ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ- ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်

 

 

နေပြည်တော်   ဇူလိုင်   ၆


အာဆီယံ- ရုရှားနိုင်ငံခြားရေးဝန်ကြီးများ   အထူးအစည်းအဝေးကို ယနေ့တွင်   Video Conferencing စနစ်ဖြင့်   ကျင်းပရာ   နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်သည်။
ယင်းအစည်းအဝေးကို    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ 
 အမြင်ချင်းဖလှယ်ဆွေးနွေး
အစည်းအဝေးတွင်  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ  တိုက်ဖျက်ရေး၊     ကူးစက်ရောဂါကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် အာရှပစိဖိတ်ဒေသတွင်း  ဗိသုကာကိစ္စနှင့် ရုရှားနိုင်ငံက အာဆီယံ- ရုရှား  အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးအဆိုပြုထားသည့်ကိစ္စတို့နှင့်ပတ်သက်၍   အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေနှင့်  ကူးစက်ရောဂါတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်
ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးက   ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့်အညီ  Green Recovery ရရှိရေး အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ရေး၊  ခရီးသွားကဏ္ဍ ပြန်လည် ဖွံ့ဖြိုးမှုမှတစ်ဆင့် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့်    ဆက်သွယ်ရေး၊   သတင်းအချက်အလက်နှင့် နည်းပညာများကိုအသုံးချပြီး ဖြစ်ပေါ်လာနိုင်သည့်   လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအပေါ်     ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။  ပြောင်းလဲ လာသော ဒေသတွင်း  ဗိသုကာတွင် အာဆီယံ၏ အချက်အချာကျမှုကို အလေးထား၍   အာရှပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် အိန္ဒိယသမုဒ္ဒရာ နိုင်ငံများသည် ယခုထက်ပိုမို ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွား ရန်လိုအပ်ကြောင်းကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
 ရှေ့လုပ်ငန်းစဉ် တစ်ခုဖြစ်
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်  (၅) ရပ်သည် မြန်မာနိုင်ငံ၌ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်သော ဒီမိုကရေစီ  ပြန်လည်တည်ထောင်နိုင်ရေးအတွက်  ရှေ့လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။                           သတင်းစဉ်