
နေပြည်တော် ဩဂုတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ-တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ- ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီကျင်းပသည့် အစည်းအဝေးများသို့ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ အစည်းအဝေးများတွင် အာဆီယံနှင့် သက်ဆိုင်ရာ ဆွေးနွေး ဖက်နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံနှင့် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများအကြား အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အလေးပေး ဆွေးနွေးပြောကြား
အာဆီယံ-ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Chung Eui-yong တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေး နယ်ပယ်သုံးရပ်ဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့် အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များကို အခြေခံလျက် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၊ ရေရှည်တည်တံ့သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖော်ဆောင်ရေးတို့မှတစ်ဆင့် စီးပွားရေး ပြန်လည်ထူထောင်ရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် အလေးပေး ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) အတည်ပြု ခဲ့သည့် နိုင်ငံများကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း RCEP သဘောတူညီချက် စာပိုဒ် ၂၀.၅ နှင့် ၂၀.၆ နှင့်အညီ အတည်ပြု ပါဝင်ထား ကြောင်း အစည်းအဝေးသို့ အသိပေးခဲ့သည်။
ဆက်လက်၍ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို တစ်ဆက်စပ်တည်း ကျင်းပခဲ့ရာ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး H.E. Teodoro Locsin Jr နှင့် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Wang Yi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား အိမ်နီးချင်းကောင်း ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှု၊ ထောက်ပံ့မှုနှင့် အကျိုးဖြစ်ထွန်းစေမှုတို့ဖြင့် အာဆီယံ- တရုတ် ဆွေးနွေး ဖက်ဆက်ဆံရေး၏ နှစ်ပေါင်း (၃၀) ကျော်ခရီးတွင် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိခြင်းကို ကျေနပ်အားရမှုရှိကြောင်း၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး နှစ်ပတ်လည်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးကို ကြိုလင့်လျက် ၂၀၂၂ ခုနှစ်အတွက် ဆွေးနွေးဖက် ဆက်ဆံရေး၏ ဦးတည်ချက်ဆောင်ပုဒ်အဖြစ် "စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု" (Sustainable Development Cooperation) ကို ဆက်လက်ဖော်ဆောင်ရန် တရုတ်နိုင်ငံ၏ အဆိုပြု ချက်ကိုလည်း ကြိုဆိုကြောင်း၊ ကိုဗစ်-၁၉ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ စီမံကိန်းများအတွက် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေတို့တွင် တရုတ်နိုင်ငံမှ ထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ဆက်စပ် ဆေးပစ္စည်း အထောက်အပံ့များ လှူဒါန်းခြင်းအတွက်လည်း ကျေးဇူး တင်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
ကတိပြုပြောကြား
အစည်းအဝေးအပြီးတွင် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး၏ ညှိနှိုင်းရေးနိုင်ငံအဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး၏ ညှိနှိုင်းရေး နိုင်ငံ အသစ်အဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန် ကောင်းလျက်ရှိသည့် ဆွေးနွေးဖက် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းလျက် နှစ်ဖက်ပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွား မြှင့်တင်ပေးမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရန် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံတို့နှင့်အတူ နီးကပ်စွာ လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် အာဆီယံ-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပခဲ့ပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး H.E. Bui Thanh Son နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Toshimitsu Motegi တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင် ကျင်းပခဲ့ကြသည်။ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံ နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ တုံ့ပြန်ရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်ရေးနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် - ၄ (Initiative for ASEAN Integration- IAI Work PlanIV) ဖော်ဆောင်ရာတွင် ဂျပန်နိုင်ငံ၏ ဆက်လက်ထောက်ပံ့မှုများကို ကြိုဆို ပါကြောင်း ဆွေးနွေးပြောကြားသည်။
ပါဝင်တက်ရောက်
(၂၂) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အပေါင်းသုံးနိုင်ငံ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံ)တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ နိုင်ငံခြားရေး ဝန်ကြီးများသည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များ၊ အာဆီယံ အပေါင်းသုံးမူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ရှေ့လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ရေး၊ ကာကွယ်ဆေး သာတူညီမျှရရှိရေး၊ ကုန်ထုတ်စွမ်းအင်ဆုံးရှုံးမှု သက်သာစေရန် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးလာစေရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ ကုန်စည်စီးဆင်းမှု စီမံခန့်ခွဲမှုများကို မြှင့်တင်ရေးတို့သည် အရေးကြီးကြောင်း အလေးပေးပြောကြားသည်။ အဆိုပါ အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်