ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးသာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

 

 

နေပြည်တော်  မတ်   ၁၂


ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌  ကျင်းပသည်။


အစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ  တက်ရောက်ကြသည်။   


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံ တော်အနေဖြင့်    လယ်ယာကဏ္ဍ    ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဈေးကွက်စီးပွားရေးနှင့်အညီ မူဝါဒများချမှတ်ပေးခြင်းနှင့် တည်ဆဲ ဥပဒေများနှင့်အညီ   ထိန်းကျောင်းကြပ်မတ်ပေးခြင်း၊   ကုန်သွယ်မှု သဘောတူညီချက်များရရှိရေး ဆောင်ရွက်ပေးခြင်း စသည့်ပုဂ္ဂလိက ပိုင်း၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက် လိုအပ်ချက်ကို မျှော်မှန်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်လိုကြောင်း ၊ ပြည်သူလူထု၏ နေ့စဉ်စားသုံးမှုတွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးသာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အတွက် သက်ဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။ 


တိုးချဲ့စိုက်ပျိုးရေးကြိုးပမ်း


မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိနေသော်လည်း ပြည်တွင်း၏ ဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီ နှစ်မျိုးကိုသာ အဓိကထုတ်လုပ်သုံးစွဲမှုရှိနေကြောင်း၊   ဆီစက်လုပ်ငန်းရှင်များအနေဖြင့်   ခေတ်မီ အဆင့်မြင့်  ဆီစက်လုပ်ငန်းတွင်  ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဆိုပါက လက်ရှိ ဆီကြိတ်ထုတ်လုပ်မှု၏ ဆီကြိတ်ဖတ်များတွင် ကျန်ရှိနေသည့် ဆီ ၁၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အပြင် ဆီကြိတ်ဖတ်များ ကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် မွေးမြူရေးတိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဖွဲနု၊ ဝါစေ့နှင့် ပဲပုပ်ကဲ့သို့သော ဆီများထုတ်လုပ်နိုင်ခြင်းဖြင့်     ဘက်စုံမှအကျိုးရှိလာနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့်   ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အလားတူ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အချိန်တိုအတွင်း      သိသာစွာဖြည့်ဆည်းပေးနိုင်ရန်     တစ်ဧက၏ ဆီထုတ်လုပ်မှုအမြင့်ဆုံးသီးနှံဖြစ်သည့် စပ်မျိုးနေကြာသီးနှံ စိုက်ပျိုး ခြင်းကို လာမည့်စိုက်ပျိုးရာသီမှစတင်၍ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များအပိုင်းက နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ရေး၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ခေတ်မီဆီစက် လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက    သက်ဆိုင်ရာကဏ္ဍများအလိုက်   လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများ၊ နှစ်အလိုက် ဆီထုတ်လုပ်မှု၊ ရောင်းချမှုနှင့် စားသုံးမှုအခြေ အနေများ၊ တိုင်းဒေသကြီး ပြည်နယ်များအလိုက် နေကြာအထူးဇုန်များ ထူထောင်ဆောင်ရွက်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေးနှင့် နေကြာဆီ ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ 


ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ ဧက ၇၆ သိန်းကျော်ရှိ


ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိလာသော နေကြာဆီကို ပြည်တွင်း ဈေးကွက်၌ ရောနှောဆီအဖြစ်သာ ရောင်းချနေမှုများရှိနေပြီး  ပြည်ပမှ တင်သွင်းလာသော      နေကြာဆီများဈေးကွက်တွင်     ကျယ်ပြန့်စွာ ဝင်ရောက်ရောင်းချနေသည်ကို    တွေ့ရှိနေရကြောင်း၊  သို့ဖြစ်ရာ ပြည်တွင်းစားသုံးမှုတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဈေးနှုန်းသက်သာ စွာ အသုံးပြုနိုင်ရန် နေကြာဆီထုတ်လုပ်နိုင်ရေးအတွက် မိုးနေကြာနှင့် ဆောင်းနေကြာ စုစုပေါင်းစပ်မျိုးနေကြာစိုက်ဧရိယာ ဧက ၁ ဒသမ ၅ သန်း  စိုက်ပျိုးရေးထုတ်လုပ်နိုင်ရန်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များအသင်းအဖွဲ့များဘက်က ပေါင်းစပ်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဖော်ထုတ်နိုင်ရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်  မြေပဲစိုက်ဧက  ၂၈  သိန်းကျော်၊ နှမ်း စိုက်ဧက ၃၇ သိန်းကျော်နှင့် နေကြာစိုက်ဧက  ၆  သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ ဧက ၇၆ သိန်းကျော်ရှိကြောင်း၊ မြေပဲ တစ်ဧက၏ ဆီထွက်နှုန်းမှာ ၁၈၆ ကီလိုဂရမ်၊ နှမ်းတစ်ဧက၏ ဆီထွက် နှုန်းမှာ ၉၁ ကီလိုဂရမ်၊ စပ်မျိုးနေကြာတစ်ဧက၏ ဆီထွက်နှုန်းမှာ ၂၈၈ ကီလိုဂရမ်ကျော် ထွက်ရှိနိုင်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် စပ်မျိုးနေကြာ အတွက် လိုအပ်သောမျိုးရရှိရေး၊ နည်းပညာနှင့် လိုအပ်ချက်များ ပံ့ပိုး ပေးနိုင်ရေးအပြင် အခြားသောသက်သာခွင့်များ ဖြည့်ဆည်းပေးနိုင်ရေး ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                            

သတင်းစဉ်