
နေပြည်တော် ဇူလိုင် ၁၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများထုတ်လုပ် နေမှုနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု၊ မိတ္ထီလာ-နေပြည်တော် - တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသ ကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ မြန်မာသံတော်မြတ်ကုမ္ပဏီလီမိ တက်၏ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံရှိ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး ကုမ္ပဏီတာဝန်ရှိ သူများကို ပြည်ထောင်စုဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် အခြေခံ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားများအား အလျင်မီမီ ထုတ်လုပ် ဖြန့်ဖြူး၍ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေ ရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အထူးအလေးထားဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၃ အနီး လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းနှင့် မိတ္ထီလာ - နေပြည်တော် - တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ယာယီ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ရရှိသည့်ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုံခြုံရေးတို့ကို အထူးအလေးထားဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင် အတွင်း ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
(Back Bone)အနေဖြင့် အသုံးပြု
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယခုဆောင်ရွက်လျက်ရှိသော ၅၀၀ ကေဗွီအေ ဓာတ်အားလိုင်းစီမံကိန်းသည် ယခုအချိန်တွင် ဓာတ်အား အများဆုံးထွက်ရှိရာ မြန်မာပြည်မြောက်ပိုင်းမှသည် ဓာတ်အားအများ ဆုံးအသုံးပြုရာ မြန်မာပြည်တောင်ပိုင်းသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့လွှတ်ရာတွင် ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်း တစ်လိုင်း အပြစ်ဖြစ်လျှင် အရန်ဓာတ်အားလိုင်းမရှိ၍ System Break-down ဖြစ်ပွားခြင်း စသည့်အားနည်းချက်များ ဖြစ်ပေါ်နေသည့် အတွက် ပင်မကျောရိုး ဓာတ်အားလိုင်း(Back Bone) အနေဖြင့် အသုံးပြုရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်