးပြီး နွားချေးနဲ့ မြေဆွေးတွေကို စိုက်ကျင်း အထက် လေးလက်မလောက် မောက်အောင်ဖို့ပြီး မြေနှပ်ထားရတယ်။ ပင်ကြားတန်းကြား အကွာ အဝေးကလည်း တစ်ပင်နဲ့တစ်ပင်ထိမနေစေဖို့ လိုအပ်ပါတယ်။
မေး ။ ။ ဒီလိမ္မော်ပင်က ဘယ်လို မြေအမျိုး အစားမှာ စိုက်ပျိုးဖြစ်ထွန်းပါသလဲ။
ဖြေ ။ ။ မြေသားထုနက်ပြီး သဲကဲ့သို့မဖွာ၊ မစေးသောမြေမျိုးမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်။ လိမ္မော်စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဉ်ငန်ဓာတ်က pH (၆၇) ဖြစ်ရမယ်။ ရေဝပ်သော မြေနဲ့ စိမ့်ပေါက်သောမြေတွေမှာ အပင်မဖြစ်ထွန်း နိုင်ဘူး။
မေး ။ ။ ကျင်းထဲထည့် စိုက်ပျိုးဖို့ ဘယ်အချိန် လောက်မှာ သင့်တော်ပါသလဲ။
ဖြေ ။ ။ ပျိုးပင်သက်တမ်း အနည်းဆုံးတစ်နှစ်ခွဲ ကနေ နှစ်နှစ်သားခန့်ရှိမှ ကျင်းထဲ ထည့် စိုက်ပျိုးသင့်ပါတယ်။ မိုးရွာသွန်းမှုပေါ် မူတည် ပြီး ဇွန်၊ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ စိုက်ပျိုးသင့် ပါတယ်။
မေး ။ ။ အပင်တွေ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးထွားဖို့ ပေါင်းမြက်တွေကို ဘယ်လို ရှင်းပေးရပါသလဲ။
ဖြေ ။ ။ အပင်ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန် နေဖို့ဆိုရင် အပင်ခြေမှာရှိတဲ့ ပေါင်းပင် တွေ၊ မြက်တွေကို အမြဲရှင်းထားရပါတယ်။ အပင် ငယ်ရင်တော့ အပင်ရဲ့ ဘေးပတ်ဝန်းကျင် နှစ်ပေ ပတ်လည်၊ အပင်ကြီးရင်တော့ လေးပေပတ်လည် အထိ ပေါင်းတွေကို ရှင်းရပါတယ်။ မိုးရာသီမှာ ပေါင်းပင်တွေ အလွယ်တကူပေါက်နိုင်လို့ မိုးတွင်း ဆိုရင် မြေကို နှစ်ကြိမ်၊ နွေရာသီဆိုရင် မြက်ပင်က မပေါက်နိုင်တော့ မြေကို တစ်ကြိမ် ဆွပေးရပါ တယ်။
မေး ။ ။ အပင်အတွက် လိုအပ်တဲ့ အာဟာရတွေ အတွက် မြေဩဇာထည့်ပေးရသေး လား။ ထည့်ရရင် ဘယ်လိုမြေဩဇာ သုံးပါသလဲ။
ဖြေ ။ ။ အပင်အတွက် လိုအပ်တဲ့အာဟာရ တွေ အများအားဖြင့် သဘာဝမြေဩဇာ တွေဖြစ်တဲ့ နွားချေးကို ထည့်ကြရပါတယ်။ တချို့က (N:P:K) အချိုးပါတဲ့ မြေဩဇာကို မိုးဝင်ခါစ မေလနဲ့ ဇူလိုင်လမှာ ကျွေးကြရပါတယ်။
မေး ။ ။ အပင်တွေ ပိုးမွှားရောဂါဒဏ်ကနေ ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ။
ဖြေ ။ ။ အများအားဖြင့်တော့ ဒီလိမ္မော်ပင်ကို ရွက်ထွင်းပိုး၊ ပျ၊ ပိုးစေးနှဲ၊ လှေပိုးတွေက အများဆုံး ကျရောက်တတ်တာကြောင့် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရပါတယ်။ သီးလုံးပုပ် ရောဂါ၊ ရွက်ပြောက်မှိုရောဂါတွေ မကျဖို့ အတွက် ဩဘာကထုတ်တဲ့ ဖန်ဂိုရမ်၊ ဂျက်ကက်၊ မန်ကိုမက်တွေကို စနစ်တကျဖော်စပ်ပြီးမှ နည်းစနစ် မှန်မှန် မကြာခဏ ဖျန်းပေးရပါတယ်။
မေး ။ ။ ဒီလိမ္မော်ကို ဘယ်အချိန်လောက်မှာ အများဆုံး ခူးဆွတ်ကြရပါသလဲ။ ဘယ်ကိုတင်ပို့ရောင်းချကြပါသလဲ။ ပြည်တွင်း အပြင် ပြည်ပကိုပို့ဖို့ အစီအစဉ်ရှိပါလားသလား။
ဖြေ ။ ။ ကျွန်တော်တို့ဒေသက လိမ္မော်သီးကို တော့ အောက်တိုဘာလကနေစပြီး ခူးဆွတ်ရောင်းချရပါတယ်။ ဒီဇင်ဘာလလောက်ဆို အသီးတွေ သိပ်မရှိတော့ဘူး။ တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး ပင်လောင်းမြို့နယ်ထဲမှာရှိတဲ့ ငါးရက် တစ်ဈေး၊ လွိုင်ကော်၊ အောင်ပန်းကုန်စည်ဒိုင် အဲဒီ ကနေတစ်ဆင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မြန်မာနိုင်ငံအနှံ့အပြားတော့ တင်ပို့ရောင်းချရတယ်။ ကျွန်တော်တို့လို တောင်သူတွေအနေနဲ့၊ လုပ်ငန်း ရှင်ကြီးတွေနဲ့ ချိတ်ပြီးမှ ပြည်ပနိုင်ငံတွေကို တင်ဖို့ ရောင်းချနိုင်ဖို့အတွက် ကြိုးစားကြရဦးမယ်။
မေး ။ ။ အသီးအရွယ်အစားအလိုက် ဈေးနှုန်း တွေ သတ်မှတ်ထားတယ်လို့ သိရပါ တယ်။ အသီးအရွယ်အစားကို ဘယ်လိုသတ်မှတ်ပြီး ဈေးနှုန်းတွေအနေနဲ့ရော ဘယ်လိုရောင်းချရပါ သလဲ သိပါရစေ။
ဖြေ ။ ။ အသီးတွေကို အရွယ်အစားအနေနဲ့ တစ်၊ နှစ်၊ သုံး၊ လေးဆိုပြီး ဆိုက်လေးမျိုး ရှိတယ်။ တစ်ဆိုက်ကိုတော့ တစ်ပိဿာကို ကျပ် ၄၅၀၀-၅၀၀၀ ရောင်းရတယ်၊ နံပါတ်နှစ်ဆိုက် ကတော့ ကျပ် ၃၀၀၀-၄၀၀၀၊ နံပါတ်သုံးဆိုက်က ကျပ် ၂၀၀၀-၂၇၀၀၊ နံပါတ်လေးဆိုက်ကတော့ ကျပ် ၁၀၀၀-၁၅၀၀ ထိ အသီးအရွယ်အစားအပေါ် မူတည် ပြီး အမျိုးမျိုးရောင်းရပါတယ်။
မေး ။ ။ အစ်ကိုတို့အနေနဲ့ ဒီလိမ္မော်ကို တစ်ပိုင် တစ်နိုင်စိုက်ပျိုးတာလား၊ စီးပွားဖြစ် စိုက်တာလား သိရပါစေ။
ဖြေ ။ ။ ဒီလိမ္မော်ခြံက အပင်ပေါင်း ၁၂၀၀ ကျော် ရှိတယ်ဆိုတော့ စီးပွားဖြစ်စိုက်ပျိုး ထားတာပါ။ တစ်နှစ်ပတ်လုံးရောင်းချပြီး စာရင်း အကုန်ချုပ်ရင်တော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်တော့ ကျန်ပါတယ်။ ဒီလိမ္မော်စိုက်ပျိုးပြီး အဲဒီလောက် ကျန်တော့ မိသားစုစားဝတ်နေရေးအတွက် အဆင် ပြေပါတယ်။
မေး ။ ။ တခြား လိမ္မော်မစိုက်ဘဲ ဝင်ငွေနည်း တဲ့ တောင်သူတွေကို ဒီလိမ္မော်စိုက်ပျိုး ဖို့ ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ ။ ။ ဒီလိမ္မော်ပင်က နှစ်ရှည်ပင်ဖြစ်တဲ့ အတွက် နှစ်ကာလကြာမှ တစ်ကြိမ် သာ စိုက်ပျိုးရတဲ့အတွက် မစိုက်ပျိုးရသေးတဲ့ တောင်သူတွေကို စိုက်ပျိုးစေချင်ပါတယ်။ စစိုက်ပျိုး ပြီး ငါးနှစ်လောက်နေရင် အသီးသီးပြီး နှစ်စဉ်မိသားစု ဝင်ငွေရနေတာကြောင့် စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးပြီး ရင်လည်း အခင်းကြီးကို ပစ်မထားဘဲ သေချာဂရုစိုက် ထိန်းသိမ်းကာကွယ်ဖို့ ဒါမှလည်း ဝင်ငွေနည်းတဲ့ တောင်သူတွေအနေနဲ့ မိသားစုဝင်ငွေတွေ ကောင်းမွန် လာမှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ တောင်သူများ မိသားစုဝင်ငွေ ရရှိပြီး လူနေမှုဘဝမြင့်မားစေရန်အတွက် နှစ်စဉ် ပုံမှန်ဝင်ငွေရရှိနေကြသည့် ပင်လောင်းမြို့နယ်ထဲက စိမ်းစိုလှပပြီး သာယာလှပသည့် ထာငိုရွာမှ လိမ္မော် သီး စိုက်ပျိုးရောင်းချနေမှုအကြောင်းကို ရေးသား တင်ပြလိုက်ရပါသည်။ ။
v v v