ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

 

နေပြည်တော်   မတ်  ၁
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်များ ခေါင်းပုံဖြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
 တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်  မြိတ်တောင်ရပ်ကွက်နေ ညီညီစံ(ခ)သားညီနှင့်  ဇော်မင်းနိုင်တို့က  ရန်ကုန်တိုင်းဒေသကြီး  ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေ မ----(၂၄ နှစ်)အား မြိတ်မြို့ရှိ  KTV ဆိုင် တွင် အရက်ရောင်းပြီး အခန်းတစ်ခါဝင်ပါက  ငွေကျပ်  ၁၀၀၀ နှင့် မုန့်ဖိုး များရကြောင်း ပြောဆိုစည်းရုံး၍ KTV သို့ ပို့ဆောင်ခဲ့ပြီး လွတ်လပ်စွာ သွားလာခွင့်မပေးဘဲ ပိတ်လှောင်ကာပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ၍  ငွေကြေးအကျိုးအမြတ်များအား  ခေါင်းပုံဖြတ်ရယူခဲ့သဖြင့်   မြိတ်မြို့မ ရဲစခန်း (ပ) ၁၁၄၂/ ၂၀၂၀၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေး  ဥပဒေ ပုဒ်မ ၂၄ ဖြင့်   အမှုရေးဖွင့်ခဲ့ပြီး   မြိတ်ခရိုင်တရားရုံးသို့   တရားစွဲတင်ပို့ ခဲ့ရာ  ဖေဖော်ဝါရီ ၂၈ ရက်တွင် တရားခံ ညီညီစံ(ခ)သားညီနှင့် ဇော်မင်းနိုင် တို့အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။                       သတင်းစဉ်