ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၁၁)ကြိမ်မြောက် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်

နေပြည်တော်   စက်တင်ဘာ   ၈


နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်     ယနေ့   မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ပြုလုပ်သည့် (၁၁)ကြိမ် မြောက်     မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေး    (11th Mekong-Korea Cooperation Foreign Ministers Meeting)သို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် မှ ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီး    Mr. Prak Sokhonn နှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Chung Eui-yong တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ပြီး မဲခေါင်-ကိုရီးယားပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊    မြန်မာ၊  ထိုင်းနှင့်   ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက မဲခေါင်-ကိုရီးယား  ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြ ပြီး  အနာဂတ်တွင်   ပူးပေါင်းလုပ်ငန်းစဉ်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကိုရီးယားသမ္မတ နိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများက မြန်မာနိုင်ငံအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ နှင့် ငွေကြေးအကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူး တင်ရှိကြောင်း၊  ထိရောက်စိတ်ချရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   နိုင်ငံအားလုံးရရှိရေး လုပ်ငန်းစဉ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ တက်ကြွစွာ ပါဝင်မှု အခန်းကဏ္ဍကို ချီးကျူးကြောင်း၊  မဲခေါင်နိုင်ငံ များ၏   ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ   အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်မှုများအား အထောက် အပံ့ဖြစ်စေရန် ကိုရီးယားသမ္မတနိုင်ငံမှ တရားဝင် ဖွံ့ဖြိုးမှုအကူအညီများ (Official Development Assistance-ODA)   ပေးအပ်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင် နိုင်ငံများ၌    ပူးပေါင်းဆောင်ရွက်မှု  စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက်   ကိုရီးယား သမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက် မှုရန်ပုံငွေသို့ နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုများနှင့် ယခု နှစ်အတွက် အမေရိကန်ဒေါ်လာ လေးသန်း ထည့်ဝင်မှု အား ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမှ မြန်မာ နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၌ အကောင်အထည် ဖော်မည့် “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေစီမံကိန်း (ပဉ္စမအသုတ်)”  အား အတည်ပြု ခြင်းကို ကြိုဆိုကြောင်းလည်း ပြောကြားခဲ့သည်။ 

ထို့ပြင်    ပြည်ထောင်စုဝန်ကြီးက   မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်ကာလကို ကြိုဆိုသည့်အနေဖြင့် ၂၀၂၁ ခုနှစ်အား မဲခေါင်-ကိုရီးယား ချစ်ကြည်ရေးနှစ် (Mekong-ROK Exchange Year 2021) အဖြစ် သတ်မှတ်ထားခြင်းအား ၂၀၂၂ ခုနှစ်သို့ ဆက်လက် တိုးမြှင့်သတ်မှတ်သွားမည့်အစီအစဉ်ကို ထောက်ခံ ခဲ့ပြီး မြန်မာနိုင်ငံတွင်  တည်ဆောက်မည့် “မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ”မှ မဲခေါင်ဒေသ တွင်း ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင် မည်ကို ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးက  အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍   ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ မျိုးကွဲအသစ်များ ကူးစက် ပျံ့နှံ့မှုအပါအဝင်    ဖြစ်ပေါ်လာနိုင်သည့်   ကူးစက် ရောဂါများအား ကာကွယ် ထိန်းချုပ်ကုသနိုင်ရန်အတွက် ကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားရန်၊ အဖွဲ့ဝင်နိုင်ငံများတွင် ခံနိုင်ရည်ရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အထောက် အကူပြုနိုင်ရန်အတွက် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုယန္တရားအား အဆင့်မြှင့်တင်သွားရန် နှင့် လူငယ်များအတွက် အဆင့်မြင့်ပညာရေးကဏ္ဍနှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် သွားရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။  


အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့သည်။ 
အစည်းအဝေးမှ (၁၁) ကြိမ်မြောက်    မဲခေါင်- ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၏ ပူးတွဲသဘာပတိထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် “မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေ (ပဉ္စမအသုတ်)”    စီမံကိန်း ခုနစ်ခုကို အတည်ပြုရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စီမံကိန်းတစ်ခု ပါဝင်ခဲ့သည်။   အဆိုပါစီမံကိန်းကို   မော်လမြိုင် တက္ကသိုလ်က   အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး  မွန်ပြည်နယ်အတွင်း  ရွှေ့ပြောင်းသွားလာနေထိုင်သူများက စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်    သက်ရောက်မှု အား လေ့လာသုတေသနပြုသွားမည်ဖြစ်သည်။ 


မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့်    ကမ္ဘောဒီးယား၊ လာအို၊   မြန်မာ၊  ထိုင်း၊  ဗီယက်နမ်နိုင်ငံများနှင့် ကိုရီယားနိုင်ငံတို့အကြား  အပြန်အလှန်   အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် လုပ်ငန်း စဉ်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိသည်။

 

 သတင်းစဉ်